မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ မဖြစ်နိုင်ဟု အိုဘားမား ပြောကြား ---------------------------------------
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတ မဖြစ်နိုင်ဟု အိုဘားမား ပြောကြား
---------------------------------------
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၇
သမ္မတတာဝန်သည် ခက်ခဲနက်နဲသောကြောင့် ရီပတ်ဘလစ်ကန် ဒေါ်နယ်ထရမ့်သည် သမ္မတမဖြစ်နိုင်ဟု သမ္မတ ဘားရက်အိုဘားမားက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
“မစ္စတာထရမ့် သမ္မတ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ဆက်ပြီး ယုံကြည်နေတုန်းပါပဲ။ အကြောင်းရင်းကတော့ အမေရိကန်ပြည်သူတွေ အပေါ်မှာ ကျွန်တော် အများကြီး ယုံကြည်ထားလို့ပါပဲ” ဟု အိုဘားမားက ပြောကြားသည်။
ရီပတ်ဘလစ်ကန်ပါတီတွင်း ပြိုင်ပွဲတွင် ထိပ်မှပြေးနေသော ဘီလီယံနာ ဒေါ်နယ်ထရမ့်သည် ပြည်နယ်တစ်ခုတွင် အနိုင်ရရှိထားပြီး တောင်ကာရိုလိုင်းနား ပြည်နယ် သဘောထား စစ်တမ်းတွင်လည်း ဦးဆောင်လျက်ရှိသည်။
ကယ်လီဖိုးနီးယားတွင် ကျင်းပသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် သတင်းထောက်တစ်ဦးက ဒေါ်နယ်ထရမ့်နှင့် ပတ်သက်၍ မေးမြန်းမှုကို သမ္မတ အိုဘားမားက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“သမ္မတတာဝန် ဆိုတာ တော့ခ်ရှိုးနဲ့ ရီယယ်လတီရှိုး ကျင်းပတာ၊ အရောင်းမြှင့်တာ၊ ဈေးကွက်ရှာတာ မဟုတ်ပါဘူး။ ခက်ခဲနက်နဲတယ် ဆိုတာကို မဲဆန္ဒရှင်တွေက သိတဲ့အတွက် သူ့ကိုရွေးချယ်မှာ မဟုတ်ပါဘူး” ဟု အိုဘားမားက ပြောကြားခဲ့သည်။
မစ္စတာထရမ့်ကလည်း “တိုင်းပြည်ကို အများကြီး ထိခိုက်နစ်နာအောင် လုပ်ခဲ့တဲ့ သမ္မတတစ်ယောက်က ပြစ်တင်ဝေဖန်လိုက်တဲ့ ဖွယ်ဖွယ်ရာရာ စကားပါပဲ” ဟု ခွန်းတုံ့ပြန်သည်။
ထို့ပြင် သမ္မတသည် အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားကြောင်း သက်သေပြဖို့ လိုသည်ဟု တောင်းဆိုကာ အိုဘားမား၏ နောက်ကြောင်းကို တူးဆွလိုက်သည်။
ဒေါ်နယ်ထရမ့်သည် မဲဆွယ်ရာတွင် အငြင်းပွားဖွယ် သဘောထားများနှင့် မူဝါဒများကို ပြောကြားလေ့ ရှိသောကြောင့် ဆက်တိုက်ဆိုသလိုပင် ခေါင်းကြီးသတင်းများ ဖြစ်နေခဲ့သည်။
၎င်းက အထောက်အထား မပြည့်စုံသော ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းကို ပြန်ပို့ပစ်မည်၊ မက္ကဆီကိုနှင့် တောင်ဘက်နယ်စပ်ကို တံတိုင်းကာပစ်မည်၊ အမေရိကန်သို့ မွတ်ဆလင်များ ဝင်ရောက်မှုကို ပိတ်ပင်မည် စသည်ဖြင့် ပြောကြားခဲ့သည်။
၎င်း၏ အဓိကပြိုင်ဖက်မှာ ဆီနိတ်တာ တက်ခရုစ် ဖြစ်သော်လည်း ပြီးခဲ့သော ပြည်နယ်နှစ်ခုတွင် အရေးနိမ့်ခဲ့သော ဖလော်ရီဒါ အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ်ကလည်း ရလဒ်ကောင်းထွက်ရန် မျှော်လင့်နေသည်။
အင်္ဂါနေ့က တွစ်တာတွင် ဂျက်ဘုရှ်က အမေရိကား စကားလုံးနှင့် ယှဉ်လျက် ၎င်း၏ အမည်နေရာ၌ သေနတ်ပုံကို တင်လိုက်သောကြောင့် အွန်လိုင်းတွင် ပွက်လောရိုက်သွားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment