Saturday, February 20, 2016

သုံးဖက်မြင်စနစ်ဖြင့် ကလေးငယ်များ ရုပ်ပုံများ ရေးဆွဲနိုင်မည့် ဘောပင် ဈေးကွက်တင်

သုံးဖက်မြင်စနစ်ဖြင့် ကလေးငယ်များ ရုပ်ပုံများ ရေးဆွဲနိုင်မည့် ဘောပင် ဈေးကွက်တင် သုံးဖက်မြင်စနစ်(3D) ဖြင့် ကလေးငယ်များ ရုပ်ပုံများရေးဆွဲနိုင်မည့် ဘောပင်ကို ယခုလကုန်ပိုင်းတွင် ဈေးကွက်အတွင်းသို့ ပို့ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဘောပင်ကို 3Doodler Start ဟုအမည်ပေးထားပြီး အသက် ၈ နှစ်မှ အသက် ၁၃ နှစ်အရွယ်ကြားရှိ ကလေးငယ်များ သုံးဖက်မြင်စနစ်ဖြင့် ရုပ်ပုံများရေးဆွဲနိုင်မည်ဖြစ်သည်။ ဘောပင်ကို ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော်လည်း ကလေးငယ်များ အတွက် အန္တရာယ်မဖြစ်စေရန် ရာနှုန်းပြည့် အာမခံနိုင်သော ပလတ်စတစ်ကို အသုံးပြုထားသည်။ ရုပ်ပုံများရေးဆွဲရန် ဘောပင်တွင်ပါရှိသည့် Start ခလုတ်ကို နှိပ်ပေးရမည်ဖြစ်ကာ ပူးတွဲပါဝင်သည့် LED မီးအရောင်မှာ အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းသွားချိန်တွင် လေထဲ၌ စိတ်ကူးအတွင်းရှိ ရုပ်ပုံများကို စတင်ရေးဆွဲနိုင်မည်ဖြစ်သည်။ အပူချိန်ကို အသုံးပြုထားသော်လည်း ကလေးငယ်များအား အန္တရာယ်ဖြစ်စေမည့် အနေအထားမျိုးမရှိသည့် အပူချိန်မျိုးဖြစ်သောကြောင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည်။ အားပြည့်အောင် သွင်းထားမည်ဆိုပါက ၄၅ မိနစ်မှ တစ်နာရီအထိ ဆက်တိုက်အသုံးပြုနိုင်မည်ဖြစ်ပြီး USB Port ဖြင့် အားသွင်းနိုင်မည်ဖြစ်သည့် အပြင် ကြိုးမဲ့စနစ်လည်း ထည့်သွင်းထားကြောင်း သိရသည်။ 3Doodler Start ဘောပင်ကို အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉၉ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ကာ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့၌ ဦးစွာဈေးကွက်တင်မည်ဖြစ်သည်။ မတ်လလယ်ပိုင်းခန့်တွင် အာရှဒေသရှိ ဈေးကွက်များသို့ တင်ပို့ရောင်း ချမည်ဖြစ်ကြောင်း သိရသည်။

No comments: