Tuesday, April 19, 2016

ကွမ်းဓလေ့ မမွေးသင့်ပါပြီ' ▄▄▄▄▄▄▄▄▄▄▄

'ကွမ်းဓလေ့ မမွေးသင့်ပါပြီ' ▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲ အောင်ကျော်ညို (ဆင်ချဆိပ်) အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်ပြီး အပြီးပြန်လာခဲ့သော သားလတ် တို့မိသားစုကို သူ့ညီငယ်က လေဆိပ်မှာသွားကြိုသည်။ မတွေ့တာ ကြာပြီဖြစ် သော ညီအစ်ကိုနှစ်ဦး ကားပေါ်မှာ စကားဖောင်ဖွဲ့ ကရားရေလွှတ်တတွတ် တွတ်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်ဟု ဆိုရလောက်သည်။ ညီငယ်မှာ ကားမောင်းရင်း၊ ကွမ်းဝါးရင်းနှင့် တစ်နေရာအရောက်တွင် လမ်းမပေါ်သို့ ကွမ်းတံတွေးထွေးချလိုက်သည်။ အမှတ်မထင်တွေ့လိုက်သည့် ကားနောက် ခန်းမှလိုက်ပါလာသူ သူ့မရီးမှာ တအံ့တသြဖြစ်သွားခဲ့သည်။ နောက်မှ သတိရ ပြီး သက်မချလိုက်နိုင်သည်။ ''ဒါမြန်မာပြည်ပဲ၊ သူနေခဲ့တဲ့နိုင်ငံမှမဟုတ်တာ'' ကြားလိုက်ရသည့် စကားကြောင့် မိမိမှာ အကြီးအကျယ်စိတ်မကောင်းဖြစ်သွား ရသည်။ တစ်လောကလည်း ဤကွမ်းကြောင့်ပင် ကိုရီးယားနိုင်ငံရောက် မြန်မာကွမ်း သမားများ ဒဏ်ရိုက်ခံရကာ အရှက်ကွဲခံခဲ့ရပြီးပြီ။ ကမ္ဘာကိုထိကျော် သွားခဲ့သည့် သတင်း။ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးမှုက မိမိတို့နိုင်ငံမှာ ယဉ်ပါးနေပြီး အလေ့အကျင့်ဖြစ်နေသည်။ တခြားနိုင်ငံရောက်သွားသည်နှင့် ဤအကျင့်ဆိုး က ကောင်းကျိုးမပေးတော့ပါပြီ။ ကွမ်းဟူသောဝေါဟာရသည် မိမိနိုင်ငံသားများနှင့် လက်ပွန်းတတီးကြာခဲ့ ပြီ။ ''တံတားဦးက ကွမ်းနုဝါ၊ ငမျှာကဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်း ထုံးဖြူ ပြည်သျှားသာဝါးလို့ထွေး''။ ပဒေသရာဇ်သမိုင်းမှတ်တမ်းနှင့် ရှိလာခဲ့သည့် ကွမ်း။ ရခိုင်ဘုရင်မင်း ထီးနန်းလက်ထက်တော်က နန်းတော် တိုင်မှာ ထုံးတို့မိ၍ သတ်မှတ်ထားပြီး အမိန့်တော်အတိုင်း ထုံးတို့ လက်ညှိုးကို ကိုယ်တော်တိုင် သံလျက်နှင့် ပိုင်းဖြတ်ခဲ့သည့်မှတ်တမ်း။ ကွမ်းမှတ်တမ်းများ ပင်ဖြစ်သည်။ ပဒေသရာဇ်ခေတ်မှ မျက်မှောက်ကာလထိ မင်္ဂလာအခမ်းအနားများမှ သည် အိမ်ဦးခန်းမှာထိ နေရာယူနေဆဲ။ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်၊ ရေနွေး ကြမ်း။ ယနေ့ထိ ကျေးလက်ဒေသအများမှာ ဧည့်သည်ကိုဧည့်ခံရာတွင် သုံးနေ ဆဲပါ။ ရှေးခေတ်လူကြီးများ ကွမ်းစား၍ မဲနက်နေသောသွားများကို ဖရဲစေ့လို လှပသည်ဟု ဂုဏ်ယူနေတတ်ကြသည်။ ကွမ်းမစား ၍ ဖြူဖွေးနေသော သွားများ ကိုကား ခွေးသွားနှင့်တူသည် ဟူ၍ နှိမ့်ချပြော တတ်ကြသည်။ မျက်မှောက် ကာလအမြင်နှင့် ပြဒါးတစ်လမ်း သံတစ် လမ်းဖြစ်သွားပြီ။ သို့သော်လည်း ကွမ်း ဝါးသည့်အလေ့အကျင့် မှာကား လျော့နည်းမသွားပါ။ တောရောမြို့ပါ အပြိုင် အဆိုင် အားပေးနေကြဆဲပါ။ သို့သော် ဒေသထွက်ကုန် ကွမ်းရွက်တွင်ပါဝင်သော အတွင်းကလီစာများ ယခင်ကလို ဒေသထွက်များမဟုတ်တော့ပါပြီ။ အထူးသဖြင့် ကွမ်းစားဆေးများ၊ အိမ်နီးချင်းနိုင်ငံတစ်ခုမှ ဝင်လာမစဲ တသဲသဲနှင့် စည်းလွတ်ဝါးလွတ်ရှိနေ သည်။ ယင်းကွမ်းစားဆေးပေါင်းများကိုမှ အရသာထူးသည်ဆိုပြီး သဲသဲမဲမဲ အားပေးနေကြသည်။ ကွမ်းတံတွေးမှာ မျိုချရသည့်အရာမဟုတ်။ ဤသို့ဖြင့် ဝန်းကျင်ညစ်နွမ်း အလှပျက်ရ မည်။ နိုင်ငံအတွက် အရှက်ရစရာဖြစ်လာခဲ့ ရသည်။ ရှားရှားပါးပါး ကွမ်းတံတွေးကို မျိုချသည့်ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ဖူးသည်။ မိမိ၏ ဖခင်ကိုယ်တိုင်ပင်ဖြစ်သည်။ တောင်ယာလုပ်ရင်း၊ ဖျာရက်ရင်းနှင့် ကွမ်းကို ပါးစောင်ကြားတွင် ငုံထားတတ်သည်။ ခဏခဏ ကွမ်းကိုခပ်ဖွဖွကလေး ကိုက် လိုက်၊ ထွက်လာသည့်ကွမ်းရည်ကို မျိုချလိုက်နှင့် ကွမ်းအရသာကို ခံစားနေ တတ်သူ။ အတွင်းကကလီစာများ ရသာမဲ့သွားပြီဆိုလျှင် ထိုကွမ်းနွမ်း မှာပင် ကွမ်းသီး၊ ထုံး၊ ဆေးသစ်ပြန်ထည့်၊ ပြန်ငုံနှင့်။ တစ်နေ့လုံးနေမှ ကွမ်းသုံးရွက် မကုန်။ အဖေ၏ကွမ်းဝါးနည်း။ ''ထမင်းတစ်နပ်မစားဘဲနေနိုင်သည်၊ ကွမ်း မဝါးဘဲနေ၍မရ။ ပါးစပ်ချဉ်လာသည်'' အဖေပြောနေကျစကား။ ကွမ်း၏ ထူးခြား ဂုဏ်သတ္တိတစ်ခုဟုဆိုရမည်။ လူသားတစ်ဦး၏ ဘဝရှင်သန်ရေးတွင် မရှိမဖြစ်အရေးသုံးပါးမှာ စားရေး၊ နေရေး၊ ဝတ်ရေးပင်ဖြစ်သည်။ အစာ၏ပင်မတာဝန်ခံကြီးမှာ ဤပါးစပ်ပင် မဟုတ်ပါလော။ တစ်လောက ကြေးမုံသတင်းစာတွင် ''သွားနှင့်ခံတွင်းရောဂါ ခံစားနေရသူများ ကမ္ဘာ့လူဦးရေ၏၉ဝ ရာခိုင်နှုန်းရှိသော်လည်း ၆ဝ ရာခိုင်နှုန်းမှာ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိနေ'' သတင်းတစ်ပုဒ်ဖတ် လိုက်ရသည်။ လူကြီးလူငယ်မရွေး၊ အချိန်နေရာမရွေး ကွမ်းဝါးနေကြသော မိမိတို့နိုင်ငံသားများ သတိမူသင့်သည့် သတင်းစကားပင်ဖြစ်ပါသည်။ အထူးသဖြင့် ကွမ်းသီးတွင် ကင်ဆာဖြစ်စေနိုင်သည့် အေရီကိုလင်းဓာတ် ပစ္စည်း ပါဝင်နေမှုကြောင့် ခံတွင်းကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း ပညာရှင် များ ထောက်ပြသတိပေး လေ့လာနေပါပြီ။ ထုံးဆိုလည်း လွန်ကဲက အကျိုး မပေး။ ''တစ်သက်လုံးစားလာသည့်ကွမ်း သံပုရာတစ်ခြမ်း'' ဆိုငြားလည်း လက်တွေ့တွင် ပါးစပ်သန့်ရှင်းမှုအတွက် ဆိုးကျိုးသာဖြစ်စေ သည်။ ကွမ်းစား ဆေးဆိုလည်း ထိုနည်းလည်းကောင်းပင်။ ယခုလို စွဲမြဲနေသည့်ကွမ်းစားတော့ ပိုဆိုးမည်။ အနှစ်ချုပ်လိုက်လျှင် ကွမ်းဝါး ၍ကောင်းကျိုးမပေးဟု တိကျပြော နိုင်ပါသည်။ ကွမ်းဝါးသည့်ဓလေ့ ရှိလာခဲ့ပြီးလည်း ကောင်းကျိုးမပေးကြောင်း သိရှိလာချိန် စိတ်အလိုလိုက် မမိုက်သင့်ပါပြီ။ ကွမ်းဓလေ့ မမွေးသင့်ပါပြီ။ ။

No comments: