Saturday, February 20, 2016

နိုင်ငံ့လက်ရွေးစင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို စွန့်လွှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားကြီး အတွက် ဗိုလ်ချုပ်နေရာမှ သရုပ်ဆောင်မည့် ကျော်ကျော်မျိုးအား

နိုင်ငံ့လက်ရွေးစင် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို စွန့်လွှတ်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားကြီး အတွက် ဗိုလ်ချုပ်နေရာမှ သရုပ်ဆောင်မည့် ကျော်ကျော်မျိုးအား ဗိုလ်ချုပ်ရုပ်ရှင်ကားကြီးမဖြစ်မြောက်သေးခင် ဖြတ်သန်းနေရသည့် အခြေအနေအား တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်။ ၀င်ငွေအင်မတန်ကောင်းသည့် ဘောလုံး သမားဘ၀အား မေ့ပစ်ထားကာ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် ဘ၀အား ရင်းနှီးမြှုပ်နှံထားရင်း ဗိုလ်ချုပ် ရုပ်ရှင် အကောင်အထည်မပေါ်သေးသည့်အကြောင်းများအား မေးမြန်းတင်ဆက်ထားသည်။

            ------ ------ ။ ------ ------

မေး။ အခုလက်ရှိ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုလေးတွေ သိချင်ပါတယ်။

ဖြေ။ လှုပ်ရှားမှုကတော့ မနှစ်တုန်းကတော့ ဒီလိုအချိန်မှာဆို နှင်းဆီအငြိမ့်က,နေပြီပေါ့။ ဒီနှစ်ကျ အဲဒီလို အထွေ အထူးတော့မရှိဘူး။ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုကတော့ သင်တန်းတွေလည်း အကုန်လုံးတက်ပြီး သွားပြီ ရိုက်ဖို့ပဲကျန်တော့တာပေါ့။ သူတို့အတွက်ပဲ ကျွန်တော်က စောင့်နေရတာပေါ့။ လောလောဆယ် အင်္ဂလိပ်စကားပြောသင်တန်းလည်း တက်နေတာပေါ့။

မေး။ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်ရမယ်ဆိုတော့ ဘောလုံးအသင်းကနေ အနားယူခဲ့တာလား ဘယ်လိုလုပ်ခဲ့လဲဗျ။

ဖြေ။ ဘောလုံးအသင်းကနေပြီး အနားပေးထားတယ်။ လစာပေးပြီးတော့ပေါ့။ နားလည်မှုနဲ့ပဲ လုပ်ထားရတာပါ။ လစာလည်း ပေးထားတယ်။ လစာမရှိဘဲနဲ့ ဘယ်လိုလုပ်ရပ်တည်လို့ရမလဲခင်ဗျ။ ဒီလိုသာ မထောက်ပံ့ရင် မလွယ်ဘူးဗျ။

မေး။ ဘောလုံးအသင်းက နားလည်မှုနဲ့ လစာပေးထားတယ်ဆိုတော့ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ပြီးတာနဲ့ ဘောလုံးပြန်ကစားမလားခင်ဗျ။

ဖြေ။ ဘောလုံးသမားတယောက်ကလည်း အသက်အရွယ်နဲ့ဆိုင်တယ်ဗျ။ ဥပမာ ဒီနှစ်ထဲမှာ ရိုက်ဖြစ်တယ်။ ပြီးပြတ်တယ်ဆိုရင် ကျွန်တော် သေချာပေါက်ကန် ဖြစ်တယ်။ နောက်ထပ် နှစ်နှစ်၊ သုံးနှစ်နေမှ ရိုက်ဖြစ်မယ်ဆို ရင်တော့ ပြောစရာလေးတွေရှိလာပြီ။ လူငယ်ဆိုရင်တော့ ဘယ်အသင်းမဆိုခေါ်မှာ။ အခုဟာက အသက် အရွယ်နဲ့ကျတော့ အစ်ကိုတို့မေးတာကို ဖြေဖို့ကျနည်းနည်းတော့ အခက်အခဲတော့ရှိတာပေါ့။

မေး။ အခုလက်ရှိရော အစ်ကို့အသက်က ဘယ်လောက်ရှိပြီလဲ။
ဖြေ။ ၂၉ ရှိပြီဗျ။

မေး။ လေ့ကျင့်ခန်း သိပ်မလုပ်ရတော့ ၀ိတ်တွေ၊ ဘာတွေများ တက်နေပြီလားဗျ။
ဖြေ။ ဟာ အဲဒါကတော့ စိတ်ချလုံးဝမတက်စေရဘူး။ လုံးဝ ထိန်းထားတယ်။

မေး။ ဗိုလ်ချုပ်ရုပ်ရှင်ရိုက်တော့မယ်ဆိုတော့ ဗိုလ်ချုပ်နဲ့တူဖို့ အတင်းကြိုးစားတာရှိလား။

ဖြေ။ ကျွန်တော်က အညာသားဆိုတော့ စကားပြောရင်လည်း ပြတ်ပြတ်သားသားပဲ ပြောတတ်တယ်။ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး။ ကျွန်တော်တို့အညာ ပြောတဲ့အတိုင်းပဲပေါ့။ လေသံအနေအထားကစ အညာသားဆိုတော့ အဲဒါလေးတွေလုပ်ယူတာမဟုတ်ဘူး။ ကျွန်တော် နေထိုင်တတ်တဲ့ပုံစံအတိုင်းပဲလေ။ ရိုးရိုးသားသားပဲလေ။ လူကြီးတွေက ရွေးတဲ့အခါ အဲဒါလေးတွေသဘောကျလို့ ထင်ပါတယ်။

မေး။ အစ်ကို့ကိုရွေးတဲ့အချိန် ရုပ်ရည်ရော၊ အရပ်အမောင်း အသက်အရွယ်ရော နီးစပ်တူသူကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ရွေးခဲ့တယ်ဆိုတာကရော။

ဖြေ။ ဟုတ်တယ်၊ အစ်ကို ၅၇ ယောက်ထဲက ဖိုင်နယ် ခုနစ်ယောက်ဖြတ်တယ်။ ဖြတ်တော့ အမေစုကိုယ်တိုင် ရွေးခဲ့တာလေ။ နောက်ပြီးတော့ ကျွန်တော်တယောက်တည်း မဟုတ်ပါဘူး။ တော်တော်များများ ဆင်ကြပါ တယ်။

မေး။ အစ်ကို့အနေနဲ့ ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ဘယ်လောက်ထိ မျှော်လင့်ထားလဲ၊ ဘာလို့လဲဆိုတော့ အစ်ကိုဝါသနာပါတဲ့အရာကိုစွန့်ပြီး ဒါကိုစောင့်နေရတယ် ဆိုတော့လေ။

ဖြေ- အဲလိုမျှော်လင့်ချက်တခုမှ မရှိဘူးဗျ။ နည်းနည်းလေးမှ မရှိဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်ကား ရိုက် လိုက်ရင် အကျိုးအမြတ်ရမယ်ဆိုပြီး မျှော်လင့်ချက်မရှိဘူး။ ကျွန်တော်က အင်တာဗျူးသွားကတည်းက ဖြေတယ်။ မင်းဘောလုံးကန်တာ လစာရတယ်မဟုတ်လား။ ဒီဇာတ်ကားရိုက်ရင် တပြားမှရမှာ မဟုတ်ဘူးနော် ဆိုတော့ ကျွန်တော်က ဟုတ်ကဲ့ ရိုက်မယ်၊ တခြားဟာဆို ရိုက်မှာမဟုတ်ဘူး။ ဗိုလ်ချုပ်နေရာမို့ ကျွန်တော်လည်း လေးစားအားကျလို့ ရခေါင့်ရခဲအခွင့်အရေးမို့ ရိုက်တာလေ။ ၀ါသနာကို စွန့်လွှတ်ပြီးတော့ ရွေးရတာလေ။ ကျွန်တော်လည်း အတတ်နိုင်ဆုံး အင်းဒါဆိုရင်တော့ သုံးနှစ်ရှိပြီး ရပ်တည်လာရတာပေါ့။ ကျွန်တော် တတ်နိုင် သလောက်ပေါ့။ ကျွန်တော်လည်း မချမ်းသာပါဘူး။ ဒီလိုပဲ လည်ပတ်ပြီးတော့ ရပ်တည်လာရတာပေါ့။ တချို့ သူငယ်ချင်းတွေကတောင်ပြောကြတယ်။ မင်းက တော်တော်ရူးတာလို့ဆိုပြီးလေ။ သူတို့ကတော့ လူငယ်အတွေး တွေပေါ့။ ဘောလုံးကန်ရင် ပိုက်ဆံဝင်တယ်လေ။ ဒလဟောဝင်တာကိုး လက်ရွေးစင်လည်းပါတယ်လေ။ ဒါပေမဲ့ ကျွန်တော်ကလည်း ဒီတချက်လေး ဒီနေရာမှာရွေးထားတာ ရအောင်ရိုက်မယ်ကြိုးစားမယ်။ တကယ်လို့ ပါသွားရင် နောက်ဆုံးအနေနဲ့ ပြောရရင် လူဖြစ်ရကျိုးတောင်နပ်တယ်။ ဒီလို နေရာမျိုးမှာ သရုပ်ဆောင်ရတာ ဘာမှမလိုချင်ဘူး။ ဘာမှမလိုချင်ဘူး။ သရုပ်ဆောင်ခွင့်ရတာကို ပျော်တယ်။

မေး- အစ်ကို အစမ်းရိုက်ထားပြီး အမြည်းသဘောကြည့်ရတာကိုတော့ တွေ့ရပြီပေါ့။ အဲဒီလို သရုပ်ဆောင်ဖို့ ဘယ်လိုကြိုးစားရလဲဗျ။

ဖြေ- သူတို့က အမျိုးမျိုး  Traing ထားတယ်လေ။ စစ်ဆိုရင်လည်း စစ်သင်တန်း သရုပ်ဆောင်ဆိုရင်လည်း သရုပ်ဆောင်သင်တန်းပို့ထားတယ်။ မင်းသား၊ မင်းသမီးတွေ ကြားထဲမှာ ကျွန်တော့်ကိုထည့်ထားတယ်။ ကျွန်တော့်အတွက် အနုပညာလောကနဲ့ မစိမ်းတော့ဘူး။ ဒီတော့ လုပ်ရကိုင်ရလည်း အဆင်ပြေတယ်ဗျ။ သူတို့ လိုချင်တဲ့ ပုံစံဝင်အောင်လုပ်ရတယ်။ ဒါပေမဲ့ တချို့တွေလည်း ဝေဖန်တယ်။ ဝေဖန်တာ သဘောကျတယ်။ ဒါမှ အမှားကိုမြင်မှာလေ တတ်နိုင်သလောက် အာရုံစူးစိုက်လုပ်နေတယ်။ ပြောစရာနည်းအောင်လို့ပေါ့။ အမှားနည်းအောင်ပေါ့။

မေး- လတ်တလောအခြေအနေမှာရော အစ်ကို့ကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က တစုံတရာ ဆက်သွယ်လာတာ ရှိလားဗျ။

ဖြေ- အခု ဧပြီ ပြီးရင်တော့ ကျွန်တော့်ကို တစုံတရာ ဆုံးဖြတ်ချက် ချပေးမှာပါ။ စရိုက်ဖို့တော့ အခြေအနေ ကောင်းပါတယ်။ ဒီနှစ် ဗိုလ်ချုပ်မွေးနေ့ စနေနေ့နဲ့ တိုက်တယ်ဗျ။ မနှစ်က နှင်းဆီအငြိမ့်ကတယ်။ ကပြီးတော့ မြစ်ငယ်ကိုပြန်တယ်။ ပြန်ပြီးတော့ ဗိုလ်ချုပ်မွေးနေ့လုပ်ဖြစ်တယ်။ မိဘမဲ့ ကျောင်းကိုသွားတယ်။ ငွေလှူဒါန်း တယ်။ ကလေးတွေကို အာဟာရကျွေးတယ်။ အဲဒီမှာ တနေကုန်ပဲ ဒါနဲ့ဆိုရင် သုံးနှစ်ရှိသွားပြီ။ အကြိမ်အရေက ရှစ်ကြိမ်လောက်ရှိပြီ။

မေး- အစ်ကို ဘောလုံးကစားတော့ ဘယ်နေရာမှာ ကစားလဲဗျ။
ဖြေ- ကျွန်တော်က နောက်တန်းက ကစားတယ်ဗျ။

မေး- ဗိုလ်ချုပ်ရုပ်ရှင်က ဧပြီလောက်မှာ ပြန်စမယ်လို့လည်း ကြားနေတယ်ဆိုတော့ အစ်ကို့အနေနဲ့ အများ ပြည်သူကို ဘာများပြောချင်လဲ ခင်ဗျ။

ဖြေ- ကျွန်တော်ကတော့ ဗိုလ်ချုပ်ကားဆိုတော့ အတိုက်အခံလည်း များတယ်။ သဘောကျတဲ့သူရှိသလို သဘောမကျလို့ ကန့်ကွက်သူလည်း များတယ်။ လူတကိုယ် အကြိုက်တမျိုး နောက်ပြီးတော့ လူတွေကလည်း ဗိုလ်ချုပ်ဆို အထိပါးမခံဘူးလေ။ အားလုံးကတော့ ကောင်းစေချင်လို့ လုပ်နေတာပဲ။ ဒါကြီးကလည်း ကြန့်ကြာနေတာ အဲဒီကိစ္စတွေလည်းပါတာပေါ့။ ကျွန်တော်ကတော့ မြန်မြန်ရိုက်ဖြစ်တော့ ၀မ်းသာတာပေါ့ အစ်ကိုရယ်၊ ကျွန်တော်လည်း စောင့်ရတာ ကြာလှပြီလေ။ အားပေးတဲ့ ပရိသတ်ကို ပြောချင်တာကတော့ ကျွန်တော့် ထွေလာလေး ထွက်လာပြီးတော့ ဝေဖန်သံတော်တော်လေး ထွက်လာတယ်။ ဘယ်လိုလေးဖြစ်နေ တယ်။ လေသံကစပြီးတော့ပေါ့။ ကျွန်တော် ဒီတခါတော့ အားလုံးပြင်ဆင် ထားပါတယ်။ အကောင်းဆုံးတူအောင် ကြိုးစားသွားပါမယ်။ 
News Watch
ကိုခက်

No comments: