Monday, November 16, 2015

တစ်ကျော့ပြန် တစ်ပါတီစနစ်သို့

တစ်ကျော့ပြန် တစ်ပါတီစနစ်သို့

16-11-2015

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ပါဝင်သည့် ၂၀၁၅ ခုနှစ် မြန်မာ့ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး ရလဒ်များကြောင့် နိုင်ငံ့ရှေ့ရေး စိုးရိမ်စရာဖြစ်နေသည်။ မြန်မာပြည်သူလူထုမှာ တစ်ပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ကြိုးစားရင်း ယင်းနစ်ကို ကိုယ်တိုင်ရွေးချယ်မိခဲ့ကြသည်။
သမိုင်းကိုပြန်ကြည့်ရလျှင် ပါလီမန် ဒီမိုကရေစီခေတ် ရွေးကောက်ပွဲကို လစ်ဘရယ် ဒီမိုကရေစီ ရွေးကောက်ပွဲဟု သမုတ်ခဲ့ကြသည်။ လွတ်လပ်စွာ ဟောပြော မဲဆွယ်ခြင်း မိမိတို့၏ မူဝါဒ သဘောတရားများကို မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ အသံ ကျယ်လောင်စွာ ပြောဆိုခွင့်လည်း ရှိခဲ့သည်။ စည်းကမ်း သေ၀ပ်မှုများစွာ ဂရုမထားဘဲ စည်းရုံး လှုံ့ဆော်မှုကို ပြုခဲ့ကြသည်။ ကိုယ့်ပါတီ အနိုင်ရရေး အတွက် အဓိက ထားခဲ့ကြသည်။ နိုင်ငံရေး ယဉ်ကျေးမှုကို ခပ်ကြမ်းကြမ်း ဖော်ဆောင်ခဲ့ကြသည်။ Statements Politics ခေါ်သည့် အမြော်အမြင်၊ သဘာနှင့် အတွေ့ အကြုံတို့ကို များစွာ အခြေမခံကြဟု ဆိုရပေမည်။ တချို့ ပါတီများက အိုးနင်း ခွက်နင်း၊ လူသတ်မှု ရာဇ၀တ် ဂိုဏ်းများပင် ဖွဲ့စည်း လုပ်ဆောင်ခဲ့ ကြသည်ကို တွေ့ကြုံခဲ့ရသည်။ ဆိုရှယ်လစ်ဒီမိုကရေစီအရ ရွေးကောက်ပွဲများကို ၁၉၇၄ ခုနှစ်မှ စတင် ပြုလုပ်ခဲ့သည်။ တစ်ပါတီ စနစ်ဖြစ်၍ အမတ်လောင်းများ အားလုံးကို လမ်းစဉ်ပါတီမှ လျာထားပေးခဲ့သည်။ ပြည်သူက ကြိုက်သလား၊ မကြိုက် ဘူးလား ဆိုသည်ကို အဓိကမထား၊ ဗဟိုက ချပေးသော ကိုယ်စားလှယ်လောင်းကို မဲအနိုင်ရရှိအောင် အောက်ခြေ ပါတီဝင်များက စည်းရုံးပေး ခဲ့ရသည်။ ပြိုင်ဘက်မရှိ ကိုယ်စားလှယ် တစ်ဦးတည်း ဖြစ်သော်လည်း ကန့်ကွက်၊ ထောက်ခံမဲပုံး နှစ်မျိုးထား၍ ရွေးချယ်ရသည်။ ရှုံးနိမ့်သူ ရှိသော်လည်း အလွန် အရေအတွက် နည်းပါ သည်။ စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော်နှင့် ပြည်သူ့ ကောင်စီ အဆင့်ဆင့် ရွေးချယ်ပွဲတွင် ပိုမို သိသာခဲ့သည်။ အောက်ခြေ ပါတီဝင်များ အကြား၌ မနှစ်သက်သည့် သဘောထားများ ပေါ်ပေါက်ခဲ့ရသည်။ မဲဆန္ဒရှင် ပြည်သူများ အကြား၌ ဆိုဖွယ်ရာ မရှိတော့ပေ။ ‘‘ပြည်သူ့ထံမှ ပြည်သူ့ထံသို့’’ ဟုဆိုသော ပါတီ၏ ဗျူဟာ ပျောက်ကွယ် သွားခဲ့သည်။ ဗဟိုမှ ချပေးသော မူကိုသာ အကောင်အထည် ဖော်ပေးရတော့သည်။ ထိုအခါ တစ်ပါတီ အာဏာရှင် သရုပ် ပီပြင်သွားခဲ့ပြီး ပြည်သူ ကြား၌ အခြေမလှ ပျက်စီးရသော ကိန်းကို ဆိုက်ခဲ့တော့သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၄၁ နှစ်ကျော် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် တစ်ထပ်တည်းဖြစ်နေသည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပါတီအချို့နှင့် ပါတီခေါင်းဆောင် အချို့ မဲရလျှင်ပြီးရောဟူသည့် အတွေးနှင့် အိုးနင်းခွက်နင်း ပြောဆိုစည်းရုံးခဲ့ကြသည်။ လက်ရှိ အနိုင်ရပါတီတွင် အမတ်လောင်းများအားလုံးကို ဗဟိုက စိတ်ကြိုက်လျာထားရွေးချယ်ခဲ့ပြီး လူကိုမကြည့်ဘဲ မဲပေးဖို့ပြောဆို စည်းရုံးခဲ့ကြသည်။ ပါတီကြီးတစ်ခုတည်းက သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် လွှတ်တော်ကိုရော အစိုးရကိုရော ဦးဆောင်ရတော့မည်ဖြစ်သည်။ သို့သော် အနိုင်ရ လွှတ်တော် အမတ်များမှာ ကိုယ်ပိုင်အရည်အချင်းနှင့် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ လက်ညှိုးထောင် ခေါင်းငြိမ့်သာ ဖြစ်မည်ဟူ၍လည်းကောင်း၊ ရွေးချယ်ခံရမည့် သမ္မတမှာ နဖားကြိုးထိုးခံ နွားတစ်ကောင်သာ ဖြစ်မည်ဟူ၍လည်းကောင်း ဝေဖန်ခံနေရသည်။ သမိုင်းအစဉ်အလာအရ သက်တမ်း တစ်ဝက် မတိုင်မီ အောက်ခြေပါတီဝင်များအကြား သဘောထားကွဲလာနိုင်ပြီး ဗဟိုဦးစီးမှုလွန်ကဲကာ တစ်ပါတီအာဏာရှင် သရုပ်ကို ပြည်သူတို့ ပီပီပြင်ပြင်တွေ့လာရနိုင်သည်။
ပြည်သူများအနေဖြင့် ဘယ်သူမပြု မိမိမှုဟုသာ ဖြေသိမ့်ရမည်ဖြစ်သည်။ သို့သော် လာမည့်သက်တမ်းအတွင်း အစိုးရနှင့် လွှတ်တော်ကို ထိန်းကျောင်းနိုင်သည့် အင်အားကြီး အတိုက်အခံ မရှိခြင်း၊ မဏ္ဍိုင်များကို ထိန်းကျောင်းရမည့် မီဒီယာများက လက်ကိုင်တုတ်ဖြစ် နေခြင်းကြောင့် ၂၀၁၆ တစ်ကျော့ပြန် တစ်ပါတီအာဏာရှင်အစိုးရမှာ မဆလအစိုးရ ထက်ပင် သက်ဆိုးရှည်နိုင်ရာ နောက်တစ်ကြိမ် ခေတ်ပြောင်းချိန်ကိုသာ ပြည်သူတို့ မျှော်လင့်စောင့်စား ကြရတော့မည်ဖြစ်သည်။

ဒေါက်တာ မာကျူရီ


No comments: