Friday, September 20, 2013

လက်မှတ်တစ်သိန်းရရှိ

ရခိုင်သယံဇာတ အကျိုးခံစားခွင့် လှုပ်ရှားမှု တစ်လအတွင်း လက်မှတ် တစ်သိန်းကျော်ရ Thursday, September 19, 2013 ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် သယံဇာတများ ဒေသခံလူထု ခံစားခွင့်ရရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ရာ တစ်လအတွင်း ထောက်ခံလက်မှတ် တစ်သိန်းကျော်ရကြောင်း ရခိုင့် သယံဇာတများ အကျိုးခံစားခွင့် လှုပ်ရှားမှု ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးကျော်ဇောဦးက The Voice သို့ ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် မြို့နယ်စုစုပေါင်း ၁၇ ခု ရှိသည့်အနက် ခုနစ်မြို့နယ်မှာ ကောက်ခံရရှိထားသည့် စာရင်းကို ထုတ်ပြန်ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ရခိုင်သယံဇာတ အကျိုးခံစားခွင့် ရရှိရေးတွင် ထောက်ခံလက်မှတ်ပေါင်း သုံးသိန်းခန့် ရရှိရန် မျှော်မှန်းထားပြီး အဆိုပါ လှုပ်ရှားမှု ရလဒ်များကို နိုင်ငံတော် သမ္မတနှင့် လွှတ်တော်များ ထံသို့ အောက်တိုဘာလကုန်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ဦးကျော်ဇောဦးက ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် အကောင်အထည် ဖော်နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း အပါအဝင် စီမံကိန်းများတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ အကျိုးခံစားခွင့် နည်းပါးပြီး စီမံကိန်းများမှာလည်း ပွင့်လင်းမြင်သာမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုကြသည်။ ကျောက်ဖြူမြို့တွင် အခြေစိုက်သည့် တရုတ်- မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းမှ ကနဦးကာလပိုင်းတွင် တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၅၀၀ ပို့လွှတ်နေပြီး ယင်းအနက် တရုတ်နိုင်ငံသို့ ကုဗပေသန်း ၄၀၀၊ မြန်မာနိုင်ငံက ကုဗပေ သန်း ၁၀၀ ရရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန် ထားသည်။ မြန်မာနိုင်ငံက ရရှိသည့် သန်း ၁၀၀ အနက် ရခိုင်ပြည်နယ် အတွက် ကုဗပေသန်း ၂၀ သုံးစွဲမည်ဖြစ်ပြီး ကျောက်ဖြူမြို့ကို အိမ်သုံး လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၃၅ ကျပ်ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ အချိန်ပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေပြီ ဖြစ်သည်။ The Voice Weekly

No comments: