Saturday, February 6, 2016

မီဒီယာများကို လှောင်ပြောင်နေသော ဖားကန့် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ ......

မီဒီယာများကို လှောင်ပြောင်နေသော ဖားကန့် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ ......

~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကချက်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီများ၏ ကျောက်စိမ်းများ အလွန်အကွှံတူးဖော်နေမှုများအား မီဒီယာများမှ ဖော်ပြမှုများကြောင့် ပြည်သူ့လွှတ်တော် အထီဆွေးနွေးဖြေရှင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြောင်းလည်းမှုများ မရှိခဲ့ပေ ။ယခုအခါ (၂၄) အပြည့်လုပ်ဆောင်လာနေသည်ကို တွေ့ရှိနေရပါသည် ။ ကုမ္မဏီများတွင် လုပ်ကိုင်လျှက်ရှိသော စက်မောင်း နှင့် မော်တော်ယဉ် ဝန်ထမ်းများကို Over Time ကြေးများ ပေးပြီး မော်တော်ယဉ်များကို ပိုမို အားဖြည့်လာသည်ကို တွေ့ရှိနေရပါသည် ။ကုမ္မဏီကြီးတစ်ခုမှ ယဉ်မောင်းတစ်ဦးက ပြောပြရာတွင် " ကျနော်တို့ အခုဆို ထမင်းတောင် ကိုယ်မောင်းတဲ့ ကားပေါ်မှာပဲ စားရတာဗျ ။ ထမင်းစားချိန်ရောက်ရင် ကားဆီကို ထမင်းထုတ်လာပို့ပေးတယ် ။ ကားကို စက်မသတ်ခိုင်းဘူး ၊ ကားပေါ်မှာပဲ စားရတယ် ။ " ဟု ပြောပြပါသည် ။

       ကုမ္မဏီများမှ တောင်ဖြို ကျောက်မိုင်းများကို အသုံးပြုလာသည်ကို တွေ့ရှိနေရပါသည် ။အားပြင်းသော တောင်ဖြိုမိုင်းများကို အသုံးပြုခြင်းကြောင့် နေအိမ်များ အက်ကွဲခြင်း ၊ ကလေးသူငယ်များ ထိတ်လန့်မှုများလည်း ဖြစ်ပေါ်လျှက်ရှိပါသည် ။ကုမ္မဏီဝန်ထမ်းတစ်ဦးပြောပြရာတွင် သတင်းမီဒီယာများ အနေဖြင့် မည်မျှဖော်ပြနေနေ ဂရုမစိုက်ကြောင်း ။သူတို့သည် နိုင်ငံတော်နှင့်လုပ်နေတာဖြစ်ကြောင်း ပြောဆိုနေသည်ကို ကြားသိခဲ့ရပါသည် ။ ထိုသူမှ ပြောကြားရာတွင် " မီဒီယာတွေ ကြိုးစားလိုက်ပါအုံးကွာ ။ ငါတို့က နိုင်ငံတော်နဲ့  လုပ်နေတာ ၊ဘယ်သူ့မှ ဂရုစိုက်စရာမလိုပါဘူး ။နောက်ထပ်ကားတွေတောင် ထပ်ရောက်လာဘို့ ရှိသေးတယ် ။ " ကုမ္မဏီများတွင် အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်းများ၏ အစုရှယ်ယာများစွာ ပါဝင်နေသည်မှာ သေချာနိုင်ကြောင်း ဖားကန့်မှ အမည်မဖော်လိုသူ ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးက သူ့အမြင်ကို ပြောပြသွားပါသည် ။လက်ရှီ အာဏာလွှဲပြောင်းပြီးရင်တောင် ကျောက်စိမ်းကုမ္မဏီများကို ချုပ်ကိုင်ရန် ခက်ခဲနေနိုင်သေးကြောင်း၎င်းက ဆက်လက်ပြောကြားခဲ့သည် ။

    လက်ရှိအချိန်တွင် ကျောက်စိမ်းကုမ္မဏီများ၏ စည်းကမ်းမဲ့စွာ တူးဖော်လုပ်ကိုင်မှုများ ဒေသအာဏာပိုင်များက လျစ်လျူရှုနေလျှက်ရှိပြီး တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးနေကြသော  ဒေသခံ ရေမဆေး ကျောက်ရှာဖွေသူများကို တရားမဝင် ကျောက်ခိုးတူးသည်ဟု ဆိုကာ ဖမ်းဆီးပြီး ကျောက်ကြည့်ဓါတ်မီး ၊ ပိုက်ဆံ ၊ ဖောက်စက် စသည်များကို ရဲ နှင့် စစ်သားများမှ သိမ်းယူထားပြီး ကိုယ်ထိလက်ရောက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ဥပဒေအတိုင်း ဆောင်ရွက်ခြင်းမရှိသည့်အပြင် စွန့်ပစ်မြေဇာ ပစ်သော ကားများပေါ်တွင် လူပေါင်းရာချီတင်ဆောင်ပြီး မိုးကောင်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါသည် ။ဖမ်းဆီးခံခဲ့ရပြီး ဖားကန့်သို့ ပြန်လည်ရောက်ရှိလာသော တန့်ဆည်မြို့ နယ်မှ ရေမဆေးကျောက်ရှာဖွေသူ ကိုခင်မောင်ရွှေက ပြောပြရာတွင် " မြေဇာသယ်တဲ့ ကားနဲ့ လူတွေစုပြုံတင်သွားတာဗျ ။ လမ်းမှာ သေးလည်းမပေါက်ခိုင်းဘူး ၊ လူကလည်း ပြည့်ကြပ်နေတာပဲ ၊ နန့်ယားလောက်ရောက်တော့ လောပန်းရှိတဲ့ လူတွေက လိုက်ရွေးကြတယ်ဗျ ။ဒါပေမဲ့ အရွှေးမခံဘူးဗျ ။  အရင်က အဲလို လိုက်ရွှေးရင် ရတယ်ကြားတယ် ။ " ဟု ပြောပြပါသည် ။ မိုးကောင်းရောက်ခါနီး (၈) လမ်းဆုံရောက်ရင် သူချင်ရာ သွားခိုင်းပြီး မသွားချင်ပဲ ကျန်နေသည့်လူများကို မိုးကောင်းမြို့  ရောက်သည်နှင့် မြေဇာသွန်သလို ဒန့်လှန်ချပြီး ထားသွားသည်ဟု ကိုခင်မောင်ရွှေက သူ၏အတွေ့ အကြုံ ကို ပြောပြခဲ့ပါသည် ။

ဇော်မိုးထက်

https://m.facebook.com/story.php?story_fbid=925424817572354&id=100003145345828

No comments: