Thursday, February 18, 2016

တစ်နိုင်ငံလုံးတွင် ၁၄ရက်တာ ကာလအတွင်း လူလေးထောင်ခန့် မီးဘေးသင့်

တစ်နိုင်ငံလုံးတွင် ၁၄ရက်တာ ကာလအတွင်း လူလေးထောင်ခန့် မီးဘေးသင့် Thursday, February 18, 2016 မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၅ ခုတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်အထိ ၁၄ရက်တာ ကာလအထိ မီးလောင်မှု ၁ဝ၆ကြိမ် ဖြစ်ပွားခဲ့ပြီး လူ၎ဝဝဝခန့် မီးဘေးသင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ အဆိုပါကာလအတွင်း တစ်နိုင်ငံလုံးရှိ အိမ်ခြေအဆောက်အဦပေါင်း ၉၃၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၂၉၉၉၄ဦး မီးဘေးသင့်ခဲ့ရာ ကျပ် ၁၄၄၇၁သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယင်းမီးဘေးဒုက္ခသည်များအနက် ရှမ်းပြည်နယ်တွင် ၁၂၉၇ ဦး၊ တနင်္သာရီတိုင်းတွင် ၁၆၂၈ ဦးနှင့် ဧရာဝတီတိုင်းတွင် ၇၉၄ ဦးတို့ဖြင့် မီးဘေးသင့်ဒုက္ခသည် အများဆုံးတိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ “ မီးလောင်မှုတွေမှာ ပျက်စီးဆုံးရှုံးမှု အများကြီးမရှိစေဖို့ ပြည်သူတွေအနေနဲ့ အိမ်တိုင်း မီးသတ်ဆေးဗူးဆောင်ဖို့ မီးစလောင်တာနဲ့ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားနိုင်ဖို့ လိုပါတယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်မှု သွားရေး လာရေးခက်ခဲတဲ့ နေရာဒေသတွေမှာရှိတဲ့ မီးသတ်တပ်ဖွဲ့ကို လေကြောင်းမီးငြှိမ်းသတ်ရေးစနစ်နဲ့ ဆောင်ရွက်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ” ဟု ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဖေဖော်ဝါရီလ ၄ရက် မွန်းလွဲ ၁နာရီခွဲခန့်မှ စတင်ကာ ည ၉နာရီအထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်တွင် မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၂ဝဝ ကျော်ဆုံးရှုံးခဲ့ရကြောင်း၊ အလားတူ ယင်းနေ့ ည ၈ နာရီ ဝန်းကျင်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်၊ ကမ်းနားလမ်းတွင် မီးလောင်ခဲ့ရာ အိမ်ခြေ ၂ဝဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူ ၂ဝဝဝ ခန့် မီးဘေးဒုက္ခ ရင်ဆိုင်ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ အဆိုပါမီးလောင်မှု ဖြစ်စဉ်များအပြင် ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၈ နာရီခွဲခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာတွင် မီးလောင်မှုကြောင့် အိမ်ခြေ ၃ဝဝ ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူ တစ်ထောင်ကျော် မီးဘေးသင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနမှ သိရှိရသည်။ ယခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှု ၁၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အဦပေါင်း ၁၈၅၁ လုံးမီးလောင် ဆုံးရှုံးခဲ့ပြီး ၊ လူဦးရေ ၈၇ဝ မီးဘေးသင့်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။ The Voice Weekly

No comments: