Saturday, February 6, 2016

အိုးဟို… ဒါကြောင့်ကိုးရဲ့ အဆက်

အိုးဟို… ဒါကြောင့်ကိုးရဲ့ အဆက်
  -----------------------------------------------
အရင်တခေါက်တုန်းက သတိပေးခဲ့တာဟာ တကယ်ဖြစ်လာပါပြီ။ လွှတ်တော်သက်တမ်းကုန်ဆုံးတာနဲ့ ပြီးဆုံး သွားရမယ့် ကော်မတီနဲ့ ကော်မရှင်တွေထဲကနေ အခြေခံဥပဒေနဲ့မညီပဲ မပယ်ဖျက်ဘဲထားတဲ့ ဥဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ယခင်လွှတ်တော်ဥက္ကဋ္ဌဟောင်း  ဦးရွှေမန်းက တာဝန်ယူလိုက်ပါပြီ။
ကော်မရှင်မှာ ဦးရွှေမန်းက ဥက္ကဋ္ဌအဖြစ်နဲ့ လက်ရင်းတပည့်ကြီး ဦးကိုကိုနိုင်က ဒုဥက္ကဋ္ဌအဖြစ်နဲ့ ဒုတိယ လွှတ်တော်သက်တမ်းမှာ ဥပဒေပြုရေးကဏ္ဍအတွင်း ဆက်လက်ပါဝင်နေတာဟာ စိုးရိမ်စရာ အခြေအနေတွေ အမြင့်ဆုံးထိ  ရောက်ရှိလာတာပါပဲ။ ဥပဒေကြမ်းကော်မတီကလည်း လာမယ့် ၈ ရက်နေ့မှာ ၅၉(စ) ကိုပြင်ဖို့ တပ်လှန့်ထားပြီဖြစ်ပါတယ်။ အစိုးရသစ်ရဲ့ ပထမဆုံးခြေလှမ်းကတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီးအတွက် မဟုတ်ဘဲ အန်တီစုသမ္မတဖြစ်ရေးအတွက် သက်သက်နဲ့ စတင်လိုက်ပါပြီ။ ဦးရွှေမန်း တာဝန်ယူလိုက်တဲ့ ကော်မရှင်ရဲ့ အဓိကတာဝန်တွေကတော့ ပြဋ္ဌာန်းပြီးတဲ့ ဥပဒေတွေကို ဆန်းစစ်ပြီးတော့ ပြင်ဆင်/ပယ်ဖျက်/ အသစ်ပြဋ္ဌာန်းဖို့ လွှတ်တော်ဥက္ကဋ္ဌကနေတစ်ဆင့် လွှတ်တော်ဆီပေးပို့တင်ပြရတာလို့ဆိုနိုင်ပါတယ်။

လွှတ်တော် အတွင်းကနေ ၅၉ (စ) ပြင်ဆင်နိုင်ဖို့၊ အဓိက ကတော့ ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက်က လွှတ်တော်ထဲမှာ အန်တီစု သားတပည့် အမတ်တွေကတော့ အသင့်ဖြစ်နေပြီ။ အန်တီစုအနေနဲ့ ဝန်းရံသူတွေဆီက မကျေနပ်သံ တွေကို လျစ်လျူရှုပြီး ဦးရွှေမန်းကို ဆက်ခန့်အပ်လိုက်တဲ့ ကစားကွက်က ဒီနေရာမှ သိပ်အားရှိသွားစေမှာပဲ။ အန်တီစု လိုချင်တဲ့ ဥပဒေတွေကို ဦးရွှေမန်းတို့ဘက်က တင်ပေးလိုက်၊ လွှတ်တော်ထဲမှာ မဲခွဲဖို့ဆိုရင် အင်အား ၂၅၅ နေရာ အများဆုံးရှိနေတဲ့ NLD အမတ်တွေက သဘောတူ ပေးလိုက်နဲ့ အဆင်ပြေနေစေတယ်။ ဒီမိုကရေစီ နည်း ကျကျမဲခွဲတယ် ပေါ့လေ။ ဒါပါပဲ။ ဒီအချက်တွေကို ပထမလွှတ်တော် သက်တမ်းမှာကတည်းက အန်တီစုနဲ့ ဦးရွှေမန်းတို့ရဲ့ နှစ်ကိုယ်ကြားတွေ့ဆုံမှုတွေရဲ့ ရလဒ်အသီးအပွင့်တွေတော့ စပြီး ဖြစ်ထွန်းလာပြီ။

ဘာကြောင့် ပါတီဝင်တွေနဲ့ ပညာတတ်တွေထက် ဒီစစ်ထွက်သာကူးကိုမှ အန်တီစု နေရာပေးခဲ့သလဲ လို့ မေးခွန်းတွေမေးခဲ့ပေါင်းလည်း များပြီ။ ပြည်ခိုင်ဖြိုး အရေခြုံပြီးလည်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီးပြီ။ ပြည်ခိုင်ဖြိုး အခြေအနေမကောင်းတော့ NLD ကို ဝင်ပြီး အန်တီစုဆီ မက်လုံးတစ်သိုက်နဲ့ ပူးပြန်ပြီ။ တကယ်တော့ အန်တီစု ကို စေတနာ ရှိလိုဟန်တော့ မတူဘူး။ သူ့နေရာ ခွက်ပျောက်မှာနဲ့ ထိုင်ခုံအရသာကို သိပ်ကြိုက်လွန်းသူလို့ ထင် ရလောက်အောင် နေရာယူတတ်လွန်းတာ ပေါ်ပေါ်လာတယ်။
ကော်မရှင်စဖွဲ့ကတည်းက ခုထိ ဘာအလုပ်မှ ဖြစ်မြောက်သေးတာမဟုတ်ဘဲ နေရာယူဖို့ သက်သက် ဖွဲ့ထား တာကို အရင်တုန်းက ရှင်းပြပြီးပြီ။

တပည့်နဲ့သားကို နေရာပေးထားပြီး နိုင်ငံကနေ အသားလွတ်တင်လစာပေး ကျွေးထားရတဲ့ ကော်မရှင်သက်သက်ပါပဲ။ အခု ဦးရွှေမန်းက ဒီကော်မရှင်မှာ ဥက္ကဋ္ဌလုပ်မယ် ။ လစာ ၆ သိန်းကို တစ်ပြားမှမယူဘူးဆိုလေသံပစ်တော့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားကြရော။ နိုင်ငံရေးမျက်နှာစာမှာ လူပေါ်ကြော့ လုပ်ချင်တာက နောက်မှာ ဖင်ပြောင်တာက အတိုင်းသား။ နိုင်ငံရေးဆုငွေက တစ်လုံးတစ်ခဲတည်း သိန်း ၆၅၀ ပိုက်ပြီး လွှတ်တော်ဥက္ကဋ္ဌနေရာကဆင်းသွားပြီး ကော်မရှင်မှာ ဥက္ကဋ္ဌလုပ်တယ်။ အရင်လွှတ်တော်မှာ တာဝန် ထမ်းဆောင်ခဲ့လို့ နိုင်ငံရေးပင်စင်က တစ်လပုံမှန်သိန်း ၅၀ ဝင်ဦးမယ်။ အဲလောက် ဝင်ငွေရှိနေမှတော့ ၆ သိန်း ဆိုတာ ဘယ်မက်တော့မတုန်း။

သူ့မိသားစုပိုင်ဆိုင်မှုကတော့ ပြောလွန်းအားကြီးလို့ ရိုးနေပြီ။ ကိုယ့်ဘာသာ အင်တာနက်မှာ ရှာကြည့်တော့။ ကြုံလို့ပြောတာ၊ ဦးရွှေမန်းရဲ့ ခမည်းခမက် ခရိုနီအမတ်ပြုတ်ကြီး ပိုင်တယ် ဆိုတဲ့ ရန်ကုန်က ဂေါက်ကလပ်တစ်ခုကို မြန်မာကျပ်ငွေ ဘီလျံနဲ့ချီပြီး ပြန်ရောင်းထုတ်တဲ့ကိစ္စတစ်ခုဟာ ဖြစ်လာ နေပြီ။ စဉ်းစားသာကြည့်တော့ အဲလောက်ပိုင်နေရင် ?? ။ ခင်ဗျားတို့ ကျုပ်တို့လည်း အဲဒီလို ပိုင်ဆိုင်ထားရင် တစ်လ ၆ သိန်းဝင်ငွေရှိမယ့်အလုပ်ကို လစာမဲ့လုပ်နိုင်မလား၊ သိပ်လုပ်တာပေါ့ဗျာ။ ပြီးတော့လည်း ဥပဒေ မှန်သမျှကို မွှေနှောက်ပစ်ပြီး လိုသလိုပြင်ထုတ်လို့ရနေတဲ့နေရာကြီးကို။ ပြီးတော့ သူနဲ့သူ့သားတွေ၊ ခမည်း ခမက်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း လွှတ်တော်ရဲ့ အရိပ်ခိုပြီး လုံခြုံအောင်လုပ်ဦးမယ်။

ပထမ လွှတ်တော်သက်တမ်းမှာ ဘာမှမလုပ်ခဲ့တဲ့ ကော်မရှင်က ဒုတိယသက်တမ်းမှာ ကိုယ့်ငယ်မွေးခြံပေါက် တွေနဲ့ စပြီး အသက်ဝင်တော့မယ်။ ‘အစ်မကြီးရေ..ကျွန်တော်တို့ ဒီဥပဒေလေး ပြင်ချင်တယ်/ ပြဋ္ဌာန်းချင်တယ် / ဖျက်ချင်တယ် … အစ်မကြီး ကူညီပါဦး’ ပြော၊ အန်တီစုက ‘အင်း’ဆိုပြီး တစ်ချက်လွှတ်အမိန့်ပေးထားတဲ့ အမတ်တွေက စက်ခလုတ်နှိပ် …OK .. ဆိုရင် ကိစ္စပြတ်ပြီ။
အလားတူ ‘ဦးရွှေမန်းရေ့… ကျွန်မတော့ ဒီဥပဒေလေး သဘောမကျဘူး/ထည့်ချင်တယ်/အဲ့ဒါလေး လမ်းကြောင်း စဖော်ပေးပါဦး’ ဆိုရင် ဦးရွှေမန်းက ‘ရမယ်..အစ်မကြီး.သိပ်ရမယ်’ ဆိုပြီး တင်ပေးလိုက် ဦးဝင်းမြင့် ကလည်း အန်တီစုရဲ့ ‘ဟင်းးး’ ဆိုတဲ့ အသံအောက်မှာ ‘ဟုတ်’ ဆိုတဲ့ လုပ်ဆောင်ချက်နဲ့ ‘ဒုံး’ ခနဲ တူ ထုချလိုက်.. OK…ဆိုရင် ကိစ္စပြတ်ပြီ။
ဦးရွှေမန်းကတော့ အန်တီစု မရှိလည်း နောက်လာမယ့်လူက အားကစားသမားဆိုရင် ဘောလုံးလေး မ (ဘောမ) ပေးလိုက်၊ အနုပညာသမားဆိုရင် ပတ်မကြီးထမ်း(ပတ်ထမ်း) ပေးလိုက်နဲ့ပဲ နေဦးမှာပဲ။ တကယ်တော့ အန်တီစုက ဦးရွှေမန်းကို တပည့်မွေးတာမဟုတ်ဘူး၊ ဦးရွှေမန်းက အန်တီစုကို ဆရာမွေးသွားတာ။ ဖြစ်လာ နေတဲ့ အကြောင်းတွေကို တစ်ချက်ချင်းစီ ကောက်စီလိုက်ရင်.. အိုးဟို… ဒါကြောင့်ကိုး.. ဆိုပြီး ကိုယ့်နဖူး ကိုယ်ရိုက်ပြီး ခင်ဗျား သဘောပေါက်သွားမယ် ဆရာ။

တစ်ခုတော့ စဉ်းစားစရာပဲ…။
ငယ်စဉ်ထဲက တပ်ထဲမှာနေ…တပ်ထဲမှာကြီးပွားလာပြီး နိုင်ငံရဲ့တတိယအဆင့် ရာထူးရလာတဲ့ ဦးရွှေမန်းဟာ ရာထူးအတွက်နဲ့ တပ်ကိုသစ္စာဖောက်ခဲ့တယ်။ အန်တီစုရေ…. ခံနိုင်ရည်ရှိဖို့အသင့်ပြင်ထားပါလို့….။

ဒီမိုပလေတို

No comments: