Tuesday, February 2, 2016

ထင်းခုတ်သွားသည့် ရွာသားအချို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ဟုဆို ----------------------------

ထင်းခုတ်သွားသည့် ရွာသားအချို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်ဟုဆို -------------------------------------------------------------- ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မဲတင်းတိမ်တောင်သို့ ထင်းခုတ်သွားသည့် ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသ သူဌေးကုန်း ကျေးရွာနေ ဒေသခံတောင်သူ ၁၃ ဦးကို ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခွဲခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဇရပ်ကြီး နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ပစ်ခတ်ခံရတဲ့ နေရာက ကရင်ပြည်နယ် သံတောင်ကြီးအပိုင် နယ်မြေဆိုတော့ စခန်းနှစ်ခု ချိတ်ဆက်ပြီး အမှုဖွင့် ဆောင်ရွက်ပေးထားပါတယ်။ ဒဏ်ရာရှိတဲ့ နှစ်ဦးမှာ တစ်ဦးက စိုးရိမ်ဖွယ် အနေအထား ရှိတော့ တောင်ငူဆေးရုံကြီးမှာ လွဲပြောင်းကုသနေရပြီး တစ်ဦးကတော့ ဇရပ်ကြီး တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာအဖြစ် ကုသထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးဒေသ ကြိမ်တောမြောင် ကျေးရွာအုပ်စု သူဌေးကုန်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ဦးကျော်မိုးဆိုသူနှင့် အသက် ၃၆ နှစ် အရွယ်ရှိ ဦးမြင့်ဇော်သန်း အပါအဝင် ကျေးရွာဒေသခံ ၁၃ ဦးသည် လှည်းခုနစ်စီးဖြင့် ကရင်ပြည်နယ် သံတောင်ကြီးဒေသ မဲတင်းတိမ်တောင်နှင့် ကြွေတောင် (ဒေသအခေါ်) ရေဝင်ကုန်းသို့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၃ နာရီခွဲခန့်က ထင်ခုတ်ဝါးခုတ် သွားရောက်စဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင် ရှစ်ဦးခန့်က တားမြစ်သည့်အတွက် နောက်ပြန်လှည့် မောင်းလာကြစဉ် ဦးကျော်မိုးအား သေနတ်ဒင်ဖြင့် ရိုက်နှက်ခဲ့ပြီး အခြားတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်သုံးချက် ပစ်ခတ်ခဲ့သည့်အတွက် ဦးဇော်မြင့်သန်း တင်ပါးတွင် သေနတ်ဒဏ်ရာ တစ်ချက် ထိမှန်ခဲ့သည်ဟု ဦးဇော်မြင့်သန်း၏ ဇနီးဖြစ်သူ ဒေါ်စိုးက ပြောကြားသည်။ “အဖော်ပါသွားတဲ့ သူတွေက လှည်းနဲ့ လာပြန်ပို့သွားလို့ ဇရပ်ကြီးဆေးရုံ တင်တဲ့အခါ ဒဏ်ရာက ခွဲစိတ်ရမယ့် အနေအထားရှိတော့ တောင်ငူကို ထပ်ပြီးလွှဲပြောင်းပေးပါတယ်။ ဒဏ်ရာအနေအထားတော့ အတိကျမသိပေမဲ့ ဒီနေ့ (ဖေဖော်ဝါရီ ၂ ရက်) နေ့လည်ပိုင်းမှာ ခွဲစိတ်ရမယ်လို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး သေနတ်ဖြင့်ပစ်ခတ်၊ ရိုက်နှက်ခံခဲ့ရသူများ၏ မိသားစုဝင်များက သံတောင်ကြီး မြို့နယ်ရဲစခန်းသို့ အခင်းဖြစ် ညပိုင်းတွင် တရားလိုပြုလုပ် အမှုဖွင့်တိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိ အမှုဖွင့်လှစ်ပေးခြင်း မရှိသေးကြောင်း ကာယကံရှင် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။ (ဓာတ်ပုံ - ဇေယျာကို)

No comments: