Thursday, February 11, 2016

တက္ကသိုလ်ဝင်တန်း ရူပဗေဒဖြေဆိုနည်း လမ်းညွှန်

တက္ကသိုလ်ဝင်တန်း ရူပဗေဒဖြေဆိုနည်း လမ်းညွှန် ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာဇော်မျိုးလှိုင်နှင့် တွေ့ဆုံခြင်း -------------------------------------------------- တက္ကသိုလ်ဝင်တန်း ရူပဗေဒဖြေဆိုမည့် ကျောင်းသားများ အထောက်အကူဖြစ်စေရန် ယင်းဘာသာရပ် မေးခွန်းသဘောတရား အကြံပြုချက်များကို ကျောက်ဆည်တက္ကသိုလ်၊ ရူပဗေဒဌာန လက်ထောက်ကထိက ဒေါက်တာဇော်မျိုးလှိုင်(မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး)နှင့် The Voiceတို့ တွေ့ဆုံမေးမြန်း ထားသည်များကို စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။ Voice : ကျောင်းသားတွေအနေနဲ့ ဖြေဖို့ရွေးချယ်လိုက်တဲ့ မေးခွန်းဘောင်ဝင်အောင် (အမှတ်ရအောင်)ဘယ်လိုဖြေဆိုရမလဲ။ Dr.ZMH : ဒီနှစ်လည်း မေးခွန်းပုံစံက မနှစ်ကအတိုင်းပါပဲ။ အဓိကအနေနဲ့ မေးခွန်းဘောင် ဝင်အောင်ဆိုရာမှာ ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်း သေသေချာချာ လေ့ကျင့်ကာ အဖြေမှန် ရသည်အထိ အဆင့်ဆင့်ဖြေဆိုမယ်ဆိုရင် အမှတ်ပေးစည်းမျဉ်းထဲ ဘောင်ဝင်ပါတယ်။ အမှတ်ပေးစည်းမျဉ်းနဲ့ ညီ မညီဆိုတဲ့ကိစ္စမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျောင်းပေါင်းများစွာ၊ အတန်းပေါင်းများစွာ၊ ဆရာပေါင်းများစွာ၊ ကျောင်းသားပေါင်းများစွာ သင်ကြ၊ မှတ်ကြ၊ ဖြေကြတာပါ။ တစ်ယောက်နဲ့တစ်ယောက် ပုစ္ဆာတစ်ပုဒ် မေး ခွန်းတစ်ခုကို ချဉ်းကပ်ပုံချင်း ဖြေဆိုပုံချင်း မတူနိုင်ကြ ပါဘူး။ တူစရာလည်းမလိုပါဘူး။ အဓိကက ပြဋ္ဌာန်း စာအုပ်က ညွှန်းဆိုထားတဲ့ သဘောတရားတွေကနေ ကင်းလွတ်မသွားဖို့နဲ့ လိုအပ်တဲ့ အဖြေမှန်တွေဆီ ရောက်အောင် ထိထိရောက်ရောက် ဖြေဆိုကြဖို့ပဲ ဖြစ်ပါတယ်။ Voice : ခုဘာသာရပ်အတွက် သတိထားဖြေ ဆိုရမယ့်ပုံစံတွေ၊ သတိထားဖြေရမယ့် အပိုင်းတွေကို ပြောပြပေးပါ။ Dr.ZMH : ရူပဗေဒဘာသာရပ်မှာ Chapter ပေါင်း (၁၃) ခုရှိပါတယ်။ မေးခွန်းသဘောအရ အုပ်စုခွဲရရင် တော့ Mechanics (Chapter 1 and 2), Heat (Chapter 3), Waves and Sound (Chapter 4), Optics (Chapter 5 and 6), Electricity and Matgnetism (Chapter 7,8,9,10,11 and 12) နဲ့ Modern Physics (Chapter 13)တို့ ဖြစ်ပါတယ်။ ပထမဆုံးမေးခွန်းပုံစံကို အကျဉ်းပြောလိုပါတယ်။ Section A မှာ (၄) မှတ်တန် ကိုးပုဒ်ဖြေရမှာ ဖြစ်ပြီးနဲ့ Section B မှာ (၁၆) မှတ်တန်လေးပုဒ်ဖြေရမှာ ဖြစ်ပါတယ်။ (၁၆) မှတ်တန်က(၈)မှတ်တန် နှစ်ပုဒ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Section (A )အတွက် (၃၆) မှတ်နဲ့ Section (B)အတွက် (၆၄)မှတ်ဖြစ်တာမို့ စုစုပေါင်းအမှတ် (၁ဝဝ) ဖြစ်ပါတယ်။ Section (A) (၄)မှတ်တန်အတွက် မေးခွန်းနံပါတ် (၁)ကနေ (၈)အထိ ရွေးချယ်ခွင့်မရှိဘဲ နံပါတ်(၉)မှာသာ နှစ်ပုဒ်ပေးထားတဲ့အထဲက နှစ်သက်ရာ တစ်ပုဒ် ရွေးချယ်ခွင့်ရှိပါတယ်။ Section (B) မှာကတော့ ၁၆ မှတ်တန် လေးပုဒ်ဖြေဆိုနိုင်ဖို့ ရွေးချယ်စရာအဖြစ် မေးခွန်းနံပါတ် (၁ဝ)ကနေ (၁၅)အထိ ခြောက်ပုဒ် ပေးထားတာဖြစ်ပြီး နံပါတ် (၁၅)မှာ နှစ်ပုဒ်ရွေးစရာပါ ပြန်ပါတယ်။ စုစုပေါင်းတော့ ရွေးချယ်စရာ ခုနစ်ပုဒ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ နံပါတ် (၁၅) ထဲက နှစ်ပုဒ်လုံးကိုတော့ ရွေးချယ်လို့ မရပါဘူး။ ဒီလိုနံပါတ်(၁၅)ထဲက နှစ်ပုဒ်စလုံး ရွေးမိရင်တော့ နှစ်ပုဒ်အနက် ပထမဖြေတဲ့ တစ်ပုဒ်ကိုသာ အမှတ်ပေးမှာ ဖြစ်ပါတယ်။ မေးခွန်းဟောင်းများကိုထောက်ကာ (၄)မှတ်တန်၊ (၁၆)မှတ်တန်မှာပဲဖြစ်ဖြစ် Chapter အားလုံးကို ချုပ်ကာမေးလေ့ရှိတဲ့ မေးခွန်းသဘောတရား အမျိုးအစားများကို ခွဲခြားလိုပါတယ်။ ၁။Theory, Law, Principle, Rule, Definition စတဲ့ကျက်စာများ ၂။ Problems အတွက်ပုစ္ဆာများ ၃။Short Question မေးခွန်းတိုများ(ဥာဏ်စမ်း) ၃။ Show that သက်သေပြချက်များနဲ့ ပုံသေနည်းထုတ်ဖော်ပုံများ ၄။ သဘော တရားအထောက်အကူပြု သရုပ်ဖော်ပုံ (Illustrations) များ၅။ ဓမ္မဓိဋ္ဌာန်မေးခွန်းများ (True/False and Blanks) စသဖြင့် ဖြစ်ပါတယ်။ ဒီငါးမျိုးကို မျှတအောင် စုဖွဲ့ကာ မေးခွန်းထုတ်လေ့ရှိတာ လေ့လာ သိရှိနိုင်ပါတယ်။ ရူပဗေဒ ဘာသာရပ်မှာတော့ ဘာအရေးကြီးသလဲ မေးရင်တော့ အားလုံးပဲအရေးကြီးတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အောင်မှတ်ကနေ ဂုဏ်ထူးမှတ်ရဖို့ တစ်ဆင့်ချင်းလေ့ကျင့်လိုသူတွေအတွက် ပြောပါ့မယ်။ အောင်မှတ်အတွက်ဆိုရင်တော့ Optics (Chapter 5 and 6) နဲ့ Electricity and Magnetism အပိုင်းက လျှပ်ငြိမ်ပိုင်း (Chapter 7,8,9) တို့ကို ဦးစွာပိုင်နိုင်အောင် လေ့ကျင့်သင့်ပါတယ်။ ဒါတွေ ပိုင်နိုင်ပြီးတာနဲ့ လျှပ်စီးပိုင်း (Chapter 10,11 and 12) ကို ဆက်လက်လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ စာကျက်အားကောင်းသူများက Modern Physics (Chapter 13)တို့ကို အစအဆုံး ပိုင်နိုင်အောင် ကျက်မှတ်ကြဖို့လိုပါမယ်။ နှစ်စကတည်းက သင်ထားတဲ့ Chapter 1 to 4 ကိုတော့ လုံးဝလွှတ်ထားခြင်းမျိုး မဟုတ်ဘဲ အခြားအခန်းများ ကြားညှပ်ကာ မှန်မှန်လေး Revision ပြန်သွားဖို့ လိုပါလိမ့်မယ်။ ချုပ်ပြောရရင် Chapter တစ်ခုချင်းစီကို မေးခွန်းသဘောတရား အမျိုးအစားအလိုက် ခွဲခြား လေ့ကျင့်ဖို့ လိုပါတယ်။ Voice : ခုဘာသာရပ်အတွက် ပါနိုင်တဲ့ယူဆချက် အခန်းတွေ၊ သင်ခန်းစာတွေကို ပြောပြပေးပါ။ Dr.ZMH : (က) မေးခွန်းမှာ မမေးမဖြစ် မေးလေ့ရှိ တာက Laws, Principles and Rules များဖြစ်ပြီး (၁၁) ခုရှိပါတယ်။ အနည်းဆုံး နှစ်ပုဒ် မေးလေ့ရှိကာ ရမှတ် (၄)မှတ်ကနေ (၈)မှတ်အထိ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ (၁၁)ခုတို့ကိုမဖြစ်မနေ ကျက်မှတ်ရပါမယ်။ (ခ) နောက် အရေးတကြီး လေ့ကျင့်ရမှာက အတွက်ပုစ္ဆာများပဲ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် အတွက်ပုစ္ဆာ တစ်ပုဒ်ကို (၄)မှတ်ပေးပါတယ်။ မေးခွန်းဟောင်းများ အလိုအရဆိုရင် Section A နဲ့ Section B နှစ်ရပ်ပေါင်းအတွက် ပုစ္ဆာအားလုံးအတွက် ပျမ်းမျှ (၄ဝ)ဖိုးနဲ့ အထက်မှာမေးလေ့ ရှိပါတယ်။ ယခင်နှစ်များက အမှတ်ပေး စည်းမျဉ်းများအရ ဆိုရင် ပုစ္ဆာအလိုက် ဆိုင်ရာပုံသေနည်းများ တစ်ခုစီအတွက် တစ်မှတ်စီ ရပါတယ်။ ပုံသေနည်းမှာဆိုင်ရာ Quantity တစ်ခုစီအတွက် ပေးထားချက်များကို မှန်ကန်အောင် ဖြစ်သွင်းနိုင်မယ်ဆိုရင်ကိုပဲ အမှတ်ဝက်(သို့မဟုတ်) တစ်မှတ် ရရှိနိုင်ပါတယ်။ ကိန်းဂဏန်း တွက်ချက်မှု မှန်ကန်မှ အဖြေမှန်ရမှာဖြစ်သလို အဖြေမှန်ပြီးဆိုင်ရာ Unit လည်းမှန်ဖို့ လိုပါတယ်။ အားလုံး အဆင့်အလိုက်မှန်ရင် တစ်ပုဒ်ကို လေးမှတ် အပြည့်ရနိုင်ပါတယ်။ (ဂ) နောက်တစ်ဆင့်အနေနဲ့ကတော့ သရုပ်ဖော်ပုံများဖြစ်ပါတယ်။ တစ်ပုံကို (၂)မှတ်တန်ရှိ သလို (၄)မှတ်တန်လည်း ရှိပါတယ်။ မေးခွန်းမှာ ပုံအတွက် (၈) မှတ်ကနေ (၁၂)မှတ်ဖို့ခန့် မေးလေ့ရှိပါတယ်။ (ဃ) နောက်ထပ် အထူးပြု လေ့လာရမှာကတော့ သက်သေပြချက်နဲ့ ပုံသေနည်း ထုတ်ဖော်ပုံများပဲ ဖြစ်ပါတယ်။ တစ်ပုဒ်ကို (၄)မှတ်ရရှိမှာဖြစ်ပြီး မေးခွန်းဟောင်းများကို လေ့လာသုံးသပ်ချက်အရ တစ်ပုဒ်ကနေ သုံးပုဒ်လောက် ပါဝင်လေ့ရှိတာကြောင့် (၄)မှတ်ကနေ (၁၂)ခန့်အထိ ရရှိနိုင်ပါတယ်။ (င) ကျက်စာများအနေနဲ့ Definition အပိုင်းနဲ့ Short Question အပိုင်းကျန်ပါတယ်။ သက်ဆိုင်ရာ Chapter တစ်ခုချင်းစီမှာပါဝင်တဲ့ Definitionများနဲ့ Exercise များမှာပါဝင်တဲ့ Short Questionများကို အခန်းအလိုက် လေ့လာ ကျက်မှတ်ရပါမယ်။ Definition စုစုပေါင်း တစ်ရာကျော်နဲ့ Short Question စုစုပေါင်းတစ်ရာဝန်းကျင် ရှိပါတယ်။ အမှတ်အနေနဲ့ကတော့ အမှတ် (၂ဝ) ဝန်းကျင်ရှိပါတယ်။ (စ) မေးခွန်းပုံစံအရကတော့ မေးခွန်း (၁) ကွက်လပ်ဖြည့်နဲ့ မေးခွန်း(၂) မှားမှန်ရွေးတို့ဖြစ်ပြီး ပြဋ္ဌာန်းစာအုပ် တစ်အုပ်လုံးရှိ Chapter အားလုံးမှ မွှေနှောက် မေးမြန်းလေ့ရှိပါတယ်။ လေ့လာရတဲ့ အနေအထားနဲ့ ရမယ့်အမှတ်က သိပ်မကွာလေတော့ အမှတ်တစ်ရာ မှန်းသူများအတွက် အရေးကြီးပေမယ့် သာမန်အမှတ် သာမှန်းထားသူများအတွက် မိမိသိထားပြီးသမျှထဲကသာ ဖြေဖို့သင့်ပါတယ်။ အထူးသဖြင့်တော့ မေးခွန်းဟောင်းများကို လေ့လာထားရင် အဆင်ပြေနိုင်ပါတယ်။ ရမှတ်ကတော့ စုစုပေါင်းရှစ်မှတ်ဖိုး ဖြစ်ပါတယ်။ (ဆ) နောက်မေးလေ့ရှိတာက Unit များပဲ ဖြစ်ပါတယ်။ အတွက်ပုစ္ဆာများကို လေ့ကျင့်ရင် စနစ်တကျ လေ့လာ မှတ်သားထားမယ်ဆိုရင် အထူးတလည် ထပ်မံလေ့ကျင့်စရာ မလိုဘဲ အမှတ်ရနိုင်တာ ဖြစ်ပါတယ်။ အမှတ်အနေနဲ့ကတော့ နှစ်မှတ်ကနေ လေးမှတ်ဖိုးလောက်ဖြစ်တာမို့ များများစားစား ရလေ့မရှိပေမယ့် မိမိသိထားပြီးသားကို မှန်မှန်မှန်ကန်ကန် ဖြေဆိုနိုင်မယ်ဆိုရင် လက်မလွှတ်သင့်တဲ့အမှတ်ဖြစ်ပါတယ်။ Voice : အရေးကြီးသင်ခန်းစာအပိုင်းတွေထဲ က ကောက်နုတ်ပြီး ကျောင်းသားအများစု မှားဖြေ လေ့ရှိတဲ့ပုံစံကို ပြောပြပေးပါ။ Dr.ZMH : Law တွေမှာ သင်္ချာညီမျှခြင်းများကို In word and in symbols လို့ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထည့်ဖြေစေချင်ပါတယ်။တစ်ခါတစ်ရံမှာ ထည့်မမေးထားပေမယ့် အမှတ်ပေးစည်းမျဉ်းမှာ ထည့်သွင်းဆွဲခဲ့ဖူးတဲ့ သာဓကတွေရှိခဲ့တော့ ကျောင်းသားများ အမှတ်အလျှော့ခံခဲ့ရတာတွေ ကြုံခဲ့ကြဖူးပါတယ်။ အတွက်ပုစ္ဆာများတွက်ချက်ရာမှာ သတိထားစရာတွေထဲမှာ ပေးထားတဲ့ Quantity တွေချင်း Unit System မတူရင် အရင်ဆုံး Unit System တူအောင် ညှိဖို့လိုအပ်ပါတယ်။ ပုစ္ဆာတွေတွက်ရာမှာ မှားလေ့ရှိတာက Logarithm အသုံးပြုမှုအပိုင်း ဖြစ်ပါတယ်။ စာမေးပွဲ ဖြေဆိုချိန်မှာ စိတ်လှုပ်ရှားမှုရှိသူများက ဥပမာအားဖြင့် Log နဲ့ Antilog, Natural Sine နဲ့ Log of Sine စတဲ့ဇယားတွေ ကြည့်ရှုရာမှာ စာမျက်နှာလွဲမှားကြည့်တာမျိုး၊ နောက်လိုင်းမှားကာ၊ အကွက်မှားကာ ကြည့်မိတာမျိုးတွေကြောင့် အဖြေတွေ မှားနေကြတာတွေ့ရပါတယ်။ နောက် Standard Form အဖြစ်နဲ့ တွက်ကြရမှာ exponential(တစ်ဆယ်ပေါ်က ထပ်ညွှန်း)ပိုင်းတွေ မှားတတ်၊ ကျန်တတ်ပါတယ်။ အဖြေမှားရင် အနည်းဆုံးနှစ်မှတ် နစ်နာပါတယ်။ တကယ်လို့ မှားတဲ့အဖြေက နောက်တစ်ဆင့်မှာ ထည့်တွက်ရမှာဆိုရင် ပိုနစ်နာနိုင်တာမို့ ဂရုတစိုက် တွက်ချက်သင့်ပါတယ်။ နောက်ပုစ္ဆာတွက်အပြီး အဖြေထုတ်ရာမှာလည်း Unit တပ်ဖို့ မေ့ကျန်တဲ့သူများရှိသလို Unit လွဲမှားမှုတွေလည်း တွေရပါတယ်။ ဒီအခါမှာ Unit အတွက် အမှတ်ဝက်ကနေ တစ်မှတ်ထိနစ်နာနိုင်ပါတယ်။ ယူနစ်တွေကို သီးသန့်မေးတဲ့အခါမှာ long form ရော Short form ပါ တွဲလျက်ဖြေပေးဖို့လိုပါမယ်။ ဥပမာ(Force အတွက် SI Unit ဆိုရင် newton(N)လို့ဖြေပေးရမှာ ဖြစ်ပါတယ်။ ပုံမှန်ပုစ္ဆာထဲမှာတော့ short formပဲသုံးရမှာ ဖြစ်ပါတယ်။ ပုံတွေဆွဲရာမှာ သက်ဆိုက်ရာ မြားနဲ့ အညွှန်းတွေ လွဲမှားလို့ မဖြစ်ပါသလို ကျန်လို့လည်းမရပါဘူး။ နောက် ပုံကိုဆွဲရာမှာ ခဲတံကိုသာသုံးသင့်ပြီး အညွှန်းကိုတော့ မင်နဲ့သာရေးသင့်ပါတယ်။ သက်သေပြချက်ပုစ္ဆာများကို စနစ်တကျနဲ့ အဖြေရောက်သည် အထိ ဖြေဆိုမယ်ဆိုရင် အမှတ်ပြည့်ရလွယ်တဲ့ မေးခွန်းပုံစံဖြစ်တာမို့ ဂရုတစိုက် လေ့ကျင့်ဖြေဆို သင့်ပါတယ်။ Definition နဲ့ Short Question များကိုဖြေ ဆိုရာမှာလည်း ပြဋ္ဌာန်းချက်များ အတိုင်းတိတိကျကျ ကျက်မှတ်လေ့လာဖို့လိုပါတယ်။ ပြည့်စုံမှုမရှိတဲ့ အဖြေတွေအတွက် အမှတ်လျှော့ခံရပါလိမ့်မယ်။ ကွက်လပ်ဖြည့် ဖြေဆိုရာမှာ မေးထားတဲ့မေးခွန်းအလိုက် Subject နဲ့ Verbတို့ရဲ့ Agreement ကိုက်ညီဖို့ သတိထားရပါမယ်။ နောက် Noun တွေ ဖြေဆိုရာမှာ Singular Form နဲ့ Plural Form မမှားဖို့ ဂရုပြုရပါမယ်။ Voice : ခုအချိန်ကစပြီး ဘာသာရပ်အလိုက် အချိန်ကို စနစ်တကျ စီမံခန့်ခွဲပြီး လေ့လာနိုင်ဖို့ သင့်လျော်တဲ့ အချိန်ဇယားဆွဲပေးပါ။ Dr.ZMH : စာမေးပွဲဖြေဆိုချိန်ဟာ ရက် (၃ဝ)ဝန်းကျင်ပဲ လိုတော့တာမို့ တစ်ဘာသာပျမ်းမျှ (၅)ရက်ခန့်သာ လေ့ကျင့်ချိန် ကျန်တော့တယ်။ ရူပဗေဒမေးခွန်းဟာ ရွေးချယ်စရာတွေ ထည့်သွင်းပေးထားတာကြောင့် စုစုပေါင်း အမှန်ရမှတ်က ၁ဝဝမှတ်ဖြစ်ပေမယ့် မေးခွန်းထဲမှာမေးသမျှ အမှတ်ပေါင်းက ၁၅၂ မှတ်ဖိုးထိတောင် ရှိပါတယ်။ မေးခွန်းဟောင်းများကို လေ့လာသုံးသပ်မှုအရ Chapter တစ်ခုချင်းစီထက် သဘောတရားတူ အုပ်စုလိုက်သာ မေးမှတ်ကို ယေဘုယျ တွက်ချက်ခန့်မှန်းနိုင်ပါတယ်။ Voice : ကျွန်တော် မေးတာတွေအပြင် ထပ်ဖြည့် ပြောချင်တာများရှိရင် ပြောပေးပါ။ Dr.ZMH : မိမိဆရာများ နှစ်လုံးပေါက် သင်ကြား ပြသထားသမျှကိုသာ ယုံယုံကြည်ကြည် လေ့ကျင့်ပါ။ စပေါ့မလိုက်ပါနဲ့။ တစ်နှစ်လုံး လေ့ကျင့်ထားတာတွေ ပစ်ထားပြီး ဟိုလူပြော ဒီလူပြောနဲ့ ထွက်လာတဲ့ စပေါ့ နောက် မလိုက်ပါနဲ့။ အမှားကြီးမှားပါမယ်။ စပေါ့ မလိုက်ပါနဲ့။

No comments: