Tuesday, February 2, 2016

၂ဝ၁၆ မော်တော်ယာဉ်တန်ဖိုးသတ်မှတ်ချက်ထုတ်ပြန်၊ လူသုံးများသည့် မော်တော်ယာဉ်များ နှုန်းထားမြင့်တက်

၂ဝ၁၆ မော်တော်ယာဉ်တန်ဖိုးသတ်မှတ်ချက်ထုတ်ပြန်၊ လူသုံးများသည့် မော်တော်ယာဉ်များ နှုန်းထားမြင့်တက်
--------------------------------------------------------
ရန်ကုန်၊ ဖေဖော်ဝါရီ ၁

၂ဝ၁၅ ခုနှစ်အတွက် တန်ဖိုးမထုတ်ပြန်ခဲ့သည့် ဆိပ်ကမ်းအရောက်မော်တော်ယာဉ်တန်ဖိုး(CIF)ကို ယခု ၂ဝ၁၆ ခုနှစ်အတွက်  Average Value-AV တန်ဖိုးအဖြစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး အများပြည်သူ ကြိုက်နှစ်သက်မှုများပြားသည့် မော်တော်ယာဉ်များ၏ တန်ဖိုးအချို့ကို မြှင့်တင်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (နေပြည်တော်)၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုထုတ်ပြန်လိုက်သည့် AV တန်ဖိုးမှာ 2014 CIF တန်ဖိုးများနှင့် နှိုင်းယှဉ်ပါက Mitsuibishi RVR၊ Toyota Crown၊ Toyota Alphard၊ Fielder၊ Probox၊ Succeed၊ Nissan AD Van၊ Nissian Wingroad Honda နှင့် Airwave တို့၏ ဈေးနှုန်းများကို မြှင့်တင်သတ်မှတ်ထားကြောင်း ယင်းတန်ဖိုးထုတ်ပြန်ချက်များအရ သိရသည်။

“ကားဈေးကတော့ တက်သွားနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာအခွန်ဈေးနှုန်းတွေ မြှင့်လိုက်တဲ့အတွက်ကြောင့်ပေါ့” ဟု KL Seven မော်တော်ယာဉ်အရောင်းစင်တာ လုပ်ငန်းရှင် ဦးကြည်သာဟန်က ပြောဆိုသည်။
ယင်းသို့ စီးပွားရေးလုပ်ငန်းသုံးနှင့် အလယ်အလတ်တန်းစားမော်တော်ယာဉ်များ ဈေးနှုန်းမြှင့်တင်သတ်မှတ်ထားခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းပေးမည်ဟု ပြောဆိုထားကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

AV (Average Value) ထုတ်ပြန်လိုက်ခြင်းမှာ ယမန်နှစ်ကကဲ့သို့ မည်သည့်တန်ဖိုးမျှ မထုတ်ပြန်ပေးသည့်အခြေအနေထက် ကောင်းမွန်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များကဆိုသည်။

သို့သော် 2016 AV တန်ဖိုးသတ်မှတ်ချက်သည် 2014 CIF နှုန်းထားရှိ ဈေးနှုန်းအမြင့်ပိုင်း ဇိမ်ခံမော်တော်ယာဉ်များ၏ တန်ဖိုးသတ်မှတ်ချက်အောက် လျော့နည်းကြောင်း ယင်းတန်ဖိုးထုတ်ပြန်ထားချက်များအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် မော်ဒယ်လ်မြင့် ဇိမ်ခံမော်တော်ယာဉ်များ၏ ဈေးနှုန်းများကို အခွန်ပိုမိုကောက်ခံသင့်ပြီး အများပြည်သူဝယ်ယူစီးနင်းမှုများပြားသည့် အနိမ့်ပိုင်းမော်တော်ယာဉ်များကို နှုန်းထားလျှော့ချကောက်ခံသင့်ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ဝေဖန်ပြောကြားသည်။

No comments: