Sunday, September 22, 2013

တစ်လအတွင်း

တစ်လအတွင်း ဂျပန်အပါအ၀င် နိုင်ငံပေါင်း ခြောက်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၃၁ သန်းကျော် ထပ်မံမြှုပ်နှံခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော် ရှိလာ တစ်လအတွင်း ဂျပန်၊ ဟောင်ကောင်၊ စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ခြောက်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၇၃၁ သန်းကျော် ထပ်မံမြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်လျက်ရှိရာ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄၂ ဘီလျံကျော်ရှိပြီး သြဂုတ်လအတွင်း တရုတ်၊ ဟောင်ကောင်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၇၃၁ သန်း ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့သည့်အတွက် စုစုပေါင်းမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်အထိ ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံများမှ ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ရာတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် မြှုပ်နှံမှု အများဆုံးဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း၌ ပြည်ပနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် အများဆုံးဝင်ရောက် မြှုပ်နှံမှုပြုနေကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် ပြည်ပနိုင်ငံများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ခွင့်များ ချထားပေးရာတွင် သြဂုတ်လအတွင်း၌ အထည်ချုပ်လုပ်ငန်း၊ မော်တော်ကား အပိုပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း၊ မြေငှားရမ်း၍ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းများ အပါအ၀င် လုပ်ငန်းပေါင်း ၂၁ ခုအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် သြဂုတ် ၃၁ ရက်အထိ တရုတ်နိုင်ငံမှ မြှုပ်နှံထားမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၁၈၉ သန်းကျော်၊ ဟောင်ကောင်မှ အမေရိကန်ဒေါ်လာ ၆၄၄၆ သန်းကျော်၊ ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၀၃၇ သန်းကျော်၊ စင်ကာပူမှ အမေရိကန်ဒေါ်လာ ၂၄၃၆ သန်းကျော်၊ မလေးရှားမှ အမေရိကန်ဒေါ်လာ ၁၆၂၅ သန်းကျော်နှင့် ဂျပန်မှ အမေရိကန်ဒေါ်လာ ၂၇၄ သန်းကျော် အသီးသီး ၀င်ရောက်မြှုပ်နှံထားကြောင်း သိရသည်။ သြဂုတ်လအတွင်း မြှုပ်နှံမှု ပြုလုပ်ထားသည့် တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဇူလိုင်လ အတွင်းကလည်း ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ခဲ့ပြီး စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ သြဂုတ်လတွင်သာ အသစ်ထပ်မံ မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။

No comments: