Wednesday, April 20, 2016

အရိပ် ၃ ပါး ▄▄▄▄▄▄▄

အရိပ် ၃ ပါး
▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲

လောကမှာ အရိပ်တွေအများကြီးရှိတယ်။ သက်ရှိရိပ်၊ သက်မဲ့ ရိပ်မျိုးစုံပေါ့။ အဲဒီအရိပ်တွေထဲမှာ ကျွန်မတို့ လူသားတွေ ထိုက် ထိုက်တန်တန် ရရှိတဲ့ အရိပ်ကတော့ ''အမိရိပ်၊ အဖရိပ်၊ လင်သား ရိပ်''လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

အခု ကမ္ဘာမှာ အစစအရာရာ ခေတ်မီတိုးတက်နေသလို ရာသီ ဥတုတွေ ဖောက်ပြန်ပြီး သဘာဝဘေး အန္တရာယ်တွေ ကိုလည်း နိုင်ငံ တိုင်း၊ ဒေသတိုင်းမှာ တွေ့ကြုံခံစားနေကြရတယ်။ အဲဒီလိုပဲ လူသားတွေ မှာလည်း စိတ်ဓာတ်တွေ ပြောင်းလဲဖောက်ပြန်နေကြ တယ်။ မရှိသင့် တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနနဲ့ အာဃာတ တရားတွေကြောင့်ပဲပေါ့။
ယနေ့ တစ်ချို့လူငယ်လူရွယ်တွေလည်း အတုယူမှားကြပြီး မဖြစ်သင့် တာတွေ ဖြစ်နေကြတယ်။ အတောင်မစုံခင် အပျံသင်ကြ ပြီး မိဘရိပ်ကို ခြေစုံ ကန်သွားကြလို့ ဒုကဿရောက်နေကြတဲ့ သားသမီး တွေလည်း မနည်းပါဘူး။

မိဘရိပ်ဆိုတာ အင်မတန်မှာ လုံခြုံအေးမြပါတယ်။ လင်သား ရိပ် ကတော့ မြန်မာအမျိုးသမီးတွေအတွက် ဘဝတစ်သက်တာ လုံခြုံမှုပေးနိုင်တဲ့ အရိပ် တစ်ခုပါ။ အဲဒီအရိပ်တွေကို အေးချမ်း စွာနဲ့ ခိုလှုံဖို့လိုပါတယ်။
ကျွန်မတို့ လွန်ခဲ့တဲ့ နှစ် ၂ဝ ဝန်ထမ်းဘဝက ခင်မင်ခဲ့တဲ့ မိတ်ဆွေ မိသားစုရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး မတွေ့ဖြစ်ကြပေမယ့် သာကြောင်း၊ မာကြောင်း အဆက်အသွယ်တော့ မပြတ်ကြပါဘူး။ ပြီးခဲ့တဲ့လတစ်ရက် သတင်းစာထဲမှာ မိတ်ဆွေအမျိုးသားနာရေးကြော်ငြာဖတ်လိုက်ရတော့ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မအမျိုး သားနဲ့ဆို ၈ လပဲကွာလိုက်တာ။ သူတို့က မတ္တရာမှာ ဆိုတော့ ကျွန်မလဲ မသွားလိုက်နိုင်ဘူး သတင်းပဲ လှမ်းမေးရုံပေါ့။နောက်တစ်လလောက်နေတော့ သူ့အမျိုးသမီး ရန်ကုန်ရောက် လို့ ကျွန်မဆီလာလည်ပါတယ်။ လာလည်တော့ အကြောင်းစုံပြော ပြလို့ ကျွန်မလည်း ဒီဆောင်းပါးလေး ရေးချင်စိတ်ပေါ်လာတာပါ။

သူတို့မိသားစုလေးက ခင်ပွန်းက အရာရှိ၊ ဇနီးက စီးပွားရေးလုပ်၊ သားသမီးတွေနဲ့ပေါ့ ဝန်ထမ်း ဘဝတွေဆိုတော့ တစ်နယ်ပြီးတစ် နယ် ပြောင်းရတယ်။ ဒါပေမယ့် မိသားစုက ဘယ်မြို့ပြောင်းပြောင်း မလိုက်နိုင်ခဲ့ဘူး။ စီးပွားရေးတစ်ဘက်၊ ကလေးတွေပညာရေး တစ်ဖက်နဲ့ဆိုတော့ အမြဲခွဲနေကြရတယ်။ နှစ်တွေကြာလာတော့ လည်း ပြဿနာတွေ ပေါင်းစုံဖြစ်လာကြတာပေါ့ သားသမီးတွေက တော့ သွားလိုက်ပြန်လိုက် လုပ်ကြတယ်။

အမျိုးသမီးကလည်း စီးပွားကဖြစ်နေတော့ နောင်ရေးအတွက် စဉ်းစားပြီး လောဘမသတ်နိုင်ဘဲ စီးပွားရေးပဲ အာရုံထားနေတော့ မိသားစု ပေါင်းစည်းနေနိုင်ဖို့ အချိန်မတွေးခဲ့မိဘူး။ ဒီလိုနဲ့ ဝန်ထမ်း ဘဝပင်စင်ယူတဲ့ အချိန်ရောက်လို့တောင် မိသားစုအတူနေလို့မရတဲ့ အခြေအနေ၊ တစ်ယောက်နဲ့တစ်ယောက် နာကျည်း စရာတွေ၊ မာန်မာနတွေ၊ အာဃာတတွေနဲ့ ပြည့်နေကြတာ။ အမျိုးသားကလည်း ပင်စင်ယူပေမယ့် ကျန်းမာနေ သေးတော့ ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်နေလို့ ဆက်ပြီး ခွဲနေကြတာ ပေါ့ နှစ်ယောက်သားလည်း စကားမပြောကြတော့ဘူး။
ဒီလိုနဲ့ ၇ နှစ်လောက်နေတော့ သူ့ခင်ပွန်းဟာ (ပါကင်ဆန် ရောဂါ) ခြေတုန်၊ လက်တုန်ဖြစ်ပြီး တော်တော်လေး မကျန်းမာနေ တယ်ကြားတော့ သူ့သားသမီးတွေက အမေရယ် အဖေ့ကို အိမ်ပြန် ခေါ်ပြီး ဆေး ကုသပေးကြရအောင် အဖေ့အပေါ် ကြေအေးလိုက် ပါလို့ ပြောကြတော့ ဇနီးဖြစ်သူကလည်း အသက်တွေလည်း ကြီးပါပြီ၊ သားသမီးတွေလည်း စိတ်ချမ်းသာပါစေဆိုပြီး အိမ်ခေါ် ဆေးကုသပေး၊ လိုအပ်တာတွေ လုပ်ပေးကြတယ်။ လူနာက တော့ သတိရတစ်ချက်၊ မရတစ်ချက်ပေါ့ မန္တလေးအထူးကုဆေး ခန်းမှာ ၁၃ ရက်ကြာ ဖိဖိစီးစီး ကုသပေးကျွေးမွေးရင်းနဲ့ပဲ ဆုံးသွား တယ်။

ဆုံးပြီး သင်္ဂြိုဟ်ဖို့ ပြင်ကြဆင်ကြနဲ့ မြေချတဲ့ရက် သုသာန်ရောက် တော့ ''မနိုင်ရယ် ကျွန်မလေ ဘယ်လိုခံစား လိုက်ရမှန်းမသိဘူး။ လူက ဟင်းလင်းပြင်ကြီးထဲမှာ ထီးထီးကြီးဖြစ်ပြီး အကာအကွယ် မဲ့စွာနဲ့ မူးမေ့ပြီးလဲ သွားလိုက်တာ ကိုယ်ပြောချင်နေတဲ့စကားတွေလည်း မပြောလိုက်ရဘူး။ ဒီတစ်ခါတော့ အပြီးခွဲသွားပြီပေါ့လို့ ပြော လာတော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။''

လူဆိုတာ မိရိပ်၊ ဖရိပ်၊ လင်သားရိပ်တွေ သက်ရှိထင်ရှားရှိနေ တုန်းဆိုရင် အရိပ်ရဲ့တန်ဖိုးကို သတိမမူ၊ တန်ဖိုး မထားတတ်ကြတာ ဓမ္မာပါပဲ။ အရိပ်ပေးတဲ့သူကလည်း တကယ့်အေးချမ်းတဲ့အရိပ်၊ လုံခြုံတဲ့ အရိပ်ပေး တတ်ကြဖို့ လိုပါတယ်။ မိဘရိပ်ဆိုတာတော့ ထာဝရအအေးချမ်းဆုံး အရိပ်ပေါ့။
ယနေ့ကမ္ဘာမှာ မိဘတိုင်း၊ မိသားစုတိုင်း ရုန်းကန်လှုပ်ရှား ဝမ်းဆာ ရှာနေကြရတယ်။ တစ်ချို့မိသားစုတွေဆို တစ်ခြားနိုင်ငံ တွေမှာ သွားရောက် စီးပွားရှာနေကြရတော့ မိသားစုအသိုက် အမြုံ တစ်စုတစ်စည်းတည်းနဲ့ လက်ပွန်းတတီး မနေနိုင်ကြရဘူး။ အဲဒီတော့ အရိပ်ရဲ့တန်ဖိုးကို မမြင်နိုင်ကြဘူး။ အရိပ်တွေကိုလည်း မိမိရဲ့လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ ဖျက်ဆီးတတ်ကြ တယ်။ အရိပ်ပေးတဲ့သူကလည်း အမှန်ကို ဆုံးဖြတ်နိုင်တဲ့တရား၊ အရှက်အကြောက်တရားဆိုတဲ့ တရားနှစ်ပါးနဲ့အညီ ကျင့်ကြံနေ ထိုင်ကြရင် အရိပ်ပေး တဲ့သူကော အရိပ်ခိုလှုံတဲ့ သူကော နှလုံးစိတ်ဝမ်း အေးချမ်းကြမှာပါ။

လူ့ဘဝရယ်လို့ရလာရင် ထိုက်တန်တဲ့ အရိပ်ကိုယ်စီရကြပါ တယ်။ ရလာတဲ့ သက်ရှိရိပ်၊ သက်မဲ့ရိပ်တွေကို မိမိရဲ့အတ္တ၊ မာန် မာန၊ လောဘ၊ ဒေါသတွေနဲ့ မဖျက်စီးမိကြပါစေနဲ့ လူသားအားလုံးလည်း အရိပ်သုံးပါး ကို အေးချမ်းစွာ ပေးတတ်ကြပြီး ခိုလှုံနိုင်ကြ ပါစေ။

မော်(နေပြည်တော်)


No comments: