မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 7, 2015
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ KIO/KIA အဖွဲ့ဟာ သံသယဖြစ်စရာပါ
========================================
စက်တာဘလ ၆ ရက်, ၂၀၁၅
နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ NCA လက်မှတ်ထိုးဖို့ ကမ်းလှမ်းလိုက်ချိန်မှာ KIO/KIA အဖွဲ့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်မှ လက်မှတ်ထိုးမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ NCA ကို KIO/KIA ဟာ လက်မှတ်မထိုးချင်လို့ အကြောင်းပြတာလို့ ယူဆနိုင်ပါတယ်။ KIO/KIA ဟာ အစိုးရနဲ့အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးခွင့်တွေရခဲ့ပေမယ့် ပြည်နယ်အဆင့်ကိုတောင် လက်မှတ်မထိုးနိုင်ခဲ့ပါဘူး။
ဒါဟာ သံသယဖြစ်စရာပါ။ NCCT/SD အဖွဲ့မှာ KIO/KIA ခေါင်းဆောင်တွေ ပါဝင်နေတာကိုက NCA အတွက် ပြဿနာ ဖြစ်နေပါတယ်။ အစိုးရက ချန်လှပ်ထားတဲ့ MNDAA ၊ TNLA နဲ့ AA တို့ကို NCA ထဲ အတင်းထည့်ဖို့ ကြိုးစားနေတာဟာ သွေးရိုးသားရိုးမဟုတ်ပါဘူး။ အစိုးရက မဖြစ်နိုင်လို့ ချန်ထားတဲ့အဖွဲ့တွေကိုမှ ရွေးပြီး ထည့်ခိုင်းတာပါ။ အစိုးရက မထည့်ရင် သူတို့ တောင်းဆိုတာမလိုက်လျောလို့ NCA ကို လက်မှတ်မထိုးတာပါလို့ အကြောင်းပြမှာပါ။ အဲဒီဇာတ်လမ်းကို KIO/KIA က ရည်ရွယ်ချက်ရှိရှိ ဆင်လာခဲ့တာပါ။
UNFC မှာ KIO ဒုဥက္ကဋ္ဌ အင်ဘန်လက ဥက္ကဋ္ဌလုပ်တယ်။ ငြိမ်းချမ်းရေးမရနိုင်တဲ့ မူဝါဒဆွဲကိုင်ထားတာကြောင့် KNU က UNFC အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ခဲ့တယ်။ လိုင်ဇာမှာ ပထမအကြိမ်လုပ်တဲ့ တိုင်းရင်းသား ညီလာခံကနေ အပစ်ရပ် ဆွေးနွေးဖို့ဆိုပြီး NCCT ကို ဖန်တီးလိုက်တယ်။ KIA ဒုခေါင်းဆောင် ဂွမ်မော်က NCCT မှ ဒုဥက္ကဋ္ဌနေရာယူလိုက်တယ်။ NCCT နဲ့ UPWC တို့ NCA ပဏာမချုပ်ဆိုနိုင်ခဲ့ပေမယ့် SD အဖွဲ့ကိုထပ်ဖွဲ့ပြီး တောင်းဆိုမှုအသစ်တွေ လုပ်လာတယ်။ နော်စီဖိုးရာစိန်ကို ခေါင်းဆောင်တင်ပြီး အားလုံးပါဝင်ရေးမူကို ကိုင်စွဲဖို့ နောက်ကွယ်ကနေ SD ကို KIO/KIA ခေါင်းဆောင် တွေက ဖိအားပေးတယ်။
UPWC နဲ့ NCCT/SD တို့ ၁၇ လကြာအောင် ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပေမယ့် NCA အပြီးသတ်ထိုးဖို့ ကြန့်ကြာ နေတုန်းပါပဲ။ ကြီး ၅ ကြီးနဲ့ SD ခေါင်းဆောင် ၃ ဦးက စက်တင်ဘာ ၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဆီလာတွေ့မယ်လို့ သိရပါတယ်။ KIO/KIA ခေါင်းဆောင်အဖြစ် ဂမ်ရှောင်က ကြီး ၅ ကြီးထဲမှာ ပါဝင်လာတာ တွေ့ရပါတယ်။ NCA အပေါ် ဂမ်ရှောင်တို့ ဘယ်လောက်လိုလားသလဲဆိုတာ စောင့်ကြည့်ရပါ့မယ်။ KIO/KIA ရဲ့ လတ်တလော ဖြစ်စဉ်ဖြစ်ရပ်တွေအရ တော့ ညှိနှိုင်းခြင်းထက် လိုချင်တာတောင်းမယ်၊ တောင်းလို့မရရင် ဆန့်ကျင်မယ်ဆိုတဲ့ သဘောမျိုးပါပဲ။
အလွတ်သဘော ၁၁ ကြိမ်ဆွေးနွေးခဲ့ပေမယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးဖြစ်တဲ့ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတာကို KIO/KIA က လက်မခံဘဲ နိုင်ငံရေးဆွေးနွေးရင်း အပစ်ရပ်ရေးဆောင်ရွက်မယ်လို့ ဆန့်ကျင်ဘက် ပြောလာတဲ့အတွက် ဒီနေ့အချိန်အထိ ပြည်နယ်အဆင့်ကိုတောင် အပစ်ရပ်မထိုးနိုင်သေးပါဘူး။ ဒါ့ကြောင့် လက်နက်ကိုင် အားလုံးပါမှ လက်မှတ်ထိုးမယ်လို့ ပြောထားတဲ့ KIO/KIA အနေနဲ့ သမ္မတဆီ လာဆွေးနွေးရာမှာလည်း အတ္တကိုယ်ကျိုးကို ရှေ့တန်းတင်တောင်းဆိုနိုင်ပါတယ်။ NCA ဆိုတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ KIO/KIA ဟာ သံသယဖြစ်စရာမို့ သတိထား စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။
#ကျော်ဇင်သန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment