Friday, September 13, 2013

မိတ်ဆွေ

ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေ အထူးသဖြင့် ဝေဟင်ချစ်သူ စဖြစ်ကတည်းက အားပေးလာတဲ့ အခိုင်အမာ စာဖတ်ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ ခုလို စာဖတ်ပရိတ်သတ်တွေရဲ့ အင်အားတွေကြောင့် ဝေဟင်ချစ်သူကို ဖျက်သိမ်းပြီးမှ ပြန်စခဲ့ရတာပါ။ ကျွန်တော် ဒီစာမျက်နှာမှာ ရေးသားတဲ့ စာတိုင်းကို အကျိုးအမြတ် တစ်ခုခုတော့ ကျန်ခဲ့ရမယ် ဆိုလိုတာ effective ဖြစ်ရမယ်ဆိုတဲ့ သဘောနဲ့ ရေးတာပါ။ ကျွန်တော် ပြန်ကြားသလောက် အတော်လေးလဲ effective ဖြစ်တာတွေ များပါတယ်။ နောက် ဝေဟင်ချစ်သူ ဘယ်သူလဲဆိုတာ အသေအချာ သိချင် စုံစမ်းချင်သူတွေ များပါတယ်။ ကျွန်တော်ဘယ်သူဆိုတာကိုလည်း ထုတ်ဖော် ပြောကြားထားပြီးဖြစ်လို့ အချို့စာဖတ်ပရိတ်သတ်တွေ ဆိုရင် ကျွန်တော့် personal account မှာ မိတ်ဆွေတောင် ဖြစ်နေပါပြီ။ ကျွန်တော် ဘယ်သူဆိုတာ အသိပေးခြင်းရဲ့ နောက်ကွယ်မှာ ကျွန်တော်ရေးသားတာကို ကျွန်တော် တာဝန်ယူမှု အပြည့်ရှိတယ်ဆိုတာကိုပါ အသိပေးချင်တာဖြစ်ပါတယ်။ အွန်လိုင်း မီဒီယာအများစုဟာ ရေးသူ ဘယ်သူဘယ်ဝါမှန်းမသိ ရေးတိုင်းလည်း တာဝန်ခံနိုင်ခြင်း မရှိတာ များပါတယ်။ ကျွန်တော် ကောလဟာလ သတင်း ဘယ်တော့မှ မလွှင့်ခဲ့သလို သတင်းဇစ်မြစ်တိကျမှသာ ထုတ်ပြန်လေ့ရှိတာပါ။ ကျွန်တော်ဟာ စစ်ရေးအထူးလေ့လာသူ အိုင်တီနည်းပညာ တတ်ကျွမ်းသူ အခြေခံလေကြောင်းပညာကို နားလည်သူ နိုင်ငံရေး ပထဝီဝင်နဲ့ ပထဝီဝင်နိုင်ငံရေးတို့ ကမ္ဘာ့နိုင်ငံရေး စစ်ရေး မြန်မာ့နိုင်ငံရေး စစ်ရေး အခြေအနေကို စဉ်ဆက်မပြတ်လေ့လာနေသူ ရှေ့မီ နောက်မီ ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေကို နားထောင်ခဲ့ရသူ ငယ်စဉ်ကတည်းက အမိနိုင်ငံတော်ကို ချစ်မြတ်နိုးတဲ့စိတ်ကို ရိုက်သွင်းခဲ့သူ ယခုလည်း ပတ်ဝန်းကျင်မှာ လေးစားထိုက်တဲ့ အရာရှိကြီးတွေရဲ့ ဆုံးမမှုကို နာယူနေရသူဖြစ်လို့ ကျွန်တော် ဝါသနာပါတဲ့ အတွေးအခေါ်နဲ့ နည်းပညာပါ ရောနှောသော နိုင်ငံရေးနှင့် စစ်ရေး စာပေတွေကို ရေးသားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ယခုတိုင် သေသည်အထိ ပညာသင်ယူဆဲလို့သာ သတ်မှတ်ထားတာကြောင့် ဘယ်တော့မှ အတ္တကြီးဖို့ စိတ်မကူးခဲ့ပါ။ ကျွန်တော့်ဘဝမှာ ကျွန်တော့်ပြိုင်ဘက်က ကျွန်တော်ကိုယ်တိုင်ပါပဲ။ အခုတင်မက နောင်အနာဂတ်ပေါင်းများစွာမှာလည်း ကျွန်တော်ဟာ မိမိတတ်နိုင်သလောက် နိုင်ငံတော်အတွက် တာဝန်ထမ်းရွက်သွားမှာပဲဖြစ်ပါတယ်။ ယခုလည်း ကျွန်တော် အလွန်အံ့အားသင့်ခဲ့ရပါတယ်။ မနေ့ကနဲ့ ဒီနေ့ ၂ ရက်တည်း ကျွန်တော့်စာမျက်နှာကို Like လုပ်တဲ့သူ ၁၀၀၀ ကျော်ရှိပါတယ်။ ကျွန်တော် မထင်ထားခဲ့ဖူးပါ။ ဘာပဲပြောပြော ကျွန်တော့်ကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝေဟင်ချစ်သူဆိုတာ ပုဆိုးခြုံထဲက လက်သီးပုံးပြနေတဲ့ သူများ အတွေးအခေါ်နဲ့ စာပေတွေကိုသာ ကူးချနေတဲ့ သာမန် အွန်လိုင်း social network စာမျက်နှာမဟုတ်ပဲ နိုင်ငံတော်အတွက် အကျိုးရှိနိုင်မယ့် စာများကို တာဝန်ယူမှု အပြည့်နဲ့ တင်ဆက်ပေးနေတဲ့ နေရာတစ်ခုဆိုတာကို အမြဲတမ်း သက်သေပြနေမှာပါ။ PS: ကျွန်တော့်ထံကို friend request ပြုလုပ်သော်လည်း facebook profile အတုဟု ယူဆရသူများကိုတော့ ကျွန်တော် လက်မခံပါ။ စာဖတ်သူတို့အား လေးစားစွာဖြင့် ဝေဟင်ချစ်သူ

No comments: