Wednesday, February 17, 2016

ခံစစ်ပိုင်းအားနည်းမှုကြောင့် ပြင်သစ်မြေမှာ ရှုံးပွဲတွေ့ခဲ့တဲ့ချယ်လ်ဆီး

Eleven Sports ခံစစ်ပိုင်းအားနည်းမှုကြောင့် ပြင်သစ်မြေမှာ ရှုံးပွဲတွေ့ခဲ့တဲ့ချယ်လ်ဆီး ချန်ပီယံလိဂ် (၁၆) သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပထမနေ့ ပွဲစဉ်တွေကို ယနေ့မနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့ရာမှာတော့ PSG အသင်းဟာ ချယ်လ်ဆီး အသင်းကို အိမ်ကွင်းပရိသတ် ရှေ့မှောက်မှာ (၂-၁)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ တယ်ရီ၊ ဇူးမားတို့ မပါဝင်တဲ့ ခံစစ်အတွက် ဘာဘာရာမန်၊ ကာဟေးလ်၊ အီဗန်နိုဗစ်၊ အက်ဇ်ပီလီကွယ်တာ တို့နဲ့ပွဲထွက်လာခဲ့ပြီး မိုဗစ်၊ မော်ရာ၊ ဒီမာရီယာတို့ရဲ့ PSG တိုက်စစ်ပိုင်းဟာ ပွဲစကတည်းက ဖိအားပေးခဲ့ပါတယ်။ PSG အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၃၉) မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ရဲ့ (၂၁) ကိုက်အကွာက ပြစ်ဒဏ်ဘောကန်ချက် မီခေးလ်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ရာမှ ရရှိခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ ချယ်လ်ဆီးအသင်း ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်း နာကျင်အချိန်ပိုမှာတော့ ၀ီလီယံ ထောင့်ကန်ဘောမှ တစ်ဆင့် မီခေးလ်က အပြင်းကန် သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းအစမှ ချယ်လ်ဆီးအသင်း တိုက်စစ်ဖွင့်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ PSG အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို မယှဉ်နိုင်ခဲ့ဘဲ ခံစစ်ပိုင်းမှာသာ အချိန်ကုန်ခဲ့ပါတယ်။ လူးကပ်စ်မော်ရာ၊ ဒီမာရီယာတို့ရဲ့ ကန်ချက်တွေကို ကော်တိုအာ ကာကွယ်နိုင်ခဲ့လို့သာ ချယ်လ်ဆီးသက်သာရာ ခဲ့တာပါ။ PSG အသင်းအတွက် အနိုင်ဂိုးကိုတော့ လူစားဝင် တိုက်စစ်မှူး ကာဗာနီက ဒီမာရီယာရဲ့ ပေးပို့မှုမှ တစ်ဆင့် ပွဲချိန် (၇၈)မိနစ်မှာ အဆုံးသတ် သွင်းယူပေးခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရလဒ်ကို ရယူခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာတော့ ချယ်လ်ဆီးအသင်း တိုက်စစ်ဖွင့်ခဲ့ပေမယ့် PSG အသင်းက အနိုင်ရလဒ်ကို ထိန်းကစားခဲ့တာကြောင့် (၂-၁)ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အခြားပွဲစဉ် ရလဒ်မှာတော့ ဘင်ဖီကာ အသင်းက ဇင်းနစ်အသင်းကို အိမ်ကွင်းမှာ ကွင်းလယ်လူ ဂျိုးနက်စ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးနဲ့ (၁-၀) ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။ ■ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ရလဒ် PSG ၂-၁ ချယ်လ်ဆီး ဘင်ဖီကာ ၁-၀ ဇင်းနစ် ■ ယူရိုပါလိဂ် (၃၂) သင်း ရှုံးထွက်အဆင့် ပထမအကျော့ရလဒ် ဖီနာဘာချီ ၂-၀ လိုကိုမိုးတစ်မော်စကို ■ လိဂ်ချန်ပီယံရှစ် ဘလက်ဘန်း ၃-၀ ဖူလ်ဟမ် ဟားလ်စီးတီး ၀-၀ ဘရိုက်တန် ပုံစာ-PSG အသင်းအတွက် အနိုင်ဂိုးကို ကာဗာနီ ကန်သွင်းယူနေစဉ် Photo:Getty Images

No comments: