အခြေခံဥပဒေပုဒ်မကို ဆိုင်းငံ့ မလား
သမ္မတဖြစ်လိုစိတ်ကို ဆိုင်းငံ့ မလား ?
===============================
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး လှုပ်ရှားမှုများ ပြန်လည်ဂယက်ရိုက်လာခဲ့ပါသည် ။ အထူးရေပန်းစားလာသည့် အကြောင်းအရာမှာ အန်အယ်လ်ဒီပါတီမှ ဦးကိုနီ၏ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ရေး အဟန့် အတားဖြစ်နေသော ပုဒ်မ ၅၉ (စ)အား ခေတ္တဆိုင်းငံ့ ထားမည်ဟူသည့် အကြောင်းအရာဖြစ်ပါသည် ။
ထိုကဲ့သို့  ပုဒ်မ ၅၉ (စ)အား ဆိုင်းငံ့ ထားမည်ဟူသော အကြောင်းအရာသည် လူထုကြားတွင် အလျှင်အမြန် ပြန့် နှံ့ ခဲ့ပြီး ယခုချက်ချင်းပင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်တော့မယောင် ရေးသားပြောဆိုမှုများလည်း အများအပြားပေါ်ပေါက်ခဲ့ပါသည် ။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ ထူးခြားချက်မှာ အခြေခံဥပဒေပုဒ်မပေါင်း ၄၅၇ ခု ရှိသည့်အနက် တပ်မတော်၏ သဘောတူညီချက်ရရှိမှ ပြင်ဆင်နိုင်ဖွယ်ရှိသော ပုဒ်မအချို့ ပါရှိနေခြင်းဖြစ်ပါသည် ။ထိုကိစ္စမှာ ဒီမိုကရေစီ သဘောနှင့် ညီညွတ်ဟန်မရှိသော်လည်း စစ်အုပ်ချုပ်ရေး ၂၂ နှစ် ကြာမြင့်ခဲ့ပြီး ပြည်တွင်းစစ် အနှစ် ၇၀ နီးပါး အဆုံးမသတ်နိုင်သော တိုင်းပြည်တစ်ခုအနေဖြင့် လွန်စွာထူးဆန်းသည့် ကိစ္စတစ်ခုတော့ မဖြစ်ခဲ့ပါ ။
အင်အားသိန်းချီရှိနေသည့် အစိုးရမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ များ ၊ ပြည်နယ်နှင့် တိုင်းရင်းသား အရေးများ ၊ ရှစ်ပြည်နယ်မူကဲ့ သို့ သော အငြင်းပွားဖွယ် ဖက်ဒရယ်ပုံစံတောင်းဆိုမှုများသည် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ဆက်လက်ပါဝင်ပတ်သက်နေဦးမည့် အကြောင်းကိစ္စများ ဖြစ်ပုံရပါသည် ။ ဆိုလိုသည်မှာ လွှတ်တော်အတွင်းရှိ တပ်မတော်သားအမတ် ၂၅ရာခိုင်နူန်းသည် လက်ရှိကာလတွင် အစိုးရအဖွဲ့အနေဖြင့် အချို့ ကိစ္စရပ်များအား တပ်မတော်နှင့် ညှိနိုင်းဆောင်ရွက်စေလိုသည့် သဘောကို အထင်အရှားပြသထားခြင်း ဖြစ်ပါသည် ။
ပုဒ်မ ၅၉ (စ) အား ပြင်ဆင်ရေးကိစ္စသည် တိုင်းပြည်အတွက် လုံးဝ ပြသနာ မရှိနိုင်ပါ ။ အဘယ်ကြောင့်ဆိုသော် ပြင်ဆင်ရန် တပ်မတော်၏ သဘောတူညီမှုကို ရယူရမည့်အတွက်ကြောင့် ဖြစ်ပါသည် ။ တပ်မတော်မှ သဘောမတူလျှင် ထိုကိစ္စ အောင်မြင်မည်မဟုတ်ပါ ။ မအောင်မြင်မချင်း ဆက်လက်ညှိနိုင်းရန် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ပါသည် ။ မအောင်မြင်လျှင်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတမဖြစ်ရုံမှ အပ အခြားမည်သည့်ကိစ္စမှ မဖြစ်နိုင်ပါ ။
ပုဒ်မ ၅၉ (စ) အား ဆိုင်းငံ့ ရေးကိစ္စမှာမူ ထိုကဲ့ သို့  မဟုတ်ပါ ။ ပြင်ဆင်ရေးဆောင်ရွက်လျှင် တပ်မတော်၏သဘောထားကို တောင်းခံရမည်ဖြစ်သည့်အတွက် ပြင်ဆင်ခြင်းမဟုတ် ဆိုင်းငံ့ ခြင်းသာဖြစ်သည် ၊ ထို့ ကြောင့် တပ်မတော်၏ သဘောထားကို တောင်းခံရန် မလိုဟူသည့် သဘောမျိုး လုပ်ဆောင်ခြင်းသာ ဖြစ်ပါသည် ။ အဓိပ္ပာယ်မှာ တပ်၏ သဘောတူညီမှုကို ယူစေလိုသည်ဟု အတိအလင်းကြေငြာထားသည့်ကိစ္စကို မယူနိုင်ဟု ပြန်လည်တုန့် ပြန်ခြင်း ဖြစ်ပါသည် ။
ဥပဒေတစ်ခုကို ဆိုင်းငံ့ ၍ ရ / မရ ဟူသည့် ကိစ္စသည် ဥပဒေဆိုင်ရာ အငြင်းပွားရမည့် ကိစ္စဖြစ်ပါသည် ။အခြေခံ ဥပဒေကို အငြင်းပွားလျှင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးက အဆုံအဖြတ်ပေးရမည် ဖြစ်ပါသည် ။ ထိုအခြေခံ ဥပဒေ ခုံရုံးမှာလည်း တောင်ပြိုကမ်းပြို အနိုင်ရရှိသွားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ လက်တွင်းသို့ သာ သက်ဆင်းတော့မည့် အနေအထား ဖြစ်နေပြီး ဖြစ်ပါသည် ။
ဆိုလိုသည်မှာ ဆိုင်းငံ့ ခြင်း ကိစ္စသည် နောက်ဆုံး Dead End အခြေအနေသို့  တန်းရောက်ရှိသွားသည့် သဘောကို ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုကဲ့ သို့ အနေအထားဖြစ်လာလျှင် တပ်မတော်အနေဖြင့် ဆိုင်းငံ့ ခြင်းကို လက်ခံမလား သို့ မဟုတ် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်မှ လွှတ်တော်ကို ဖျက်သိမ်းခြင်း ( အာဏာသိမ်းခြင်း)ကို ဆောင်ရွက်မလားဟူသည့် နည်းလမ်းနှစ်ခုသာ ရွေးချယ်ရန်ရှိတော့မည့် အနေအထားကို ဆိုက်ရောက်သွားမည် ဖြစ်ပါသည် ။
၂၀၀၈ အခြေခံဥပဒေတွင် တပ်မတော်သည် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟူသော အချက်ကို အတိအလင်း ရေးဆွဲပြဋ္ဌာန်းထားပြီးဖြစ်ပါသည် ။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော်၏ မူဝါဒသတင်းစာဖြစ်သည့် မြ၀တီသတင်းစာတွင် ပုဒ်မ၅၉ (စ)အား ပြင်ဆင်ခြင်းမပြုရန် တိုက်တွန်းသည့် ဆောင်းပါးတစ်ပုဒ်အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည် ။ထို့ ပြင် လွှတ်တော်တွင်းရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းမှ ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်ပြီး "ဘယ်လိုပုံစံမျိုးပဲ လာလာ ကျွန်တော်တို့ဘက်က ဖွဲ့စည်းပုံအခြေခံအတိုင်း
ဆောင်ရွက်မှာပါ"ဟု တပ်မတော်၏ သဘောထားကို ယတိပြတ်ပြောကြားခဲ့ပြီး ဖြစ်ပါသည် ။
လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးတင်းမာမှု အရိပ်အယောင်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မိမိ သမ္မတဖြစ်ရေး အခြေခံဥပဒေ ပြင်ဆင်မှုများထက် တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှုများကိုသာ အဓိကအာရုံစိုက်လုပ်ဆောင်သွားသင့်ပါကြောင်း The Myanmar Review ဂျာနယ်မှ အကြံပြု ရေးသားအပ်ပါသည် ။
( အယ်ဒီတာ )
၁၀.၂.၂၀၁၆ရက်နေ့ ထုတ်
The Myanmar Review Journal ပါ ...
အယ်ဒီတာ အာဘော်
No comments:
Post a Comment