ကုသိုလ်ယူရင်း အပန်းဖြေစရာ မိတ္ထီလာကန်သာ
အေးမြသန့်ရှင်းသည့် လေကိုရှူရင်း နေဝင်ချိန်ဆည်းဆာအလှနှင့်တွဲ၍ ကန်ရေပြင်ကိုကြည့်ပြီး ဂစ်တာတီးရင်း သီချင်းဆိုနေသည့် မိတ္ထီလာ တက္ကသိုလ်ကျောင်းသားများ၏ တေးသံက ကန်ပေါင် တစ်လျှောက် ပျံ့လွင့်နေသည်။
လေပြည်လေညင်းများက မိတ္ထီလာကန်ပေါင်တစ်လျှောက် တိုက်ခတ်နေသလို အနောက်ဘက် သို့ မျှော်ကြည့်လိုက်ပါက ကြည်ညိုဖွယ်ရာကောင်းသည့် ဓမ္မသုခကန်ဦးရွှေစည်းခုံစေတီတော် ကြီးကို မြင်တွေ့ဖူးမြော်နိုင်ပြီး မိတ္ထီလာမြောက် ကန်ရေပြင်တို့က တွဲဖက်ကြည့်ရသည်မှာ ပနံတင့် လှသည်။
ကန်ပေါင်သို့ လာရောက်အပန်းဖြေကြသူတို့အဖို့ ကန်ရေဖွေးဖွေး၌ လှိုင်းကြပ်ခွပ်လေး များကို ကြည့်ရသည်မှာ စိတ်ကြည်နူးမိမှာ အမှန်ပင်။
မိတ္ထီလာ၏ နေဝင်ချိန် ညနေဆည်းဆာအချိန်တွင် ကန်ပေါင်တစ်လျှောက် အားကစား လေ့ကျင့်ခန်းလုပ်သူများ၊ လေညင်းခံကြသူများ၊ လမ်းလျှောက် လာကြ သူများနှင့် ဘုရားဖူးလာကြ သူများက ပြည့်နှက်၍ နေရာ ယူထားကြသည်။
''ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ အလွန်ဝမ်းသာပီတိဖြစ်မိတယ်။ ကျွန်မက အသက် ၇ဝ ကျော်ပါပြီ။ ဒီလုပ်ငန်းတွေ မပြီးခင်ကတည်းက ဘုရားလည်းဖူးရင်းနဲ့ ကန်ဘက်ကို လမ်း လျှောက်ချင်နေတာ။
အခုတော့ ဆန္ဒတွေပြည့်ဝသွားပါပြီ။ အရင်ကတော့ ရေလယ်ဘုရားနဲ့ နဂါးရုံ ဘုရားကိုပဲ သွားရတယ်။ အခု ကန်ဦးရွှေစည်းခုံစေတီကိုဖူးပြီး ပြန်လာတာ ပါ''ဟု လမ်းလျှောက်ရင်း ဘုရားဖူးလာသည့် နန်းတော်ကုန်းရပ် ကွက်နေ ဒေါ်ကြည်အေးက ပြောသည်။
''အခုလိုလုပ်ပေးတဲ့အတွက် အားလုံးနီးပါးပြည့်စုံပါတယ်။ ကန်ပေါင် တစ်လျှောက်မှာလည်း မြက်ခင်းတွေ၊ ပန်းပင်တွေနဲ့ သာယာလှပနေ ပါတယ်။ စေတီကလည်း ရွှေရောင်တဖိတ်ဖိတ်ထနေတော့ ကြည်ညိုသဒ္ဓါပွားများစိတ်တွေဖြစ်မိတယ်။
ကျွန်တော့်အနေနဲ့ တွေးမိတာကတော့ ညပိုင်းလမ်းလျှောက် သူတွေအတွက် အလင်းရောင်တွေရအောင် ဓာတ်မီးတိုင်တွေ ထွန်းပေးပြီး နေခင်း ဘက်မှာလည်း အရိပ်တွေရအောင် အကြီးမြန်တဲ့ သစ်ပင်တွေ စိုက်ပျိုး ပေးရင်ပိုကောင်းမှာပါ''ဟု ဒေသခံတစ်ဦးက အကြံပြုပြောကြားသည်။
ထိုနေရာသည် မကြာသေးမီက မိတ္ထီလာကန် ပြန်လည်ပြုပြင်တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းတည်ဆောက်ခဲ့သည့် မိတ္ထီလာ မြောက်ကန်နှင့် တောင်ကန်နှစ်ခု၏အကြား၌ ဆည်ဖို့ထားသည့် ကန်ကြား ကန်ပေါင်ဖြစ်သည်။
''ကျွန်မက ရမည်းသင်း ကနေ မိတ္ထီလာမှာအဆောင်နေပြီး မိတ္ထီလာ တက္ကသိုလ်မှာ ကျောင်းလာတက်တာပါ။ ဒီလိုကန်ပေါင်မှာ လမ်းလျှောက်ပြီး ညနေပိုင်းအပန်းဖြေရင်း လမ်းလျှောက်ထွက်ရတာ စိတ်ထဲမှာ ကြည်နူးမိတယ်။ အရင်တုန်းကလည်း ဒီနေရာကို လာဖူးပါတယ်။ ‘ဒါပေမယ့် မှောင်တဲ့အတွက် သိပ်မလာဖြစ်ဘူး။ အခုတော့ ကျန်းမာရေးအတွက် လမ်းလျှောက်ထွက်ရင်း အပန်းဖြေလို့ရပါတယ်။ ကန်ရေပြင်ကိုကြည့်ပြီးတော့ အိမ်ကမိဘတွေကိုတော့ လွမ်းမိတယ်''ဟု တက္ကသိုလ်ကျောင်းသူ မခင်ပပသွင်က အိမ်လွမ်းစိတ်ဖြင့် ပြောသည်။
''တကယ်တမ်း ပြန်တွက်ကြည့်မယ်ဆိုရင် ရန်ကုန်မှာ ကန်တော်ကြီးနဲ့ အင်းလျားမှာအပန်းဖြေရင်း ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ကြတယ်။ မန္တလေးမှာဆို ကျူံးတစ်ဝိုက်မှာလာပြီးတော့ အပန်းဖြေလေ့ကျင့်ခန်း လုပ်သူ တွေနဲ့ သာယာနေပါတယ်။ ကျွန်တော်တို့ မိတ္ထီလာကတော့ ဒီကန်ဟာ မြို့ရဲ့ အထိမ်းအမှတ်တစ်ခုပါပဲ။ အခုလို သာယာလှပအောင် လုပ်လိုက်တဲ့ အတွက် မြို့အတွက် ပိုကျက်သရေရှိသွားတယ်။ နောက်ပြီးတော့ မြို့နေပြည် သူတွေ အနေနဲ့ ကျန်းမာရေးအတွက် အပန်းဖြေလမ်းလျှောက်ရင်း ကုသိုလ် တရား ပွားများနိုင်သွားပါပြီဗျာ''ဟု မြို့နေဒေသခံတစ်ဦးက ရန်ကုန်၊ မန္တလေးမြို့ကြီး များနှင့် ခိုင်းနှိုင်းမှတ်ချက်ပြုသည်။
''ယခုကန်ပေါင်တစ်လျှောက်မှာ ဒီလိုမပြီးခင်ကတည်းက သာသာယာ ယာဖြစ်သွားတာကိုကြည့်ပြီး လေညင်းခံရင်း ညနေစောင်းမှာ လမ်းလျှောက် ထွက်တယ်၊ အခုလို သာယာသွားတဲ့အတွက် စိတ်ထဲမှာကြည်နူးမိတယ်။ အရင်က ‘ဒီနေရာတွေမှာ ရွှံ့တွေ၊ ဗွက်တွေရှိတယ်။ ‘ဒီလိုလုပ်လိုက်တဲ့အတွက် အရွယ်သုံးပါးစလုံး အပန်းဖြေလို့ရသွားတယ်''ဟု ကန်ပေါင်တစ်လျှောက်တွင် အမြဲတမ်းလမ်းလျှောက်တတ်သည့် မိတ္ထီလာတက္ကသိုလ်မှ ဓာတ်ခွဲခန်းမှူး ဦးကျော်ဝင်းက ဆိုသည်။
ထိုကန်ပေါင်အား ပြန်လည်ပြုပြင်စဉ် အများပြည်သူ အပန်းဖြေနိုင်အောင် ကန်ပေါင်လမ်းအား ကွန်ကရစ်များခင်းပေးခဲ့ပြီး ယင်းအပေါ်တွင် အားကစား ပြုလုပ်နိုင်သည့် အားကစားအထောက်အကူပြုပစ္စည်းအမျိုးမျိုးနှင့် ကလေး အားကစားပစ္စည်းများပါ တပ်ဆင်ပေးခဲ့သည်။
ကန်ပေါင်သို့ လာရောက်အပန်းဖြေသည့် ရန်မျိုးအောင်ရပ်ကွက်နေ မသဉ္ဇာလှိုင်ကလည်း ''ကန်ကြီးကို ပြန်လည်တူးဖော်ပေးတာနဲ့အတူ ‘ဒီကန် ပေါင်လေးမှာ ကိုယ်လက်လှုပ်ရှားလို့ရအောင် အားကစားပစ္စည်းတွေ ထားထားတာ တကယ်ကိုကောင်းပါတယ်။ ကန်ပေါင်မှာ လမ်းလျှောက်ရင်းနဲ့ လေကောင်းလေသန့်ရှူလို့ရတယ်။ ဒီနေ့ဆိုရင် တစ်နေကုန်ပင်ပန်းသမျှ ကန်ပေါင်မှာ အေးအေးဆေးဆေး လှမ်းလာလျှောက်ရင်း အပန်းဖြေဖြစ်တယ်။ ကန်ထိပ်မှာ ကန်ဦးစေတီလည်း တည်လိုက်တော့ ဘုရားဖူးရင်း ကုသိုလ်ယူလို့ ရပါတယ်။ ဒီကို ကလေးတွေ ကစားချင်လို့ လိုက်ပို့တာနဲ့ နောက်ဆို မကြာမကြာ ရောက်ဖြစ် လိမ့်မယ်ထင်ပါတယ်။ ‘ဒီက ကစားတဲ့ပစ္စည်းတွေ မြန်မြန်ပျက်စီး သွားမှာတော့ စိုးရိမ်မိတယ်''ဟု ပြောပြသည်။
ယခုအခါ မိတ္ထီလာကန်သည် စိုက်ပျိုးရေ၊ သောက်သုံးရေ ဖြန့်ဝေပေးနိုင် သည့် နေရာတစ်ခုသာမက ဒေသခံများ၏ အပန်းဖြေစရာနေရာတစ်ခု ဖြစ်လာ ခဲ့ပြီဖြစ်သည်။
''အခုလို ကန်ကိုပြန်လည်တူးဖော်လိုက်တော့ သန့်သန့်ရှင်းရှင်း ဖြစ်သွား တာကိုတွေ့ရတယ်။ ကန်မတူးခင်က ‘ဒီလောက်မသာယာဘူး၊ အခုတော့ ကန်ပေါင်ပေါ်မှာ လျှောက်လမ်းလုပ်ပေးထားတာလည်း တော်တော်ကောင်း တယ်။ အားကစားပစ္စည်းတွေလည်း လုပ်ပေးထားတော့ ‘ဒီကန်ကိုရောက်ရင် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်တယ်။ အားကစားလုပ်ရင်း လေကောင်းလေသန့် ရတော့ လူကြီးရော လူငယ်ပါ အတော်ကောင်းတယ်။ တစ်ခုပြောချင်တာ ကတော့ ‘ဒီလိုပြုပြင်ထားတဲ့ဟာတွေကို ရေရှည်ခိုင်မြဲအောင် ထိန်းသိမ်းဖို့က အရေးကြီးပါတယ်''ဟု ရတနာမန်အောင်ရပ်ကွက်နေ ဦးထွန်းဆင့်က ပြော သည်။
နန်းတော်ကုန်းရပ်ကွက်နေ ဒေါ်ဝေဝေမောင်ကလည်း ''ဒီကန်ကြား ကန်ပေါင်လေးပြီးသွားတော့ မိတ္ထီလာကန်က တော်တော်လေးသာယာသွား တယ်။ အရင်ကဆို ‘ဒီကန်ပေါင်လမ်းကို ညဘက်ဆို သိပ်မသွားရဲဘူး၊ လမ်းက ဆိုးလည်းဆိုးတယ်၊ လူလည်းပြတ်တယ်။ လုယက်တာတွေလည်း ရှိခဲ့တယ်။ အဲဒါတွေကြောက်လို့ ‘ဒီကန်ပေါင်လမ်းက ညဘက်ပြန်ရမယ်ဆို ကားငှားပြီးပဲ ပြန်ပါတယ်။ အခုဆို ကန်ပေါင်လမ်းက တော်တော်လည်း သာယာသွားတယ်။ လူစည်ကားသွားတော့ အိမ်ပြန်ရင် လမ်းလျှောက်ပဲပြန်ဖြစ်တော့မယ်။
ကျန်းမာ ရေးလည်း ကောင်းတာပေါ့''ဟု ပြောသည်။
''အခုလို ကန်ပေါင် ကို သာယာအောင်လုပ်သွားတော့ ‘ဒီမှာဂစ်တာတီး၊ သီချင်းဆိုရတာ တော်တော်ကောင်းတယ်။ အရင်ကဆို ဟိုဘက်နားမှာရှိတဲ့ ကျွန်တော်တို့အခေါ် ဦးပိန်လို့ခေါ်တဲ့ တံတားနားလေးကို သွားပြီး ဂစ်တာ တီးရပါတယ်။ အခုဒီမှာ ကန်ပေါင်လေးကလန်းသွားတော့ ‘ဒီမှာပဲလာတီးဖြစ် တယ်။ လူတွေကလည်း အများကြီး၊ အားကစားပစ္စည်းတွေလည်း ရှိတယ်။လေကောင်းလေသန့်ကလည်းရတယ်ဆိုတော့ ‘ဒီကိုလာပြီး ဂစ်တာတီးဖြစ်တာ များပါတယ်''ဟု တက္ကသိုလ်ကျောင်းသား ချစ်ဇွဲထူးက ပြောသည်။
အနာဂတ်ကာလတွင် မိတ္ထီလာကန်ပေါင်တစ်လျှောက်၌ တက္ကသိုလ်
ကျောင်းသား များ၏ သီချင်းသံ၊ ကလေးငယ်များ၏ ကစားသံတို့ဖြင့် စည်ကားနေမည်ဖြစ်သလို အရွယ်သုံးပါးတို့၏ အပန်းဖြေစရာနေရာ၊ ကုသိုလ် ပွားများရာနေရာဖြစ်လာတော့မည်မှာ မလွဲဧကန်ဖြစ်တော့မည်ဟု ဆိုချင် ပါကြောင်း။
ရေး-ညီညီထွန်းနှင့်အဖွဲ့
ဓာတ်ပုံ-ရွှေကိုကိုလေး
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment