ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချကြပါ
တောင်ငူက ဒုတိုင်းမှူး ဗိုလ်မှူးချုပ်မြင့်လွင် (နာမည်နဲ့ ရာထူးမှားနိုင်တယ်)ရဲ့သား ရဲမြင့်လွင်က ပုဒ်မ ၅၉ (စ)ကိုသာ ဆိုင်းငံ့လိုက်ပါက ဒေါ်စုကို လုပ်ကြံမယ်လို့ ဆိုပါတယ်။ ဒီသတင်းထွက်တာနဲ့ လူအချို့ ဘရိတ်အုပ်ကုန်ကြတယ်။ ပြင်ဖို့ မဟုတ်သေးဘူးနော်၊ ဆိုင်းငံ့ဖို့ပဲ ရှိသေးတယ်။ သတ်ဖို့ဖြတ်ဖို့ စဉ်းစားနေပြီ။ ဂဠုံဦးစောအမျိုးတွေလားလို့ အောက်မေ့ရပါတယ်။ အမှန်မှာ လက်ရှိအာဏာရနေတဲ့ မျိုးဆက်တွေဟာ ဂဠုံဦးစော၊ ဒေါက်တာဘမော်၊ ဦးနေဝင်းတို့ရဲ့ အမျိုးသားရေးဝါဒကို ဆုပ်ကိုင်ထားကြသူများ ဖြစ်တယ်။ အမျိုးသားရေးအတွက်ဆိုရင် ဘာမဆို တရားတယ်လို့ ယူဆကြသူများလည်း ဖြစ်ပါတယ်။ ဒီပဲယင်းလုပ်ကြံမှုလည်း ရှိခဲ့ဖူးတော့ သတိထားဖွယ်ရာပါ။ သတိဆိုတာ လွန်တာမရှိ။
မိမိတို့ရပ်တည်ချက်က ပုဒ်မ ၅၉ (စ)နဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ပါပဲ။ ဒါပေမဲ့ အခု ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ဖို့တောင် မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးဂုရုတွေက ဆိုကြပါတယ်။ အထူးသဖြင့် မိမိက အမေရိကန်ပါမောက္ခကြီး ဒေဗစ်စတိန်ဘတ်ဆိုသူကို အမြင်ကပ်ကပ်လာတာလည်း ရောဂါပဲ။ စတိန်ဘတ်ကြောင့် စတားဘတ်ကိုတောင် မသောက်ချင်တော့။ သူတို့က ပိုလို့တောင် စစ်တပ်သဘော၊ စစ်တပ်မနော၊ စစ်တပ်အကြိုက်၊ စစ်တပ်အလိုက်ကို သိနေကြပြီကိုး။ အထင်မကြီးဘူးလို့ပဲ ပြောချင်တယ်။ သူတို့ကို အထင်မကြီးပေမဲ့ မိမိသာ တပ်ချုပ်ကြီးဆိုခဲ့ရင် ဘာလုပ်မလဲ စဉ်းစားကြည့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအသုံးချရမလဲလို့ အမြဲတမ်း တွေးနေမိမှာပဲ။ ဒါကိုပဲ pragmatism လို့ ခေါ်ကြသကိုး။
ဒီတော့ ပြောရပါအုံးမယ်။ မပြောခင်လေး မိမိက ဒေါ်အောင်ဆန်းစုကြည်ကို အရူးအမူး ထောက်ခံသူမဟုတ်ဘူး။ အမေ အမေနဲ့ တစာစာခေါ်ပြီး အကာအကွယ်ယူနေတာလည်း မရှိဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ ဘယ်သကောင့်သားက မှတ်ချက်ပြုရဲပါသလဲ။ နာဂစ်ဖွဲ့စည်းပုံကို သွားမကိုးကားနဲ့။ အရည်အချင်းကိုပဲ ပြောပါ။ လွှတ်တော်ထဲက တစ်မတ်သားကို မပြောနဲ့။ ဦးနှောက်ဆေးခံရတဲ့ ဒေါ်စိန်အေးကျောင်းထွက်တွေကို သွားမမေးနဲ့။ သာမန်စစ်သား၊ အညတရစစ်သား၊ သာမန်တပ်သားအကြပ်သားတွေကို သွားမေးပါ။ လှို့ဝှက်မဲပေးခိုင်းရင်တောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုကြောင်း ဆန္ဒပြုကြမှာ သေချာပါတယ်။ ဒီစကားပြောလို့ စစ်တပ်က ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့ဖို့ တပ်က လုံးဝမထောက်ခံဘူးလို့ စွတ်စွဲနေတာ မဟုတ်ဘူး။ တပ်က ပြင်ဖို့ကိုပဲ ကန့်ကွက်နေတာပါ။ ဆိုင်းငံ့ဖို့ကို ကန့်ကွက်မထားဘူး။ နောက်ပြီး ဆိုင်းငံ့ဖို့အဆိုကို တင်မယ်လို့လည်း NLD က တရားဝင်မထုတ်ပြန်ရသေးပါ။
ဒါနဲ့ ဒီနိုင်ငံမှာ ဒီနာဂစ်ဖွဲ့စည်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်ခဲ့ရင် ဘယ်သူတွေက နစ်နာသွားမှာလဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာမှ နစ်နာသွားစရာမရှိပါ။ သူက သမ္မတချုပ် တက်လုပ်မှာပဲ။ လက်ရှိဖွဲ့စည်းပုံအရ ပိုလို့တောင် အာဏာပိုရှိသေးတယ်။ ပိုလို့တောင် လွတ်လပ်သေးတယ်။ လွှတ်တော်နဲ့ အစိုးရကို နောက်ကနေ အမိန့်ပေးခြင်းမှာ နာဂစ်ဖွဲ့စည်းပုံအရ ထောင်ထားတဲ့ ကျော့ကွင်းအပြင်ဘက်မှာ ရောက်နေတာ ဖြစ်လို့ အန္တရာယ်ကင်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်၊ NLD အတွက်၊ ပြည်သူတို့အတွက် သက်စွန့်ကြိုးပမ်းလိုကြတဲ့ အမတ်တွေ၊ ပါတီဝင်တွေနဲ့ ပြည်သူတို့က လက်ရှိတပ်ထက် ဆယ်ဆမျှ ရှိပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရင် NLD နဲ့ ပြည်သူတို့က ဘာမှ ထိခိုက်မသွားဘူး။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင်ကော ဘာထူးသလဲလို့ မေးစရာရှိတယ်။ မိမိရဲ့ ကိုယ်ပိုင်အမြင်အရ ပုဒ်မ ၅၉ (စ)နဲ့ ပုဒ်မ ၄၃၆ ကို မပြင်ရသေးပါက ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ဖို့ မပြောနဲ့၊ ရွေးကောက်ပွဲကိုတောင် ဝင်စေချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေအရ တပ်နဲ့ မဟာမိတ်ပြုဖို့ လိုအပ်နေတယ်လို့ ယူဆထားတာ ဖြစ်လို့ ဒါကို ပြင်းပြင်းထန်ထန် မဝေဖန်တာပါ။ တပ်နဲ့ မဟာမိတ်ပြုဖို့ဆိုရင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပဲ မလုံလောက်ပါဘူး။ ပြည်သူတို့ရဲ့ ပူးပေါင်းမှုကို ရဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို ကြည့်ပါ။ တပ်နဲ့ ပြည်ခိုင်ဖြိုးအစိုးရတို့က သေသေချာချာနဲ့ ပြင်ပြီးမှ ရွေးကောက်ပွဲကို ဝင်ခဲ့တာပါ။ အမျိးသားရေးစိတ်ဓာတ်ကို အခြေခံတဲ့ အမျိုးသားပါတီတစ်ရပ်အနေနဲ့ ရပ်တည်ဖို့ ကြိုးစားခဲ့ပေမဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြည်သူတွေဟာ အင်တာနက်ကို မသုံးတတ်ကြပေမဲ့၊ စကားမကြွယ်ကြပေမဲ့ အမှားနဲ့အမှန်၊ လူကောင်းနဲ့လူဆိုးကို ကောင်းကောင်းခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ တပ်အနေနဲ့ ပြည်သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရလိုပါက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတတင်မြှောက်ခွင့် ပြုဖို့ပါပဲ။ ကြားခံတစ်ယောက်နဲ့ ဆက်ဆံမဲ့အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ဆက်ဆံမှသာ တပ်အတွက် အကျိုးများစေမှာပါ။ အကျိုးအများဆုံးကတော့ နာဂစ်ဖွဲ့စည်းပုံအောက်မှာ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော်ခေါင်းဆောင်တစ်ယောက်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ခဲ့ခြင်းပဲ ဖြစ်တယ်။ မိမိသာ မင်းအောင်လှိုင်ဆိုခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတတာဝန်ကို မထမ်းဆောင်မှာကိုပဲ စိုးရိမ်နေမိမှာပါ။
နောက်ပြီး သမ္မတဒေါအောင်ဆန်းစုကြည်ကို လက်ခံလိုက်တာနဲ့ ပြည်ပမှာလည်းပဲ မြန်မာနိုင်ငံအတွက် မျက်နှာပန်းလှစရာတွေ အများကြီးပါ။ ကမ္ဘာ့ထိပ်သီးညီလာခံတွေမှာ မြန်မာနိုင်ငံရဲ့အဆင့်အတန်းဟာ ချက်ချင်း ထိုးတက်သွားမှာ သေချာပါတယ်။ တပ်ရဲ့ အနေအထားကလည်း အကောင်းမြင်မှုတွေ ရလာပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်သားတို့က သမ္မတအဖြစ် ချီတက်အလေးပြုနိုင်တဲ့တစ်နေ့ဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲခြင်းအစ ဖြစ်သလို တပ်အပေါ် ထားတဲ့ မြန်မာပြည်သူတို့ရဲ့အမြင်၊ နိုင်ငံတကာအမြင်ကလည်း ချက်ချင်း ပြောင်းလဲသွားဖို့ ရှိပါတယ်။ အဆင့်မြင့်တပ်မတော်၊ စွမ်းရည်မြင့်တပ်မတော်၊ စည်းကမ်းပြည့်ဝတဲ့ တပ်မတော်ကို အချိန်တိုအတွင်း တည်ဆောက်နိုင်မှာ ဖြစ်တယ်။ သိပ်လွယ်လှတယ်ရယ်လို့ မဟုတ်ပေမဲ့ NLD အစိုးရလက်ထက်မှာ စီ်းပွားရေးအခြေအနေ ကောင်းလာဖို့အခွင့်အလမ်းက အခုကတည်းက မြင်နေရပါတယ်။ အခွန်ဥပဒေကို ပြင်မယ်၊ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်မယ်၊ တိုက်ပွဲတွေ အသံတိတ်သွားမယ်၊ နိုင်ငံတော်မှာ လိုအပ်နေတဲ့အခြေခံအဆောက်အအုံတွေနဲ့ လူ့အရင်းအမြစ်တွေကို ပြုစုပျိုးထောင်သွားမယ်ဆိုခဲ့ရင် တမဟုတ်ချင်း တိုးတက်သွားဖို့ ရှိပါတယ်။ တပ်မတော်သားအချင်းချင်း ထိုးကြိတ်ပြီး သူရသတ္တိ မွေးစရာမလိုတော့ပါ။ အသိညာဏ်နဲ့ ပြည့်ဝတဲ့ သူရသတ္တိကို ရကြပါလိမ့်မယ်။
ဒီတော့ သမ္မတဒေါ်အောင်ဆန်းစုကြည်ဆိုတာ မလွဲမရှောင်သာ ဖြစ်လာရမဲ့ နိုင်ငံရေးဖြစ်စဉ်ပါ။ မေတ္တာတရားနဲ့ ပြည့်စုံသူ၊ စစ်တပ်ကို သံယောဇဉ်ရှိသူ၊ စစ်တပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုလိုလားလားရှိသူ၊ မိသားစုကို ပစ်ပြီး အမိနိုင်ငံတော်ကို ပေးဆပ်ခဲ့ရသူ၊ ဘာသန္တရအားကောင်းသူ၊ အသိညာဏ်ကြွယ်ဝသူ၊ အမြော်အမြင်ကြီးမားသူ ဖြစ်လို့ သမ္မတရာထူးနဲ့ တန်ပါတယ်။ သူက လွဲပြီး ဘယ်သူကမှ မတန်ပါ။ ဒါကို ရိုးရိုးသားသား ဝန်ခံကြစမ်းပါ။ ဒီတော့ ဒီတစ်ခါ တပ်က သူ့ကို အသုံးချမှ ရပါတော့မယ်။ သူကိုယ်တိုင်က ပြည်ထောင်စုကြီးအတွက် အသုံးချပါလို့ ၂၀၁၂ ခုနှစ်ကတည်းက ကြွေးကြော်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အုပ်ချုပ်မှုအောက်မှာ ပြည်သူတို့ရော တပ်မတော်သားများကပါ စိတ်လုံခြုံမှုကို ရရှိကြမှာပါ။ အသက်အိုးအိမ်လုံခြုံမှုလည်း ကျွဲကူးရေးပါ ဖြစ်လာပါလိမ့်မယ်။ အရာရာအတွက် အကောင်းမြင်စိတ်ကလေး မွေးဖို့ လိုနေတယ်။ အချင်းချင်းယုံကြည်မှုတွေ လိုနေတယ်။ မိမိတို့ကိုယ်တိုင်က သံသယကြီးမားသူ ဖြစ်တယ်။ စစ်တပ်ကို မယုံချင်ဘူး။ စစ်တပ်ကလည်း တိုင်းရင်းသားတွေကို မယုံချင်ဘူး။ ဒီသံသယအကျိုးကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံမချသင့်ကြပါ။ ဒါကြောင့် သူ သမ္မတဖြစ်ဖို့ ပုဒ်မ ၅၉ (စ)ကို ပြင်လိုက်တာပဲဖြစ်ဖြစ်၊ ဆိုင်းငံ့ပေးတာပဲဖြစ်ဖြစ် ဆောင်ရွက်သင့်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းအသုံးချသင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သတ်ဖြတ်မဲ့အစား သူ့ကို အသုံးချမှသာ သင့်တော်ပါ့မယ်။ သူ့တန်ဖိုးကို မသိရင် မြက်ကိုပဲ မဲပြီး ပတ္တမြားလုံးကို ကျော်ခိုင်းလိုက်တဲ့ သမင်မိုက်လို ဖြစ်နေမယ်။ ဒီတော့ ရွေးကောက်ပွဲမှာ အပြတ်နိုင်ထားသူ၊ သမ္မတဖြစ်လာဖွယ်ရှိသူ၊ နိုဘဲလ်ဆုရှင်၊ လူထုခေါင်းဆောင်ကို AWM တစ်လက်၊ ဒါမှမဟုတ် AS50 တစ်လက်ကို တစ်လလောက်လေ့ကျင့်ပြီး သေအောင် သတ်ပေးပါ့မယ်ဆိုသူဟာ သူ့သေတွင်းသူတူးနေတာ၊ တပ်ကို မြေမြှုပ်ပစ်ဖို့ လုပ်နေတာ၊ တပ်ကို အိုးမည်းသုတ်နေတာ၊ လူထုတစ်ရပ်လုံးကို စော်ကားနေတာ၊ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်နေတာပါလို့ သိသင့်ပါတယ်။ ဒါကြောင့် မိမိသာ မင်းအောင်လှိုင်ဆိုခဲ့ရင် -
၁။ ဒုတိုင်းမှူးမြင့်လွင်ကို မဖြုတ်ပါ။ သူ့သားကိစ္စ သူနဲ့မဆိုင်လို့။
၂။ ရဲလွင်မြင့်ပဲဆိုဆို ရဲမြင့်လွင်ပဲပြောပြော ရအောင် ဖမ်းမှာပါ။ တပ်နဲ့ ဒေါ်စုရဲ့ နီးစပ်မှုကို ကဖျက်ယဖျက် လုပ်လို့ပါပဲ။
၃။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်အောင် ကူညီပေးပါ့မယ်။ ဖိလစ်ပိုင်ရာမို့စ်အဖြစ်ကို ခံယူလိုက်ပါ့မယ်။
No comments:
Post a Comment