Tuesday, February 16, 2016

ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်၌ ရွှေသမင်ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ----- ----- -----

ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်၌ ရွှေသမင်ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ----- ----- ----- လာမည့် ၂၀၂၀ ခုနှစ်တွင် ရွှေသမင်များ မျိုးတုံးပျောက်ကွယ်နိုင်သည့် အခြေအနေသို့ ဆိုက်ရောက်ဖွယ် ရှိနေသဖြင့် မကွေးတိုင်း ဒေသကြီး ရွှေစက်တော် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောတွင် ရွှေသမင် ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နေကြောင်း ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရုံးမှ သိရှိရသည်။ “သစ်ထုတ်ယူမှုတွေ၊ သစ်တောမြေဧရိယာကို လူတွေနေထိုင်ဖို့နဲ့ စိုက်ပျိုးမြေအတွက် အသုံးပြုဖို့ တိုးချဲ့နေမှုတွေကြောင့် သစ်တောဧရိယာဟာ ၁၉၈၉ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ကျော်လောက် ကျဉ်းမြောင်း သွားပါတယ်။ ရွှေသမင်တွေနေထိုင်ကျက်စားရာ မှီခိုတောတွေ ပျက်စီးပြုန်းတီး လာတာနဲ့အမျှ လူတွေရဲ့အလွန်အကျွံ အမဲလိုက် သတ်ဖြတ်ခံရမှုတွေကြောင့် ရွှေသမင်အကောင်ရေဟာ သိသိသာသာ လျော့နည်းလာတာကို တွေ့ရပါတယ် ”ဟု မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရုံး အုပ်ချုပ်ရေးမှူးက ပြောသည်။ သစ်တောဦးစီးဌာနနှင့် တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများအသင်းတို့၏ ကွင်းဆင်းလေ့လာတွေ့ရှိ ချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ အတွင်း ရှင်သန်ခဲ့သော သမင်များသည် ၁၉၆၀ ခုနှစ်များက မြို့နယ်စုစုပေါင်း ခြောက်ဆယ်ကျော်တွင် တွေ့ရှိရသော် လည်း ၁၉၉၂ ခုနှစ်တွင် မြို့နယ် ၃၄ ခု၊ ၂၀၀၂ ခုနှစ်တွင် မြို့နယ် ၁၈ ခု၊ ၂၀၀၇ ခုနှစ်တွင် မြို့နယ် ၁၄ ခု၌သာ တွေ့ရှိရ တော့ကြောင်း သိရသည်။ ရွှေသမင်များမှီခိုနေထိုင်သည့် သစ်တောဧရိယာသည် မြန်မာနိုင်ငံအလယ်ပိုင်း၌ ၁၉၈၉ ခုနှစ်တွင် စုစုပေါင်း ၇၁,၅၀၀ စတုရန်းကီလိုမီတာ ခန့်ရှိရာမှ ယခုအခါ ၃၂,၀၀၀ စတုရန်းကီလိုမီတာ ခန့်သာ ကျန်ရှိပြီး ၂၀၁၄ ခုနှစ် အတွင်း ကောက်ယူထားသည့် စာရင်းများအရ သမင်ကောင်ရေမှာ ၁,၆၀၀ ကျော်သာရှိတော့ကြောင်း သိရသည်။ “ စီးပွားဖြစ် သစ်ထုတ်လုပ်တာတွေ ဒေသသုံးသစ်ထုတ်ယူတာတွေ လူတွေနေထိုင်ဖို့နဲ့ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲချဲ့ထွင် လာတာတွေ ဆည်တည်ဆောက်တာတွေ လမ်းဖောက်လုပ်တာတွေနဲ့ ထင်းမီးသွေး ထုတ်လုပ်တာ တွေကြောင့် ရွှေသမင်တွေကျက်စားရာ သစ်တောဧရိယာဟာ တစ်စတစ်စ ကျဉ်းမြောင်းလာတာဖြစ်ပါတယ် ”ဟု လူငယ်ပရဟိတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့မှ ကိုကျော်ကျော်က ပြောသည်။ ရွှေသမင်များမှီခိုရာ ဘေးမဲ့တော ဧရိယာအတွင်းမှ ချောင်း၊ ကန်များသည် နွေရာသီတွင် ရေခန်းခြောက်လေ့ရှိ သဖြင့် တစ်နှစ်ပတ်လုံး ရေရရှိစေရေးအတွက် ရွှေစက်တော်ဘေးမဲ့တော ဥယျာဉ်ရုံးအနေဖြင့် ကန်တော်ကြီးကန် ကို ၂၀၁၅ ခုနှစ်တွင် ဆည်တည်ဆောက်မှု စတင်ခဲ့ပြီး သမင်များအစာရရှိစေရေး အတွက်လည်း စိုက်ခင်း၊ ကြဲခင်းများ၊ စားကျက်မြေများ ဖန်တီးပေးရန် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ သတင်း - MMK The Ladies News

No comments: