Thursday, February 4, 2016

“၅၉ (စ) ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပါပဲဆိုတဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသိန်းဆွေနှင့် ခဏတာ”

“၅၉ (စ) ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပါပဲဆိုတဲ့ ပြည်ခိုင်ဖြိုး ဗဟိုကော်မတီဝင် ဦးသိန်းဆွေနှင့် ခဏတာ” ------ ------ ------ ------ ``၅၉ (စ) ဆိုင်းငံ့ပြင်ဆင်မှုတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားရမှာပေါ့။ အန်ကယ်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုဆိုထားလဲ ဆိုတာကို အခုချိန်ထိ လေ့လာနေတုန်းဖြစ်ပါတယ်။ လုပ်နိုင်တဲ့ကိစ္စလား၊ မလုပ်နိုင်တဲ့ကိစ္စလားဆိုတာကို ဥပဒေပညာရှင်မဟုတ်တဲ့အတွက် ဒီကိစ္စကို ပြန်လေ့လာတိုင်ပင်ပြီး ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ရပါမယ်``ဟု ၄-၂-၂၀၁၆ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ရောက်ရှိလာသည့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးသိန်းဆွေက သတင်းထောက်တွေကို ပြောပါတယ်။ ၅၉ (စ) အတွက် တပ်မတော်က ပြည်နယ်/တိုင်း အချို့ဝန်ကြီးချုပ်နေရာနဲ့ ဆိုင်းငံ့မှုနဲ့ လဲလှယ်မှာလား မေးခွန်းကိုတော့- ``ဒီကိစ္စကိုတော့ မကြားပါဘူး။ တပ်မတော်အနေနဲ့လည်း တခုပေး တခုယူဆိုပြီး လုပ်ရင်လဲ အန်ကယ်တို့အနေနဲ့ သိနိုင်မယ် မထင်ပါဘူး။ အဓိက,ကတော့ နိုင်ငံနဲ့လူမျိုးအကျိုးအတွက်ပဲ ဆောင်ရွက်မယ်လို့ ထင်ပါတယ်။” ပြည်ခိုင်ဖြိုးပါတီနှစ်ပိုင်းကွဲနေပြီလို့ ပြင်ပမှာ ပြောနေမှုအပေါ်ကို ဦးသိန်းဆွေက ``နှစ်ပိုင်းကွဲတာ မဟုတ်ပါဘူး။ အမြင်မတူတာတွေတော့ ရှိပါတယ်။ သဘောထား မတိုက်ဆိုင်တာတွေလည်း ရှိပါတယ်။ ဒီလိုဖြစ်မှ ပါတီက ရှင်သန်မှာပါ။ အရင်လို တသွေး တသံ တမိန့်နဲ့ မရနိုင်တော့ပါဘူး။ ကွဲတယ်ဆိုတာတော့ မရှိပါဘူး။ ပါတီတွင်း အထက်၊ အလယ်၊ အောက်ခြေ မှာတော့ အမြင်မတူတာလေးတွေတော့ ရှိပါတယ်။” ပါတီညီလာခံလုပ်ရင် ပါတီဝင်အချို့ထုတ်မယ်လို့ သတင်းကြားတဲ့အပေါ်ကို ဦးသိန်းဆွေက``ပါတီညီလာခံရောက်ရင်တော့ ဗဟိုကော်မတီဝင်တွေ နှုတ်ထွက်ပေးရပါတယ်။ ပြီးတော့မှ တက်လာတဲ့ ကိုယ်စားလှယ်တွေက အသစ်ပြန်ရွေးရပါတယ်။ ထုတ်ပယ်တာတော့ မဟုတ်ပါဘူး။ ရွေးချယ်ခံရသူတွေက ဆက်လုပ်မယ်။ ပါတီကိုယ်စားလှယ်လူထုက မကြိုက်တဲ့သူကတော့ ဘေးဖယ်ပေးရမှာပေါ့။ ဒီသဘောပါ။ ထုတ်တယ်ဆိုတာတော့ မရှိပါ။ စည်းကမ်းဖောက်ဖျက်ရင်တော့ စည်းမျဉ်း စည်းကမ်းအရ အရေးယူတာတော့ ရှိမှာပါ။ ပါတီတခုဆိုတာကတော့ အင်အားများလေ ကောင်းလေပေါ့။ အင်အားနည်းသွားအောင်တော့လုပ်မယ့် အစီအစဉ်မရှိပါဘူး။” ထွန်း(နေပြည်တော်)

No comments: