ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေအုံးမှာလား…အမေ
4-2-2016
အမေ.. ကြံ့ခိုင်ရေးပါတီက သူရဦးရွှေမန်းကို NLD အစိုးရအဖွဲ့မှာ ရာထူးနေရာပေးဖို့ ဦးနှောက် ခြောက် အောင် စဉ်းစားနေရတယ်လို့ ဘဘဦးဝင်းထိန်က မီဒီယာတွေကို ပြောလိုက် တာ ကြားမိပါတယ်။ အမေ့ အနေနဲ့ သူ့လိုလူ တစ်ယောက်အတွက်နဲ့ အမေတို့ခေါင်းပေါ်က ဆံပင်မွှေးတွေ ထပ်မဖြူစေချင်တာ အမှန်ပါ။ အမေ ဦးနှောက်ခြောက်အောင် စဉ်းစားရမယ့် အထဲမှာ သူ့လိုလူမျိုး မပါသင့်ဘူး။ သူတစ်ယောက် တည်းအတွက် နဲ့လည်း အမေတို့၊ ဘဘတို့ ဦးနှောက်ခြောက်ရမှာမဟုတ်ဘူး။ အမှန်တကယ် ဦးနှောက် ခြောက်ရမှာက သန်း ၆၀ သော ပြည်သူတွေအတွက်ပါ။ ပြည်သူတွေအတွက် အမေဦးနှောက်ခြောက် အောင် စဉ်းစားစရာတွေ အများကြီး ရှိပါသေးတယ်။ အမေ့အနေနဲ့ အစိုးရအဖြစ် တာဝန်ယူရမယ့် အချိန်မှာ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရနိုင်မှာ သမိုင်းလိမ် ရိုဟင်ဂျာပြဿနာတွေ၊ မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦး သေဒဏ်ပြစ်မှုအတွက် အယူခံကိစ္စ၊ တစ်နေ့လုပ်ခနှင့် အလုပ်သမား လစာမပြေလည်မှုတွေ၊ အခွန်မညီမျှမှု ပြဿနာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်များနဲ့ ပြည်ပမှတရားမဝင် လုပ်ကိုင်နေတဲ့ သစ်၊ ကျောက်စိမ်း၊ ဘိန်း၊ စိတ်ကြွ ရူးသွပ်ဆေးပြား ပြဿနာတွေ အပါအ၀င် ဒေါ်လာ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဘယ်လိုဖိတ် ခေါ်မလဲဆိုတဲ့ ကိစ္စတွေ၊ ဒါတွေကို အမေရဲ့အစိုးရ လက်ထက်မှာ ဘယ်လိုကိုင်တွယ်ဖြေရှင်း မလဲဆိုတာမျိုး တွေကို စဉ်းစားနေရမယ့် အချိန်ပါအမေ။
ဘဘဦးဝင်းထိန် ပြောတဲ့အတိုင်း သူ့ကိုနေရာပေးမယ်ဆိုရင် သူ့ကြောင့်ထောင်ကျခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တွေထဲမှာ ကျွန်တော်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီး ပါနေပါတယ်။ သူတို့ရဲ့ ခံစားချက်တွေ ကိုလည်း အမေကိုယ်ချင်းစာ နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်။ သူရဦးရွှေမန်းကို နေရာတစ်နေရာပေးရင် အမေအပါအ၀င် ပါတီထိပ်ပိုင်းလူတွေက လက်ခံနိုင်တယ်ဆိုပေမယ့်၊ ကျွန်တော်တို့ ပါတီဝင်တွေကိုတော့ အမေ ပြန်ကြည့်ဖို့တော့ လိုပါတယ်။ လက်ရှိပါတီဝင်လွှတ်တော် ကိုယ်စားလှယ် တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ရာကျော် ပါနေတယ်ဆိုတာ အမေသိပါတယ်။ အဲဒီကိုယ်စား လှယ်လောင်းတွေရဲ့ခံစားချက်မျိုးကို အမေတို့ ဘဘတို့လည်း ခံစားခဲ့ဖူးတာအမှန်ပါ။ ဒါပေမယ့် အမေတို့ ဘဘတို့က အသက်အရွယ်အတွေ့အကြုံ အရ နားလည်ခွင့်လွတ် သဘောထားကြီးနိုင်ပေမယ့် ကျွန်တော် တို့ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်တွေက အမေတို့လောက် အတွေ့အကြုံ ရင့်ကျက်မှု မရှိသေးပါဘူး၊ ဒါတွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အမေ မေ့နေပြီလား.. ဦးရွှေမန်းဆိုတဲ့လူ ဧရာဝတီတိုင်း စစ်တိုင်းမှူးဘ၀က NLD Free Zone စီမံချက် ပြုလုပ်ခဲ့တဲ့ အကြောင်းအချက်တွေကို အမေမေ့ပစ် လိုက်တော့မှာလား။ ဘ၀နဲ့ရင်းပြီး ပေးဆပ်ခဲ့ရတဲ့ လက်ရှိ လွှတ်တော်အမတ်တွေ အဲဒီအချိန်က သူ့ကြောင့် ဘယ်လောက်အထိ ဒုက္ခတွေ ခံစားခဲ့ရတယ်၊ ဘယ်လောက် အထိ ဘ၀တွေပျက်ခဲ့ရသလဲဆိုတာ အမေ လည်းသိပါတယ်။ ဒါကိုပါတီအနေနဲ့ သူ့လိုလူကို အမေရဲ့အစိုးရ အဖွဲ့ အတွင်းမှာ ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးဖို့အတွက် ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေတာဟာ သဘောထားကြီးတယ်ဆိုတာ မှန်ပေမယ့် တစ်ဖက်မှာလည်း ကိုယ့်ပါတီဝင်အချင်းချင်းပေါ်ကို လစ်လျူရှုရာ ရောက်လွန်းပါတယ် ..အမေ..။။
သူရဦးရွှေမန်းကိုယ်တိုင် ဇန်နဝါရီ ၂၉ ရက်နေ့က နေပြည်တော်လွှတ်တော်ရုံးဝင်း ဇမ္မူသီရိခန်းမဆောင်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အရှက်မရှိတဲ့မျက်နှာနဲ့ နိုင်ငံနဲ့နိုင်ငံသားတွေအတွက်ဆို လုပ်ဆောင်ရန် အသင့်ရှိနေတယ်လို့ပြောတာဟာ အမေ့ဆီက သူ့အတွက် နေရာတစ်ခုပေးပါလို့ တရားဝင်လူသိရှင်ကြား တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ အမေ့အနေနဲ့ ပါတီဝင်အချင်းချင်း ၀န်ကြီးနေရာ စာရေးတောင်းဆိုတဲ့ သူတွေကိုကြ ထိရောက်စွာ အရေးယူမယ် အပြစ်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတော့ အခုလို လူသိရှင်ကြား နေရာတောင်းဆိုနေတာကြ အမေတို့က ဦးနှောက်ခြောက်ခံပြီး စဉ်းစားနေတယ်ဆိုရင် အမေတို့ ဘဘတို့ကို ပါတီဝင်တွေ ဘယ်လိုထင်ကြမလဲ။ ဘာမဟုတ်တဲ့ အာဏာရူး စစ်အာဏာရှင်လက်ငုတ် အကြွင်းအကျန် တွေအတွက်နဲ့ ပါတီတွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်ခံတော့မှာလား။ မတန်ဘူးအမေ။ မိုးကျရွှေကိုယ် လိုလူတစ်ယောက်အတွက် အသက်သွေးချွေးရင်းပြီး ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ အမေရဲ့ပါတီဝင်တွေနဲ့ မလဲသင့်ပါဘူး..အမေ..။။
သူရဦးရွှေမန်းကို တာဝန်ပေးမယ်ဆိုရင် အမေနဲ့ လူနည်းစုသာ လက်ခံကြပြီး ကျွန်တော်တို့ NLD ပါတီဝင် အများစုက လက်ခံမှာမဟုတ်ဘူးဆိုတာ အမေအသိဆုံးပါ။ သူရဦးရွှေမန်းဟာ အရင်ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်စဉ်က ပြဿနာရှိခဲ့ဖူးသလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း သူရဲ့ဇာတိမြေမှာတောင် သူ့ကိုမထောက်ခံ ကြလို့၊ မကြိုက်ကြလို့ သိသိသာသာရှုံးနိမ့်သွားတာ အမေလည်းအသိပါ။ သူ့အရပ်ဒေသက သူ့အကြောင်း အတွင်းသိ အဆင်းသိနေတဲ့ ပြည်သူတွေကတောင် လက်မခံဘဲ၊ NLD အစိုးရသစ်မှာ နေရာပေးဖို့ဆိုတာ ပြည်သူတွေအပါအ၀င် ပါတီဝင်အားလုံးက လက်ခံနိုင်ပါ့မလား။ သူ့ကိုလက်မခံလို့ ဆန္ဒပြထုတ်ဖော်တာ တွေ ဆူပူတာတွေဖြစ်လာရင် အာဏာအလွှဲအပြောင်းကာလမှာ စိုးရိမ်စရာ အခြေအနေတွေ ဖြစ်လာ နိုင်တယ်ဆိုတာ အမေသတိပြုသင့်ပါတယ်။ အရင်တစ်ခါ ၁၉၉၀လိုမဖြစ်အောင် ခဲမှန်ဖူးတယ်ဆိုရင် ရှောင်ရှားသင့်တဲ့ လူပုဂ္ဂိုလ်၊ အရပ်ဒေသ၊ ကိစ္စရပ်တွေကို ရှောင်ဖို့လိုပါတယ်။ ဘယ်သူမဆို တစ်ခါသေ ဖူးရင်တော့ ပျဉ်ဖိုးနားလည်သင့် ပါတယ်အမေ..။
အရင်က အမေ့အပေါ်မှာ မျက်နှာလုပ်ပြီး ဟန်ဆောင်ဆက်ဆံခဲ့တာတွေ၊ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင် တောင်းဆိုပေးတာတွေ၊ ပီအာကိစ္စ လက်တစ်လုံးခြား လုပ်တာတွေ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ပေး ခဲ့တာတွေကလည်း ဒီလိုအချိန်မှာ နေရာတစ်နေရာတောင်းလို့ရအောင် အသက်မပါတဲ့ ဟန်ဆောင် သရုပ်ပြခဲ့တယ်ဆိုတာ ကြားနေပြည်သူတစ်ယောက်အနေနဲ့ အတိုင်းသား မြင်နေရပါတယ်။ အမေစဉ်းစား ကြည့်ပါ အရင်စစ်အာဏာရှင်လက်ထက်မှာလည်း သူက ၃ ယောက်မြောက် အကြီးဆုံးဖြစ်ခဲ့တယ်။ ဦးသိန်းစိန် အစိုးရမှာလည်း အာဏာ(၃)ရပ်ထဲက ဥပဒေပြုရေးအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပြန်တယ်။ အခုပြောင်းလဲချိန်တန်လို့ ပြည်သူဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမေ့ရဲ့အစိုးရအဖွဲ့မှာ သူက နေရာတစ် နေရာ ထပ်တောင်းနေတယ်ဆိုတော့ မလွန်လွန်းဘူးလားဆိုတာ အမေပဲစဉ်းစား ဆုံးဖြတ်ပါ။ ကျွန်တော် အပါအ၀င် ပြည်သူသန်း ၆၀ ကျော်က အမေ့ဆုံးဖြတ်ချက်ကို ဘယ်တုန်းကမှ လွန်ဆန်ခဲ့ဖူးခြင်း မရှိခဲ့တာ အမေအသိဆုံးဖြစ်မှာပါ။ အမေ့ဆုံးဖြတ်ချက် ပြည်သူတွေနဲ့ တစ်ထပ်တည်း ကျနိုင်ပါစေ။
တင့်ဝေ
No comments:
Post a Comment