Tuesday, February 2, 2016

နိုင်ငံတကာမီဒီယာများကပြောသော မြန်မာ့လွှတ်တော် ---------------------------------------

နိုင်ငံတကာမီဒီယာများကပြောသော မြန်မာ့လွှတ်တော်
---------------------------------------

`မြန်မာ့လွှတ်တော်အသစ် အစည်းအဝေးစတင်ခေါ်ယူ´
စစ်အာဏာရှင်စနစ် အဆုံးသတ်
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်အသစ်များသည် ယနေ့
နေပြည်တော်တွင်စတင်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမနေ့
အစည်းအဝေးသို့ စတင်တက်ရောက်လာ ကြပြီး နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပထမဆုံး
ဒီမိုကရေစီနည်းကျ အစိုးရအဖွဲ့ကို တင်မြှောက်နိုင်ရန် ပြင်ဆင်တော့မည် ဖြစ်သည်။

ယခုစတင်သည့်လွှတ်တော်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ
လွှတ်တော်အမတ်များက အများစုနေရာယူထားသည်မှာ မှန်သော်လည်း လွှတ်တော်
အမတ်နေရာ ၂၅ရာခိုင်နှုန်းကို ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သား
ကိုယ်စားလှယ်များက နေရာယူထားဆဲ ဖြစ်သည်။

လွှတ်တော်အသစ်၏ ပထမဆုံးလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများထဲတွင် သမ္မတသစ် ရွေးကောက်တင်မြှောက်ရေးမှာလည်း တစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိသမ္မတဦးသိန်းစိန်မှာ  မတ်လကုန်တွင် ရာထူးမှဆင်းပေးရတော့မည်ဖြစ်သည်။

နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သည့် NLD ပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေအရ
သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကန့်သတ်တားမြစ်ခံထားရသည်။

သို့ရာတွင် သမ္မတအသစ်မှတစ်ဆင့် သူမ၏ အကြံဥာဏ်များအတိုင်း တိုင်းပြည်ကို
အုပ်ချုပ်နိုင်ရန် နည်းလမ်းရှာလုပ်ဆောင်သွားမည်ဟု ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

မြန်မာသမ္မတအသစ် မည်သူဖြစ်မည်ဆိုသည်မှာ လက်ရှိအချိန်ထိ လျှို့ဝှက်ချက်တစ်ရပ်
အဖြစ်ရှိနေဆဲဖြစ်ပြီး မြန်မာနိုင်ငံသားများသာမက  ပြည်ပနိုင်ငံများမှ မြန်မာ့အရေး
စိတ်ဝင်စားသူများကပါ အထူးတလည် စိတ်ဝင်စားလျက်ရှိသည်။
(BBC)

`ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီ ဦးဆောင်သည့်  မြန်မာ့လွှတ်တော်အသစ်၏
သမိုင်းဝင်အစည်းအဝေး စတင်´
ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီဦးဆောင်သည့်
မြန်မာ့လွှတ်တော်အသစ်၏ ပထမဆုံး နှင့် သမိုင်းဝင်အစည်းအဝေးမှာ ယနေ့စတင်ပြီ
ဖြစ်ပြီး နှစ်ပေါင်း ၅ဝကျော်အတွင်း ပထမဆုံး ဒီမိုကရေစီ နည်းကျစစ်စစ် သမ္မတအသစ်ကို ရွေးချယ်တင်မြှောက်တော့မည် ဖြစ်သည်။

ယခု ဦးဆောင်သည့်လွှတ်တော်သည် ၁၉၆၂ ခုနှစ်မှစတင်ကာ တိုင်းပြည်ကို တိုက်ရိုက်နည်းဖြင့်ရော၊ သွယ်ဝိုက်သည့်နည်းဖြင့်ပါ စစ်တပ်က အုပ်ချုပ်နေခဲ့ခြင်းကို အဆုံးသတ်နိုင်မည့် အလှည့်အပြောင်းတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂ဝ၁ဝ ခုနှစ်တွင် စစ်တပ်က အထွေထွေရွေးကောက်ပွဲကျင်းပပြီး
အရပ်သားအစိုးရထံ အာဏာလွှဲပေးရန်ဆုံးဖြတ်ခဲ့ပြီး နောက် ၂ဝ၁၁ ခုနှစ်မှစတင်ကာ
ဒီမိုကရေစီလမ်းကို စတင်လျှောက် လှမ်းခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် စစ်တပ် ကျောထောက် နောက်ခံပြု ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပြီးနောက်  သမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသိန်းစိန်သည် မတ်လအကုန်တွင် သမ္မတသစ်ကို အာဏာလွှဲ ပြောင်းပေးသွားမည် ဖြစ်သည်။

NLD ပါတီသည် ၂ဝ၁၅ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း
လွှတ်တော်အတွင်းတွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သား ကိုယ်စားလှယ်
၂၅ ရာခိုင်နှုန်းကို နေရာပေးထားရဦးမည်ဖြစ်သည်။
(LA Times)

`ဒီမိုကရေစီအစိုးရစစ်စစ်တင်မြှောက်မည့် မြန်မာ့ လွှတ်တော်အသစ်၏ အစည်းအဝေး
ပထမဆုံးနေ့ စတင်´
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLDပါတီမှ
ရာနှင့်ချီသော လွှတ်တော်အမတ်များသည် ယနေ့ ပြည်သူ့လွှတ်တော်တွင် ကျမ်းကျိန်
လိုက်ကြပြီး ဒီမိုကရေစီအစိုးရအဖွဲ့စစ်စစ်တစ်ရပ်ကို ရွေးချယ်တင်မြှောက်ရန် စတင်
လုပ်ဆောင်တော့မည် ဖြစ်သည်။

NLD ပါတီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သည့် သမိုင်းဝင်
ရွေးကောက်ပွဲတွင် ၈ဝရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့စည်းခွင့် ရရှိထားခဲ့ခြင်း
ဖြစ်သည်။

'' ဒါဟာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ပြည်သူလူထုက အမှန်တကယ်ရွေးကောက်
တင်မြှောက်ထားတဲ့ ပထမဆုံးလွှတ်တော်ပါ'' ဟု ၈၈ မျိုးဆက် ကျောင်းသားအဖြစ်
နှစ်ပေါင်း ၂ဝကျော် ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး ယခုအခါတွင် လွှတ်တော်အမတ်
တစ်ယောက် ဖြစ်လာပြီဖြစ်သည့် ပြုံးချိုက ပြောကြားသည်။

မြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားသည့် မျှော်လင့်ချက်များမှာ
အလွန်မြင့်မားလျက်ရှိနေပြီး တိုင်းပြည်၏ ပြဿနာအရပ်ရပ်ကို ကိုင် တွယ်ဖြေရှင်းပေးနိုင်ရန် မျှော်လင့်လျက်ရှိသည်။

NLD ဦးဆောင်ဖွဲ့စည်းမည့် မြန်မာအစိုးရသစ် အနေနှင့် ကျဆင်းလျက်ရှိသော စီးပွားရေး၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရှိရေးစသည့် စိန်ခေါ်မှုများကို
ကိုင်တွယ်ဖြေရှင်းသွားရမည် ဖြစ်သည်။
(Reuters)

No comments: