Thursday, October 22, 2015

စစ်မှန်သော အပြောင်းအလဲအတွက် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီး

စစ်မှန်သော အပြောင်းအလဲအတွက် တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီး
------ ------ ------ ----- ------
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ရက်ပိုင်းသာ လိုပါတော့သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း နည်းအမျိုးမျိုးဖြင့် မဲဆွယ်စည်းရုံးလျက် ရှိကြသည်။ ပြည်သူလူထုက အပြောင်းအလဲတခုကို လိုချင်ဆန္ဒရှိနေကြသည်ဟုဆိုပါလျှင် အတိုက်အခံ အင်အားကြီး ပါတီတခု၏လေသံပဲဟု ပြောပါလိမ့်မည်။ အမှန်အားဖြင့်လည်း မြန်မာလူထုက စစ်မှန်သည့်အပြောင်းအလဲကို ပြင်းပြသော လိုချင်ဆန္ဒ ရှိနေကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့မြန်မာနိုင်ငံသည် တချိန်က ရုပ်မြင်သံကြားဂြိုလ်တုသတင်းများတွင် မကြာမကြာ ထုတ်လွှင့်ခဲ့သော ကလေးသူငယ် အဟာရချို့တဲ့မှုမှအစ ဒုက္ခတို့ပေါင်းစုံရာ အီသီယိုးပီးယားနိုင်ငံထက်ပင် နှိမ့်ကျသွားပြီဖြစ်သည်။ သာမန်ပြည်သူများအတွက် လူနေမှုအဆင့်အတန်း ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးစံချိန်တို့သည် နိုင်ငံတကာစံချိန် မဆိုထားဘိ ဒေသတွင်းနိုင်ငံများနှင့်ပင် မနှိုင်းယှဉ်သာတော့ချေ။ ထိုအခြေအနေများသည် မြန်မာနိုင်ငံအတွက် ထိုက်သင့်သော အခြေအနေများ မဟုတ်။ သို့ဖြစ်၍ ပြည်သူလူထုက အမိနိုင်ငံတော်ကြီး ထိုက်သင့်သောနေရာတွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်သည်ကို မြင်လိုကြသည်။ ဤသည်ပင် ပြည်သူလိုချင်သော အပြောင်းအလဲ ဖြစ်သည်။ ထို အပြောင်းအလဲကို မည်သူက ဖော်ဆောင်ပေးမည်နည်း။ မြန်မာနိုင်ငံအတွက် ထိုအပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်သော ခေါင်းဆောင်နှင့် ထိုခေါင်းဆောင်၏ပါတီကို ပြည်သူက မဲပေးကြလိမ့်မည်ဆိုသည်မှာ သဘာဝကျပါသည်။

မြန်မာ့နိုင်ငံရေးသည် ပြည်သူလူထုက မိမိ ယုံကြည်ရာပါတီကို မဲ ပုံအောပေးရုံမျှဖြင့် မိမိလိုချင်သော အစိုးရတရပ်ကို ရွေးချယ်နိုင်လောက်အောင် ရိုးရှင်းလျှင် ကောင်းလေစွ။ အမှန်အတိုင်း သုံးသပ်ရမည်ဆိုပါက မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို NLD သော်လည်းကောင်း ပြည်ခိုင်ဖြိုးသော်လည်းကောင်း ဖော်ဆောင်ပေးနိုင်စွမ်း မရှိချေ။ လက်ရှိအနေအထားအရ နိုင်ငံရေး အပြောင်းအလဲအတွက် တပ်မတော်၏ ပူးပေါင်းပါဝင်မှုမရှိဘဲ မည်သို့မျှ မဖြစ်နိုင်ပါချေ။ တဖန် ယနေ့ တပ်မတော်အနေအထားကိုကြည့်လျှင် သီးခြားရပ်တည်နေသော အင်စတီကျုးရှင်းတခုထက်စာလျှင် ပြည်ခိုင်ဖြိုးပါတီနှင့် စပ်ယှက်နှီးနွယ်နေသယောင် ထင်ရသည်။ သြဂုတ်လအစောပိုင်းက သမ္မတ ဦးသိန်းစိန်၏ လက်မှတ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများမှ ၀န်ကြီး ဒုဝန်ကြီးအဆင့်ရှိသူများဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်၊ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒု-၀န်ကြီး ဗိုလ်ချုပ် တင်အောင်ချစ်၊ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ အစရှိသော တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများအပါအ၀င် ဗိုလ်မှူးမှ ဗိုလ်ချုပ်ကြီးအဆင့်ရှိ တပ်မတော်သား ၆၀ ခန့်ကို ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်စေရန် တပ်မှ အနားယူစေခဲ့သည်။ သို့ဆိုလျှင် တပ်မတော်သည် ပြည်ခိုင်ဖြိုးလား၊ ပြည်ခိုင်ဖြိုးသည် တပ်မတော်လား မေးခွန်းထုတ်စရာရှိလာသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်သည် မိမိ နှစ်သက်သည့် တပ်မတော်သားကို အရပ်ဝတ်လဲစေ၍ ပါတီတွင်း ဆွဲသွင်းနိုင်သည့် အခွင့်အာဏာရှိသလော။ တပ်မတော်ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံတွင် ပြည်ခိုင်ဖြိုးပါတီ၏မူဝါဒကို ချယ်လှယ်ပိုင်ခွင့်နှင့် အမတ်လောင်းစားရင်းတွင် တပ်မတော်သားများ ထည့်သွင်းနိုင်သည့် အခွင့်အာဏာ ရှိသလော။ သို့တည်းမဟုတ် တပ်နှင့် ပါတီသည် Entity ကြီးတခုထဲပင်ဖြစ်ပြီး နိုင်ငံရေးနှင့် စစ်ရေးအရ ၂ ပိုင်း ခွဲခြားထားခြင်းပေလော။ သို့မှမဟုတ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ မဟုတ်သော အခြား တစုံတယောက်က တပ်ကိုရော ပါတီကိုပါ ချုပ်ကိုင်ဦးဆောင်နေသလော စသည်ဖြင့် မသဲကွဲသော အကြောင်းအရာ များစွာ ရှိနေပါသည်။ တပ်မတော်သည် နိုင်ငံရေးနှင့် မကင်းရှင်းရုံမျှမက လွှတ်တော်တွင်း၌ပင် ၂၅ ရာခိုင်နူန်းကို ရယူထားပါသေးသည်။ သို့ဆိုလျှင် မြန်မာ့နိုင်ငံရေးချိန်ခွင်လျှာသည် တဘက်စောင်းနင်း ဖြစ်၍နေသည်။ ပြည်ခိုင်ဖြိုးပါတီက အစိုးရဖွဲ့နိုင်ရန်အတွက် ရွေးကောက်ပွဲတွင် ၂၆ ရာခိုင်နူန်းသာ ရရှိရန် လိုအပ်နေသလိုဖြစ်နေပြီး အတိုက်အခံပါတီများဘက်မှ အစိုးရဖွဲ့နိုင်ခွင့်အတွက် ၅၁ ရာခိုင်နူန်း အောင်နိုင်ရမည့်သဘော ဖြစ်သည်။ ရာနူန်းပြည့်နေရာအတွက် ယှဉ်ပြိုင်ရမည်မဟုတ်ဘဲ ၇၅ ရာခိုင်နူန်းမှ ၅၁ ရာခိုင်နူန်း တနည်း ၇၅ နေရာအတွက် ပြိုင်ဆိုင်ရာတွင် ၅၁ နေရာ ရမှ အစိုးရဖွဲ့နိုင်ခွင့်ရမည်ဆိုသည်မှာ အပြေးကောင်းသည့် မြင်းဖြစ်သဖြင့် အလေးပိုးထားပေးသကဲ့သို့ ရှိသည်။

ယနေ့ မြန်မာပြည်သူလူထုက လိုလားတောင့်တသော အပြောင်းအလဲများဟုဆိုရာတွင် နိုင်ငံ၏ အားအကောင်းဆုံး အင်စတီကျုးရှင်းကြီးဖြစ်သည့် တပ်မတော်ကို သူ၏ status quo ထက် မှန်ကန်ထိုက်တန်သည့် နေရာတွင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်စေလိုခြင်းလည်း ပါဝင်သည်။ ရွေးကောက်ပွဲနီးကပ်လာသည့် ယနေ့အချိန်အထိ မိမိတို့ တပ်မတော်သည် ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားပြန်မည်ဟု ၉၀ ရွေးကောက်ပွဲမတိုင်မီက ဗိုလ်ချုပ်စောမောင်ပြောခဲ့သလို တိကျပြတ်သားသော ကတိစကားမျိုး လက်ရှိ တပ်မတော်ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်ကြီးများထံမှ ပြောဆိုသံမျိုးလည်း မကြားရသေးပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲရလဒ်ကို လေးစားအသိအမှတ်ပြုမည်ဟု ပြောပါသည်။ သို့ရာတွင် အထက်ကဆိုခဲ့သလို တပ်နှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ဆက်စပ်မှုမှာေ၀၀ါးလျက်ရှိရာ ထိုစကားရပ်အပေါ် အချို့က သံသယရှိနေသည်။

၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် အရပ်သားအစိုးရအုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းခဲ့သည်ဟု ဆိုသော်လည်း လက်ရှိ အစိုးရအဖွဲ့အတွင်းမှ လူကြီးများမှာ ယခင် စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားတွင် အုပ်တချပ်သဲတပွင့် ပါဝင်ခဲ့သူများဖြစ်ပြီး အချို့မှာ အုပ်ချပ်ကြီး သဲပွင့်ကြီးများ ဖြစ်ခဲ့သည်။ ထိုအခြေအနေကို ပြည်သူလူထုက စစ်မှန်သော အပြောင်းအလဲအဖြစ် လက်ခံရန် ခက်ခဲလှသည်။

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့ဆန္ဒကို ကောက်ခံခြင်းပင်ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒကို ထင်ဟပ်ရမည်ဖြစ်သည်။ ထိုသို့ဖြစ်ရန် ရွေးကောက်ပွဲသည် မျှတပြီးလွတ်လပ်ရန် လိုသည်။ ပါတီအချင်းချင်း ယှဉ်ပြိုင်ရာတွင်လည်း မျှတမှု ရှိရမည်ဖြစ်ရာ တပ်မတော်သည် ပြည်ခိုင်ဖြိုးပါတီနှင့်မှမဟုတ် မည်သည့် နိုင်ငံရေးပါတီနှင့်မျှ ဒွေးရောယှက်တင် မဆက်ဆံသင့်ပေ။ ဖြစ်နိုင်လျှင် နိုင်ငံရေးမှ အပြီးထွက်ခွာရန် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နူန်းကိုပင် မိမိတို့သဘောဆန္ဒအလျောက် ရုတ်သိမ်း၍ မူလတာဝန်ဖြစ်သော ကာကွယ်ရေးတာဝန်ကို အဓိက အာရုံစိုက် တာဝန်ထမ်းဆောင်ကြစေလိုသည်။ ပြည်သူ့တပ်မတော်၊ ပြည်သူ့တပ်မတော်သားများအဖြစ် သိက္ခာသမာဓိရှိရှိ ရပ်တည်လာမည့် နေ့ကို ပြည်သူလူထုက တောင့်တလျက် ရှိသည်။ အမှန်စင်စစ် တပ်မတော်သည် ပြည်သူမှ ပေါက်ဖွားလာခြင်းသာဖြစ်သဖြင့် တပ်နှင့် ပြည်သူ လုံးဝ သွေးမကွဲသင့်ချေ။ သွေးကွဲမည့် လုပ်ဆောင်ချက်များကို ရပ်တန့်၍ သွေးကွဲအောင် လုပ်ဆောင်နေသူများကိုလည်း ချက်ချင်း အရေးယူရမည်။ ထိုသို့ ပြည်သူ့တပ်မတော် ဖြစ်လာမည့်နေ့တွင် တပ်မတော်၏ ရှင်သန်ရပ်တည်ရေးအတွက် တပ်စီးပွားရေးဟူ၍လည်း သီးသန့် လုပ်ကိုင်စရာ လိုမည်မဟုတ်။ တပ်မတော်အတွက် လိုအပ်သည့် အသုံးစရိတ်ကို ပြည်သူများက သူတို့၏ချွေးနဲစာထဲမှ ရက်ရက်ရောရော မတွန့်မတို သုံးစွဲစေမည်ဖြစ်သည်။ ပြည်သူ့ဘဏ္ဍာမှ ကာကွယ်ရေးဘက်ဂျက် အများဆုံးယူသည်ကို နှာခေါင်းရှုံ့တော့မည် မဟုတ်။ ယခုမူ တပ်က ဘက်ဂျက်လည်းယူ ကိုယ်ပိုင် စီးပွားရေးလည်း လုပ်သည်ဆိုသော်ငြား ပရောဖက်ရှင်နယ် တပ်မတော်အဆင့်သို့ မရောက်ရှိနိုင်သေးပါ။ ယနေ့ တပ်မတော်ခေါင်းဆောင်များက တပ်ကို ပရောဖက်ရှင်နယ် တပ်မတော်ဖြစ်အောင် ကြိုးစားနေပါသည်ဆိုသော စကားက ပရောဖက်ရှင်နယ်အဆင့်မရောက်သေးဆိုသည်ကို ၀န်ခံပြီး ဖြစ်သည်။ တပ်စီးပွားရေးလုပ်သဖြင့် တပ်မတော်သားအများစု အကျိုးများသလား အချို့သော ခေါင်းဆောင်ကြီးများသာ အကျိုးဖြစ်သွားသလားဆိုသည်ကိုလည်း ဆန်းစစ်သင့်ပါသည်။

မည်သို့ပင်ဆိုစေ ပြည်သူ့တပ်မတော်ဖြစ်ရေးတွင် ယနေ့တပ်မတော်အတွက် ပထမဆုံးလုပ်ဆောင်ရမည့် ကိစ္စရပ်သည် နိုင်ငံရေးနှင့် နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာနေထိုင်ကျင့်ကြံပြီး လာမည့် နိုဝင်ဘာ ၈ အထွေထွေရွေးကောက်ပွဲရလဒ်သည် ပြည်သူ့ဆန္ဒအမှန်ကို ထင်ဟပ်စေရန် အာမခံပေးရန်လိုအပ်သည်ဟု ယူဆသည်။ ထို့ပြင် ရွေးကောက်ပွဲအလွန်ကာလတွင် မသမာသူများမှ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်လာမည်ဆိုသော သတိပေးချက်များ ထွက်ပေါ်နေရာ အများပြည်သူကို အထိနာစေမည့် မသမာသူလူတစု၏ လုပ်ရပ်များကို ပြတ်ပြတ်သားသား ကာကွယ်ခြေမှုန်းပေးရန်လည်း တပ်မတော်တွင် တာဝန်ရှိသည်။

မြန်မာနိုင်ငံအတွက် စစ်မှန်သော အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မည့်အဖွဲ့အစည်းသည် တပ်မတော်ဖြစ်ပြီး တပ်မတော်သာလျှင် ပြည်သူက လိုလားတောင့်တသော အပြောင်းအလဲကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။ ပြည်သူနှင့်အလှမ်းဝေးသော စစ်တပ်တခုအဖြစ်မဟုတ်ဘဲ ပြည်သူချစ်သော တပ်မတော် ဖြစ်ပါစေ။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: