မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 6, 2016
မည်သူတွေ ၀န်ကြီးချုပ်ဖြစ်လာကြမလဲ
မည်သူတွေ ၀န်ကြီးချုပ်ဖြစ်လာကြမလဲ
------- ------- -------
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အစိုးရဖွဲ့စည်းရန် ပြင်ဆင်နေပါပြီ။ သမ္မတ မည်သူမည်ဝါ ဖြစ်လာမည်ကို ခန့်မှန်းမရ နိုင်သေးသော်လည်း ပြည်နယ်နှင့် တိုင်း ၀န်ကြီးချုပ် ဖြစ်လာမည့်သူများနှင့် ပြည်နယ်/တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမည့် သူများကိုတော့ ခန့်မှန်းလို့ ရနေပါပြီ။ ဇန်န၀ါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့ထိ ပြည်နယ်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ်မှ အနိုင်ရရှိထားသော လွှတ်တော် ကိုယ်စားလှယ်အချို့အား လွှတ်တော်ဝင်း အတွင်းရှိ အဆောက်အအုံတစ်ခုတွင် သင်တန်းပေးခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများကို သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များထဲကသာ ခန့်အပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ယခုသင်တန်း တက်ရောက်နေသူများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်မည့် ၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမည့်သူများဟု ခန့်မှန်း ပြောဆိုနေကြသည်။ NLD ပါတီခေါင်းဆောင်များနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ ထိုသင်တန်း တက်ရောက်သူများထဲကသာ ၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများ ခန့်အပ်မည်ဟု ဆိုသည်။
သင်တန်း တက်ရောက်သူများထဲက အချို့မှာ ၀န်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်လာမလားဟု ဘီဘီစီက ဦးဝင်းထိန်အား မေးသည့်အခါ “ဖြစ်ကောင်း ဖြစ်လာမှာပေါ့၊ အရည်အချင်း ရှိရင်ရှိသလို တာဝန်ပေးမှာပဲ" ဟု ဖြေကြားခဲ့သည်။
သင်တန်း တက်ရောက်ခွင့် ရသူများထဲတွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အချို့၊ ရွေးကောက်ပွဲတွင် သုံးကြိမ်စလုံး အနိုင်ရရှိထားသည့် သုံးထပ်ကွမ်း ကိုယ်စားလှယ်များ ၊ ရွေးကောက်ပွဲ နှစ်ကြိမ်နိုင်ထားသည့် နှစ်ထပ်ကွမ်း ကိုယ်စားလှယ်အချို့ နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးများတွင် အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြသည်။ သင်တန်းပို့ချပေးသည့် ဆရာများမှာလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အဆင့်မြင့်အငြိမ်းစား အရာရှိကြီးများ၊ ဥပဒေပညာရှင်များနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပညာရှင်များ ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အဆိုပါ သင်တန်းသို့ နေ့စဉ်နီးပါး သွားရောက်နေသည်။ သင်တန်းဆင်းပွဲသို့လည်း NLD ပါတီနာယက သူရဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့သည်။ သင်တန်း တက်ရောက်မည့် သူများကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုစီမှ အနည်းဆုံး နှစ်ယောက်မှ အများဆုံး ခြောက်ယောက်ထိ ရွေးချယ်ခဲ့သည်။ စုစုပေါင်း သင်တန်းတက်ရောက်သူ ၅၂ ဦး ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးမှ သင်တန်း တက်ရောက်သူများထဲတွင် ဦးဖြိုးမင်းသိန်း (နှစ်ထပ်ကွမ်း အမတ်)၊ ဒေါ်စန္ဒာမင်း (နှစ်ထပ်ကွမ်းအမတ်)၊ ဦးနိုင်ငံလင်း (နှစ်ထပ်ကွမ်းအမတ်)၊ ဦးလင်းနိုင်မြင့် (ကမာရွတ်မြို့နယ်) နှင့် ဦးသက်ထွန်းဝင်း တို့ ပါဝင်သည်။ ဦးဖြိုးမင်းသိန်းမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်၌ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်တွင် လိုက်ပါခဲ့ပြီး ထိုသင်တန်း မတက်ခင်ကပင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဖြစ်လာမည်ဟု ရေပန်းစားနေသူ ဖြစ်သည်။ ယခုသင်တန်း တက်ရောက်သူ စာရင်းတွင် ပါဝင်နေသဖြင့် ဦးဖြိုးမင်းသိန်းမှာ ၀န်ကြီးချုပ်ဖြစ်ရန် အလားအလာ အကောင်းဆုံးဖြစ်ပြီး ဒေါ်စန္ဒာမင်းနှင့် ဦးနိုင်ငံလင်းတို့မှာ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်သည်ဟု NLD ပါတီ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။
မန္တလေးတိုင်းဒေသကြီးမှ သင်တန်း တက်ရောက်သူများထဲတွင် ဒေါက်တာဇော်မြင့်မောင်နှင့် ကိုအောင်ကျော်ဦးတို့ ပါဝင်သည်။ ဒေါက်တာဇော်မြင့်မောင်သည် ရွေးကောက်ပွဲတွင် သုံးကြိမ် အနိုင်ရရှိထားသူဖြစ်သည် ပါတီဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှု ရရှိထားသူလည်း ဖြစ်သည်။ ထိုသင်တန်း မတက်ခင်ကပင် မန္တလေးတိုင်း ၀န်ကြီးချုပ် ဖြစ်လာမည်ဟု ခန့်မှန်းပြောဆိုနေကြသည်။ ယခုလို သင်တန်း တက်ရောက်သူစာရင်းတွင် ပါဝင်နေသဖြင့် ဒေါက်တာဇော်မြင့်မောင်မှာ မန္တလေးတိုင်း ၀န်ကြီးချုပ် ဖြစ်လာရန်မှာ သေချာသလောက် ဖြစ်သွားပြီဟု အဆိုပါသင်တန်း တက်ရောက်ခွင့်ရသူ တစ်ဦးက ဆိုသည်။
မကွေးတိုင်းဒေသကြီးမှ သင်တန်း တက်ရောက်သူများထဲတွင် ဒေါက်တာအောင်မိုးညို၊ ကိုနေမျိုးကျော် (NLD မကွေးတိုင်း အတွင်းရေးမှူး) နှင့် ဦးတာတို့ ပါဝင်သည်။ ဒေါက်တာအောင်မိုးညိုမှာ ရွေးကောက်ပွဲ သုံးကြိမ် အနိုင်ရရှိထားသည့် သုံးထပ်ကွမ်း အမတ်တစ်ဦး ဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ၀င်ပြိုင်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး မဲဆန္ဒနယ်က ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုကဲ့သို့ တိုင်းဒေသကြီး မဲဆန္ဒနယ်က ၀င်ပြိုင်သဖြင့် ဒေါက်တာအောင်မိုးညိုအား မကွေးတိုင်း ၀န်ကြီးချုပ် ဖြစ်လာမလား ခန့်မှန်းနေကြချိန်တွင် ယခုသင်တန်း၌လည်း ထပ်မံပါဝင်ခဲ့သည်။
အလားတူ ဧရာဝတီတိုင်းက သင်တန်း တက်ရောက်နေသူများထဲတွင် သုံးထပ်ကွမ်း အမတ်များ ဖြစ်ကြသည့် ဦးမန်းဂျော်နီ (ကျုံပျော်)၊ ဦးကျော်မြင့် (လပွတ္တာ) နှင့် ကိုအောင်သူထွေး ၊ ကိုအောင်ကျော်ခိုင်တို့ ပါဝင်သည်။ ဦးမန်းဂျော်နီနှင့် ဦးကျော်မြင့်တို့မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်မှာ အနိုင်ရခဲ့သော်လည်း ၂၀၁၅ တွင် တိုင်းဒေသကြီး လွှတ်တော်က ၀င်ရောက် ယှဉ်ပြိုင်စေသဖြင့် ထိုသူနှစ်ဦးမှာ ၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌများ ဖြစ်လာမည့်သူများ ဖြစ်သည်ဟုလည်း ဧရာဝတီတိုင်းဒေသကြီး NLD လွှတ်တော် ကိုယ်စားလှယ်အချို့က သုံးသပ်ကြသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးမှ သင်တန်း တက်ရောက်နေသူများထဲတွင် ဦးညွှန့်ရွှေ၊ ဒေါ်ညွန့်ညွန့်ဌေး၊ ဦးခင်မောင်ရင်နှင့် ဦးကြည်ဇင်တို့ ပါဝင်သည်။ NLD ပါတီအတွက် ပဲခူးတိုင်းဒေသကြီးမှာ ပြသ၁နာ အများဆုံး တိုင်းဒေသကြီး ဖြစ်သည်။ ထို့ကြောင့် မည်သူ့ကို ၀န်ကြီးချုပ်ခန့်အပ်မည် ဆိုသည်ကို ပါတီခေါင်းဆောင်များ အလွန်စိတ်ရှုပ်ခဲ့ရသည့် အနေအထား ဖြစ်သည်။ ယခုသင်တန်း တက်ရောက်ခဲ့သူများထဲတွင် ဦးညွှန့်ရွှေမှာ အငြိမ်းစာ ကျောင်းဆရာတစ်ဦး ဖြစ်ပြီး ဥပဒေဘွဲ့ ရထားသူ ဖြစ်သည်။ လက်ရှိတွင် ပါတီဗဟိုကော်မတီဝင် တစ်ဦးဖြစ်သဖြင့် ဦးညွန်ရွှေမှာ ပဲခူးတိုင်း ၀န်ကြီးချုပ် ဖြစ်လာနိုင်သူဟု ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ခန့်မှန်းထားသည်။ ဦးညွှန်ရွှေမဖြစ်ခဲ့လျှင် ထိုလေးဦးထဲက တစ်ဦးမှာ ၀န်ကြီးချုပ် ဖြစ်လာနိုင်သည်။
တနင်္သာရီတိုင်းမှ သင်တန်း တက်ရောက်ခွင့် ရသူများထဲတွင် ဦးဟိုပင် (ထားဝယ်) နှင့် ကိုဖြိုးဝင်းထွန်း (မြိတ်) တို့ ပါဝင်လာသည်။ ထို့ကြောင့် ထိုသူနှစ်ဦးမှာ ၀န်ကြီးချုပ် သို့မဟုတ် လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်လာနိုင်သည်ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က ခန့်မှန်းကြသည်။
တိုင်းဒေသကြီး ပြီးသည့်နောက် ပြည်နယ်များကို ကြည့်ပါက ချင်းပြည်နယ် ကိုယ်စား သင်တန်း တက်ရောက်ခွင့် ရသူများထဲတွင် ဦးဇိုဘွဲ (ဟားခါး)နှင့် ဦးအောင်သန်းတို့ ပါဝင်သည်။ ဦးဇိုဘွဲမှာ ချင်းပြည်နယ် NLD ဥက္ကဋ္ဌ ဖြစ်ပြီး ဦးအောင်သန်းမှာ အတွင်းရေးမှူး ဖြစ်သည်။ ထို့ကြောင့် ဦးဇိုဘွဲမှာ ချင်းပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်ပြီး ဦးအောင်သန်းမှာ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။ ရခိုင်ပြည်နယ်မှ သင်တန်း တက်ရောက်သူမှာ ၀န်ကြီးချုပ်ဖြစ်ရန် ရေပန်းစားနေသည့် ဦးညီပု ဖြစ်သည်။ ကရင်ပြည်နယ်မှ သင်တန်းတက်သူတွင် ဒေါ်နန်းခင်ထွေးမြင့် ပါဝင်သည်။ သူတို့နှစ်ဦးစလုံးမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးကတည်းက သက်ဆိုင်ရာ ပြည်နယ်များ၏ ၀န်ကြီးချုပ်ဖြစ်လာမည်ဟု ခန့်မှန်းထားကြပြီး သူတို့နှစ်ဦးစလုံးမှာလည်း တိုင်းရင်းသားများ ဖြစ်သဖြင့် ပါတီမူဝါဒနှင့်လည်း ကိုက်ညီသူများ ဖြစ်သည်။ NLD ပါတီအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်များမှာ သက်ဆိုင်ရာ တိုင်းရင်းသား ဖြစ်ရမည်ဆိုသည့်မူ ချမှတ်ထားသည်။
ကချင်ပြည်နယ်မှ သင်တန်း တက်ရောက်လာသူမှာ မြစ်ကြီးနား မဲဆန္ဒနယ်က ဒေါက်တာခက်အောင် ဖြစ်သည်။ အရည်အချင်း ရှိသူဖြစ်ပြီး သူ့အား ၀န်ကြီးချုပ်ခန့်ရန် ရည်ရွယ်ထားသဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်နယ်မဲဆန္ဒနယ်က ၀င်ရောက် ယှဉ်ပြိုင်ရန် နေရာချာထားခဲ့သည်ဟု NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ထို့ကြောင့် ဒေါက်တာခက်အောင်မှာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာနိုင်သူ ဖြစ်သည်။
မွန်ပြည်နယ်မှ သင်တန်း တက်ရောက်ခွင့် ရသူများထဲတွင် ဦးမင်းထင်အောင်ဟန် (မော်လမြိုင် - ၁) နှင့် မော်လမြိုင် - ၂ မဲဆန္ဒနယ်က အနိုင်ရရှိထားသူ ဒေါက်တာထိန်လင်းတို့ ပါသည်။ ကယားပြည်နယ်မှ သင်တန်း တက်ရောက်သူများမှာ ဦးတင်မြင့် (လွိုင်ကော်)၊ ဦးလှထွေး (ရှားတော) နှင့် ဦးLဖေါင်းရှို တို့ ပါဝင်သည်။ ထို့ကြောင့် ထိုသူများထဲက တစ်ဦးမှာ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။
ပြည်နယ်အားလုံးထဲတွင် ရှမ်းပြည်နယ်ကတော့ ထူးခြားသည်။ ကြံ့ခိုင်ရေးပါတီ အများစု အနိုင်ရရှိထားသော ပြည်နယ်လွှတ်တော် ဖြစ်ပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှာ ကြံ့ခိုင်ရေးပါတီက ဖြစ်လာမှာ သေချာသည်။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအား သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက မဲစနစ်ဖြင့် ရွေးချယ်ရသော်လည်း ၀န်ကြီးချုပ်ကိုမူ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ် တာဝန်ပေးရသည်။ ရှမ်းပြည်နယ်သည် ပထ၀ီနိုင်ငံရေးအရ အရေးကြီးသည့် ပြည်နယ်ဖြစ်နေခြင်း၊ လက်နက်ကိုင် ပဋိပက္ခ ပေါများခြင်းနှင့် လူမျိုးပေါင်းစုံ နေထိုင်သည့် ပြည်နယ်ဖြစ်နေခြင်းတို့ကြောင့် ထိုပြည်နယ် ၀န်ကြီးချုပ်အား NLD က သေချာရွေးချယ်မည် ဖြစ်သည်။
ရှမ်းပြည်နယ်က သင်တန်း တက်ရောက်သည့် NLD ကိုယ်စားလှယ် နှစ်ဦးမှာ ဒေါက်တာလင်းထွဋ် နှင့် ဒေါက်တာညီညီအောင် တို့ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ ရှမ်းတိုင်းရင်းသားများ မဟုတ်ပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး မူအရ ကျားခေါင်းပါတီမှ ကိုယ်စားလှယ်တစ်ဦးအား ၀န်ကြီးချုပ် ခန့်အပ်လေမလား စဉ်းစားစရာရှိသည်။ ထို့အပြင် တပ်မတော်အနေဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တပ်မတော်က အဆိုပြုသည့် ၀န်ကြီးချုပ်များ ခန့်လိုသည်ဟု NLD ဘက်အား ပြောဆိုထားကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) အောင်သန်းထွဋ်နှင့် လက်ရှိ ၀န်ကြီးချုပ်မှာလည်း ပြည်နယ်မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် မည်သူ ၀န်ကြီးချုပ် ဖြစ်လာမလဲဆိုသည်က ခန့်မှန်းရ ခက်နေသည်။ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌမှာ ကြံ့ခိုင်ရေးပါတီက ဖြစ်မှာ သေချာနေသဖြင့် ပြည်နယ်ဝန်ကြီးချုပ်ကိုမူ ကြံ့ခိုင်ရေးပါတီမှ တစ်ဦးအား NLD က ခန့်အပ်လိမ့်မည် မဟုတ်ဟု အချို့က သုံးသပ်ကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ဖေဖော်ဝါရီလ မကုန်ခင် သမ္မတကို ကြေညာမည်ဟု ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောဆိုထားသည်။ သမ္မတ ရွေးချယ်ပြီးနောက် သမ္မတက ပြည်ထောင်စု ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် ၀န်ကြီးချုပ်များကို ခန့်အပ်ရမည် ဖြစ်သည်။ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များသည် အုပ်ချုပ်ရေးပိုင်း တာဝန်ယူထားရပြီး ပြည်သူလူထု နှင့် နီးစပ်သူများ ဖြစ်သဖြင့် အရေးပါသူများ ဖြစ်သည်။ လူမှန်နေရာမှန် ဖြစ်မှသာ NLD အဖွဲ့ချုပ်က လုပ်ဆောင်မည့် ပေါ်လစီများကို အချိန်တိုအတွင်း အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် အစိုးရလက်ထက်က မဖြေရှင်းနိုင်သည့် မြေသိမ်းယာသိမ်း ကိစ္စများ၊ စီမံကိန်းများနှင့် မူးယစ်ဆေးဝါး ပြသ၁နာများကို ၀န်ကြီးချုပ်အသစ်များက ဖြေရှင်းရမည် ဖြစ်သည်။ သမ္မတနှင့်အတူ မည်သူတွေ ၀န်ကြီးချုပ်ဖြစ်လာမလဲက စိတ်ဝင်စားစရာ ကောင်းသည်။ သင်တန်း တက်ရောက်ခဲ့သည့် သူများအား NLD ပါတီက ချိတ်ပိတ်ထားသော စာအိတ်တစ်လုံးစီ ပေးသည်။ ထိုစာအိတ်ထဲတွင် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ ရာထူး ခန့်အပ်မည့်သူများ၏ နာမည်ရေးထားသည်။ ထိုစာအိတ်အား ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ စတင်သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ဖွင့်ဖောက်ရမည်ဟုလည်း မှာကြားလိုက်သည်။ မည်သူတွေ ဥက္ကဋ္ဌ ဖြစ်လာကြမည်နည်း။
စောကရင်
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment