Wednesday, February 17, 2016

ပုဂံ-ကျောက်ပန်းတောင်းရထားကို တစ်ရက် ဆယ်သိန်းဖြင့် ခရီးသွား ကုမ္ပဏီနှစ်ခု စင်းလုံးငှား ----------------------------------

ပုဂံ-ကျောက်ပန်းတောင်းရထားကို တစ်ရက် ဆယ်သိန်းဖြင့် ခရီးသွား ကုမ္ပဏီနှစ်ခု စင်းလုံးငှား ---------------------------------------------- ရန်ကုန်၊ဖေဖော်ဝါရီ ၁၆ ပြည်ပခရီးသွားများအတွက် အထူးစီစဉ်ထားသည့် ရေနွေးငွေ့စက်ခေါင်း အသုံးပြု ပြေးဆွဲသည့် ပုဂံ-ကျောက်ပန်းတောင်း ရထားတွဲကို ခရီးသွား ကုမ္ပဏီများက တစ်ရက်လျှင် ကျပ်ဆယ်သိန်းဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပထမဆုံးအကြိမ် စင်းလုံးငှားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ “Tour ကုမ္ပဏီနှစ်ခုက ဒီလနဲ့ မတ်လမှာ ငှားမှာဖြစ်ပါတယ်။ ရက်အတိအကျက ရုံးကို စာမရောက်သေးတဲ့အတွက် ပြောလို့မရသေးဘူး။ တစ်ရက်ကို ၁ဝ သိန်းအပြင် ဆီပါစိုက်ရမှာပါ”ဟု မြန်မာ့မီးရထား (စီးပွားရေးဌာန) အထွေထွေမန်နေဂျာ ဦးအောင်မြင့်လှိုင်က ဆိုသည်။ ရေနွေးငွေ့စက်ခေါင်းရထားသည် ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ တစ်လလျှင် လေးခေါက်နှုန်းဖြင့် ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင် ခွင့်ပြုခဲ့ပြီးနောက် အရှုံးပေါ်၍ သုံးခေါက်သာပြေးဆွဲခဲ့ကာ ခရီးသည်ပို့ဆောင်ပြေးဆွဲမှုရပ်ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် စင်းလုံးငှားရမ်းခြင်း စတင်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနထံမှ သိရသည်။ အဆိုပါရထားသည် ခရီးသည် ၉ဝ ခန့် စီးနင်းနိုင်ပြီး ငှားရမ်းသည့်ကုမ္ပဏီကို လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ ဘုရားဖူး ရထားကဲ့သို့ အသုံးပြုနိုင်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဘယ်သူ့ကိုမှ ပုံသေပေးမထားဘူး။ ရထားကို ပုဂံမှာ ထားထားတယ်။ ငှားမယ့်သူရှိရင် သတ်မှတ်ထားတဲ့နှုန်းထားပေးရမှာ ဖြစ်ပါတယ်။ ခရီးစဉ်အနေနဲ့ ကျောက်ပန်းတောင်းကို ရောက်ရင် ပုပ္ပါးကို လည်မယ်။ ပြီးရင် ပုဂံကို ပြန်မောင်းလာရမှာပါ”ဟု ဦးအောင်မြင့်လှိုင်က ဆိုသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို နိုင်ငံခြားသားများ စိတ်ဝင်စားမှုရှိရန် လုပ်ဆောင်ရာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်ပြီး သင့်တင့်သည့်သတ်မှတ်နှုန်းထား ကို ပြန်လည်ညှိနှိုင်းစေချင်ကြောင်း Nature Dream Travel & Tours ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စံပယ်အောင်က ပြောကြားသည်။ “အစိုးရအနေနဲ့ စီးပွားရေးတစ်ခုထဲကို မကြည့်ဘဲနဲ့ ခရီးသွားကုမ္ပဏီတွေကို ပံ့ပိုးကူညီသင့်တယ်။ ဧည့်သည်တွေ မရှိရင် အရင်းကျေအောင် ပြန်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ သက်သာတဲ့နှုန်းဖြစ်အောင် ဝန်ကြီးဌာနနှစ်ခုက ဆောင်ရွက်ပေးစေချင်တယ်”ဟု ၄င်းက ဆိုသည်။ ယင်းရေနွေးငွေ့စက်ခေါင်းအသုံးပြု ပုဂံ-ကျောက်ပန်းတောင်းရထားကို မည်သူမဆို ငှားရမ်းနိုင်ပြီး သတ်မှတ်နှုန်းအတိုင်း နိုင်ငံခြားသားများကိုလည်း ငှားရမ်းခွင့်ပြုထားကြောင်း၊ ခရီးသွားကုမ္ပဏီများအနေနှင့် ငှားရမ်းမှုများနိုင်ကြောင်း မြန်မာ့ မီးရထားထံမှ သိရသည်။

No comments: