မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, April 19, 2016
ပြည်သူ့လက်ထဲက ရန်ကုန်၏ အနာဂတ်
ပြည်သူ့လက်ထဲက ရန်ကုန်၏ အနာဂတ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
လှစုမြတ်(ဗိသုကာ)
အခုတစ်လော မိတ်ဆွေ ဆွေမျိုးများက သူတို့ အိမ်ဘေးကပ်လျက်ခြံမှာ ငါးထပ်၊ ခြောက်ထပ်၊ ရှစ်ထပ် အဆောက်အအုံတွေကို သူ့ခြံနဲ့သုံးပေ အကွာမှာ မြေကွက်ပြည့်လုနီးပါး ဆောက်လို့၊ ကျောင်းလာဆောက်လို့၊ သုံးထပ်ခွဲဆိုပြီး ငါးထပ်ဖြစ်နေလို့၊ အိမ်နီးချင်းသဘောတူ လက်မှတ်ကို ခြံကပ်လျက်ကို မတောင်းလို့၊ အဲဒီလိုဆောက်လို့ရလား ဆောက်ခွင့်ပြု သလား၊ ဘယ်လိုကန့်ကွက်လို့ရမလဲ၊ ကန့်ကွက် စာတင်လိုက်ပြီဆိုပြီး ဗိသုကာဖြစ်တဲ့ ကျွန်မကို စိတ်နှလုံးမသာမယာနဲ့ လာလာမေးကြပြောပြ ကြပါတယ်။ တစ်လောက သတင်းစာထဲမှာလည်း ဆိတ်ငြိမ်ရပ်ကွက် တစ်ခုမှာ အိမ်နီးချင်းများ သဘောတူထားတဲ့ အမြင့်ထက်အထပ်ပို ဆောက် ခွင့်ပြုတာကို သဘောမတူနိုင်ကြောင်း ကြေညာစာလည်း ဖတ်လိုက် ရပါတယ်။ အဲဒီလို တွေဖြစ်ကြတော့ အိမ်နီးချင်းတွေ တစ်ဦး မျက်နှာတစ်ဦး မကြည့်နိုင်ဖြစ်ကြတော့မှာပါ။
နေထိုင်လျက်ရှိသူတွေကလည်း နှစ်ပေါင်း များစွာ အေးအေးချမ်းချမ်းနေ လာတဲ့ရပ်ကွက် မှာ အိမ်ဘေးမှာ သူတို့ကိုအပေါ်က စီးမိုးမြင် ရမယ့် အိမ်တွေ၊ ရုံးတွေပေါ်လာမှာကို မလိုလား ကြပါ။ လမ်းထဲက လုံးချင်း အိမ်တစ်လုံးကို ရုံး/ကျောင်းငှားလိုက်လို့ ကိုယ့်အိမ်အဝင် အထွက်တောင် မလွယ်ကူတာတွေ နေ့စဉ်နဲ့ အမျှ ကြုံတွေ့နေကြရတဲ့အတွက် ဆောက်တဲ့ အဆောက်အအုံ အထပ်မြင့်လာတာနဲ့အမျှနေထိုင်အသုံးပြုသူတွေတိုးပွားပြီး ကိုယ့်ပတ်ဝန်းကျင် ပြောင်းလဲပျက်စီးသွားမှာကို မဖြစ်စေချင်ကြပါ။ သူများအိမ် ကျောဘက်မျက်နှာစာ ပြုထားတဲ့ မြေကွက်ပိုင်ရှင်များ ကလည်း မိမိတို့ မျက်နှာစာမှာ အပင်နဲ့တောင်ကွယ်လို့ မရတော့တဲ့ အထပ်မြင့်တွေကို မလိုလားကြပါ။ ဒီနှစ် ပိုင်းအတွင်း ဆောက်လုပ်ရေးတွေကလည်း များပြားလာ ကြတော့ အေးအေးချမ်းချမ်း နေထိုင်လိုသူတွေ အထပ်မြင့် အဆောက်အအုံများရဲ့ အကျိုးဆက်ကို နားလည်သူများက ကိုယ့်အိမ်ဘေး ဘယ်တော့များ အထပ်မြင့်လာဆောက် မလဲဆိုပြီး သောကဝေကြပါတယ်။
အထပ်မြင့်ဆောက်လုပ်သူ စီးပွားရေးလုပ်ငန်း လုပ်သူ များအနေဖြင့်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ နေရာ၊ နေရာကောင်းတဲ့ နေရာတွေမှာ ဆောက်လုပ်မှသာ အကျိုးအမြတ်ကောင်းမှာဖြစ်ပါတယ်။ မြေဈေးကြီးတဲ့ အခြေအနေမှာ မြေကွက်အရောင်းအဝယ်ထက် အခန်း များများနဲ့ ကျယ်ကျယ်ဆောက်လုပ်နိုင်ရင် ငွေနိုင်သူ ဝယ်လက်များတဲ့အတွက် အကျိုးအမြတ်ပိုရလို့ စီးပွားရေး လုပ်သူများက မြေကျန်နည်းနည်းနဲ့ အထပ်မြင့်မြင့် ဆောက်လုပ်လိုကြပါတယ်။ တချို့ကလည်း ကိုယ့်ဝင်း၊ ကိုယ့်ခြံထဲ ဆောက်တာမနာလိုလို့ ကန့်ကွက်တာ၊ မြို့တော် စည်ပင် သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်နဲ့ဆောက်တာ စသဖြင့် ပြော ဆိုကြပါတယ်။ ကန့်ကွက်သူရှိလို့ ဆောက် လုပ်ခွင့်ရပ်ဆိုင်းခံရတဲ့အခါမှာ လုပ်ငန်းရှင်များလည်း စိတ်မရွှင်လန်းနိုင်ကြပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှစ် ဦး နှစ်ဖက် စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ တစ်ချိန်က အရှေ့ တောင် အာရှမှာ စံယူစရာမြို့အဖြစ် ဂုဏ်ယူဖွယ်သတ်မှတ် ခံခဲ့ရတဲ့ ရန်ကုန်မြို့မှ ဒီလိုအကျိုးဆက်တွေ ဖြစ်ရတာ ဘာအကြောင်းတွေကြောင့်ပါလဲ။
အဓိကအကြောင်းအရင်းကတော့ ရန်ကုန်မြို့ရဲ့ မြို့ပြ ဆောင်တာများကို လူနေမှုစနစ်များ ပြောင်းလဲမှုနဲ့အညီ လမ်းညွှန်ထိန်းသိမ်းမှု (Urban Planning Control) မပြုဘဲ နှစ်ပေါင်းများစွာ မျက်ကွယ်ပြုခဲ့လို့ ဖြစ်ပါတယ်။ မြို့ပြဆောင်တာများကို ဟန်ချက်ညီညီ လမ်းညွှန် ထိန်းသိမ်းနိုင်ပြီး စနစ်တကျဖွံ့ဖြိုးမှသာ နေချင်စဖွယ် မြို့ပြကို ဖန်တီးနိုင်ပြီး မြို့နေလူထု စိတ်ချမ်းမြေ့ပျော်ရွှင် စွာ နေထိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
နေချင်ဖွယ်ကောင်းသော မြို့ပြများမှာ မြို့မြေအသုံး ချခြင်း၊ မြို့ပြဖွံ့ဖြိုးရေး အဆောက်အအုံတည်ဆောက် ခြင်းဆိုင်ရာ ဇုန်များကို ခွဲခြားသတ်မှတ် ထားပြီး ဇုန် အလိုက် စည်းမျဉ်းများ သတ်မှတ်လေ့ရှိပါတယ်။ ဥပမာ- အထပ်နိမ့် လူနေဇုန်၊ အလယ်အလတ် သိပ်သည်းမှု လူနေဇုန်၊ အထပ်မြင့်လူနေဇုန်၊ အသုံးပြုမှုမျိုးစုံ ရောနှော ပါဝင်သော ဇုန်၊ စီးပွားရေးဇုန်၊ စက်မှုဇုန်၊ စိမ်းလန်းမြေ နှင့် ရေပြင်များဇုန်၊ မြို့ပြအမွေ အနှစ်ထိန်းသိမ်းမှုဇုန် အစရှိသဖြင့် သတ်မှတ်ကာ ဇုန်အလိုက် အဆောက် အအုံ အသုံးပြုပုံ ဆောင်လုပ်ခွင့်ပြုသော အမြင့်၊ ဆောက်လုပ် ခွင့်ပြုသော ဧရိယာ၊ ဘေးမြေကျန်သတ်မှတ်ချက်များကို ထားရှိပါတယ်။ မီးအန္တရာယ်ကြီးသော စက်မှုလုပ်ငန်းများ၊ ပစ္စည်းသိုလှောင်ရုံများကို လူနေဇုန်အတွင်း ထားရှိခြင်း မပြုဘဲ သီးသန့်ထားရှိစေသဖြင့် သဘာဝဘေးအန္တရာယ် ကို ကာကွယ်ပြီးဖြစ်စေပါတယ်။
ထိုသို့ဆောင်ရွက်မှသာ သာယာသော ပတ်ဝန်းကျင်၊ မြို့နေလူထု၏ ယဉ်ကျေးမှု၊ သမိုင်းနှင့် မြို့ပြအမွေအနှစ် များ၊ ထူးခြားသော မြို့ပြသွင်ပြင် လက္ခဏာများကို ထိန်းသိမ်းနိုင်မှာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကို ကာကွယ်သော၊ လူနေမှုအဆင့်အတန်းမြင့်မားသော မြို့ တစ်မြို့အဖြစ် မြို့ပြဆောင်တာများကို ဟန်ချက်ညီညီ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
အဲဒီလိုခွဲခြားသတ်မှတ်ထားရှိတဲ့အတွက် မြို့နေလူထု မှာလည်း ကိုယ့်စိတ် တိုင်းကျ ရွေးချယ်ခွင့်ရရှိကြပါတယ်။ အထပ်နိမ့်လူနေဇုန် မှာ နေထိုင်တဲ့ သူများအဖို့ ကိုယ့်အိမ် ဘေးမှာ နဂိုမူလတစ်လမ်းလုံး အိမ်ထောင်စုဦးရေနဲ့ ညီမျှ လောက်တဲ့ ပိုတဲ့အိမ်ထောင်စုဦးရေရှိသော အထပ်မြင့် တိုက်ခန်းများ လာဆောက်မှာကို စိတ်ပူစရာ မလိုတော့ပါ။ ဈေးဆိုင်ဖွင့်ချင်သူ၊ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့်လည်း ဇုန်အလိုက် စည်းမျဉ်းများ ကို လိုက်နာပါက ပတ်ဝန်းကျင်၏ ကန့်ကွက်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံနိုင်ရမှုများကို စိုးရိမ်စရာ မလိုတော့ပါ။
ရန်ကုန်မြို့ရဲ့ မြို့ပြဆောင်တာများ လမ်းညွှန်ထိန်း သိမ်းခြင်း (Urban Planning Control) ကို နှစ်ပေါင်း များစွာ မျက်ကွယ်ပြုခဲ့သော ရလဒ်မှာ ဤမျှပင်မကသေး ပါချေ။ ယနေ့ အဆောက်အအုံများ ဆောက်လုပ်ခွင့် အတွက် စိစစ်လျက်ရှိသော လက်ရှိနည်းဥပဒေများမှာ မြို့ပြ၏ပြောင်းလဲမှုနှင့် အညီ လမ်းညွှန်ထိန်းသိမ်းခြင်း၊ ပြုပြင်ထားခြင်း မရှိသဖြင့် လူနေမှု အဆင့်နိမ့်သော အန္တရာယ်ရှိသော၊ မြို့ပြဝန်းကျင်ဖြစ်တည်ရေးသို့ အားပေး ဦးတည်နေသည်ကိုလည်း လေ့လာတွေ့ရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment