မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
မွန်ပြည်နယ် ကားလေလံပွဲ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဖျက်သိမ်း -------- --
မွန်ပြည်နယ် ကားလေလံပွဲ ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ဖြင့် ဖျက်သိမ်း
-------- --------- --------
မွန်ပြည်နယ်တွင် လေလံတင်မည့် ကားများကို နေပြည်တော် စီးပွားရေးနှင့် စီမံကိန်းဌာနသို့ ပြန်လည်ပေးအပ်ရမည်ဟု ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်ကြောင့် ကားလေလံပွဲ ကျင်းပမည့် နံနက်တွင် ဖျက်သိမ်းလိုက်ရကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရှိရသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းအချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ညွှန်ကြားစာ ရောက်ရှိလာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပမည့် လေလံပွဲကို ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တ်ာတို့လည်း လေလံပွဲကို မဖျက်ချင်ပါဘူး။ လေလံပွဲပျက်တော့ လေလံဆွဲတဲ့လူတွေကို အရမ်းအားနာပါတယ်။ ကျွန်တော်တို့က ပြည်နယ်ဆိုတော့ ပြည်ထောင်စုရဲ့ အမိန့်ကို နာခံရမယ်။ အရင်က ကားလေလံပစ်တာ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုက ပေးထားတာ။ အခုကျွန်တော် ပြည်နယ်လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုက ခေတ္တပြန်လည် ရုပ်သိမ်းတဲ့သဘောပါ” ဟု မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
နေပြည်တော် စီးပွားရေးနှင့် စီမံကိန်းဌာနမှ ညွှန်ကြားစာတွင် မွန်ပြည်နယ်၌ လေလံပစ်မည့် ကားများကို နေပြည်တော်၊ စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဌာနကို အပ်ရန်နှင့် ယင်းလေလံ တင်မည့်ကားများကို ပြည်ထောင်စုမှ တစ်ဆင့် မွန်ပြည်နယ်အတွင်း မော်တော်ယာဉ် လိုအပ်သည့် ဌာနဆိုင်ရာများကို ပြန်လည်ဝေငှ သွားရန်အတွက် လေလံပွဲကို ဖျက်သိမ်းရန်ဟူသည့် ညွှန်ကြားချက် ပေးပို့ထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးထံမှ သိရသည်။
မွန်ပြည်နယ်တွင် တရားရုံးမှ စီရင်ချက်ချပြီးသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၁၁၇ စီးကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် တင်ဒါလျှောက်လွှာပုံစံများကို ဖေဖော်ဝါရီလ ၁၆ ရက်က နောက်ဆုံးထားပြီး ဝယ်ယူနိုင်ကာ ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လေလံတင် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ လေလံတင်ပွဲကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရန်ကုန်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ကားဝယ်ရောင်း ပြုလုပ်သူများက အဓိက လာရောက် လေလံဆွဲသည့်အတွက် လေလံပွဲကို ဖျက်သိမ်းလိုက်ခြင်းကြေင့် ထိခိုက်နစ်နာမှုရှိကြောင်း ရန်ကုန်မြို့မှ လေလံဆွဲရန် ရောက်ရှိနေသူ ဦးညီညီက ဆိုသည်။
“ကျွန်တော်တို့ လေလံဆွဲဖို့အတွက် အချိန် တစ်ပတ်လောက် ကုန်တယ်။ မွန်ပြည်နယ်မှာရှိတဲ့ လေလံဆွဲမယ့် ကားတွေထားတဲ့ မြို့နယ်အသီးသီးက တစ်ရုံးပြီးတစ်ရုံး ကားလိုက်ကြည့်ရတယ်။ ငွေသွင်းရတယ်။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတယ်။ တခြား ဘယ်မြို့နယ်မှ ဒီလိုလေလံပွဲ ဖျက်တယ်ဆိုတာ မကြုံဖူးဘူး။ မွန်ကတော့ ပထမဆုံး မှတ်တမ်းတင်ရမယ်”ဟု ဦးညီညီက ပြောသည်။
လေလံဆွဲသူများမှာ မြန်မာစီးပွားရေးဘဏ်သို့ ကားတစ်စီးလျှင် စပေါ်ငွေ ကျပ်သိန်း ၂၀ ပေးသွင်းခဲ့ရာ လေလံ ပွဲကို ဖျက်သိမ်းလိုက်သည့်အတွက် အဆိုပါငွေများကို လေလံဆွဲမည့်သူများအား ဘဏ်မှ ပြန်လည်ထုတ်ပေးလျက်ရှိပြီး လျောက်လွှာတစ်စောင်လျှင် ငွေ ၅၀၀၀ ကျပ်ဖြင့် ရောင်းချထားသည့် အတွက်လည်း လျှောက်လွှာဖိုး ငွေများကို မွန်ပြည်နယ်စီမံကိန်းရုံးမှ ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment