Sunday, September 20, 2015

အခေါ်အဝေါ်ကိစ္စ

အခေါ်အဝေါ်ကိစ္စ
------------------

ကျွန်တော်တို့ မြန်မာလူ့အဖွဲ့အစည်းမှာ တစ်ခါတလေ လိုတာထက်ပိုပြီး မြှင့်လွန်း၊ မြှောက်လွန်းတဲ့ အသုံးအနှုန်း၊ အခေါ်အဝေါ်တွေကြောင့် နေရထိုင်ရ ခက်ကုန်တာတို့၊ ကသိကအောက် ဖြစ်ရတာတို့ ကြုံနေရသလားလို့။

တချို့နေရာတွေမှာကျ တန်ဖိုးတက်စေချင်လို့ တစ်နည်းအားဖြင့် “တင်” ပေးချင်လို့ စကားလုံး လော်လော်မာမာတွေ သုံးတဲ့အတွက် တန်ဖိုးချလိုက်သလို ဖြစ်သွားတာမျိုးလည်း ရှိတယ်။

တချို့ကျ လူပုဂ္ဂိုလ်တစ်ဦးဦး၊ အဖွဲ့အစည်း တစ်ရပ်ရပ်အပေါ် အလွန်အကျူး လေးစားရိုသေ ဝပ်တွားကြောင်း ပြလိုက်တဲ့အခါ ဘုရားနဲ့ တစ်ဂိုဏ်းတည်း နီးနီးလောက် ဖြစ်သွားပြီး အဲလိုအလုပ်ခံရတဲ့ လူနဲ့အဖွဲ့အစည်း အောက်ခြေလွတ်သွားတတ်တယ်။

တချို့နေရာ၊ နယ်ပယ်ကလာတဲ့ လူတွေကို ရှိရင်းစွဲ ရာထူးထက် တစ်ဆင့်မြှင့်ခေါ် မြှောက်ပင့်ပေးတတ်ကြပြီး အဲလိုအခေါ်ခံရတာကို သာယာနေတဲ့ သူတွေလည်း အများကြီး။

တချို့နေရာတွေမှာတော့ အသုံးနှုန်းခံရ၊ အခေါ်ခံရတဲ့သူတွေအပေါ် အများက နားလည်မှု လွဲသွားစေနိုင်တဲ့ တစ်နည်းအားဖြင့် ပုဂ္ဂိုလ်ရေး လုပ်ကြံတဲ့ အခေါ်အဝေါ် အသုံးအနှုန်းဖြစ်နေတဲ့ အတွက် မလိုလားအပ်ဘဲ အထင်အမြင်လွဲတာမျိုး ကြုံကြရတယ်။

ပြောချင်တာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လူတစ်ယောက်ကို ချစ်ခင်လေးစားကြည်ညိုပြီ ဆိုရင် ဘုရားလောင်း၊ ရဟန္တာလောက်နီးနီး သာသာထိုးထိုး မြှောက်လွန်း၊ တင်လွန်းပြီး မုန်းပြီဆိုရင်တော့ ဘာမှသုံးစားလို့ မရအောင် အဆုံးစွန်ထိ ရှုတ်ချဆန့်ကျင်တတ်ကြတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ များနေတာကိုပါ။

အဲလိုအလုပ်ခံရတဲ့အတွက် အရည်အချင်းလည်းရှိ၊ ထက်လည်းထက်မြက်တဲ့သူ တချို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားပြီး ဘယ်သူ့မှ ထီမထင် ဖြစ်သွားတတ်တာမျိုးနဲ့ သိပ်ငယ်စိတ်၊ အားငယ်စိတ်၊ ကြောက်စိတ် ကြီးစိုးသွားပြီး ပတ်ဝန်းကျင်မှာ ခေါင်းမဖော်ဝံ့၊ လူတောမတိုးဝံ့တော့ဘဲ အစွန်းအစ ပျောက်ဆုံးသွားတာမျိုး အစွန်းနှစ်ဖက်ကို ရောက်သွားတတ်တယ်။

အဲလို အခေါ်အဝေါ် အသုံးအနှုန်းတွေ စပြီး သုံးနှုန်းခေါ်ဝေါ်သူတွေက များသောအားဖြင့် အဲဒီလူတွေကို မှီပြီးတော့ဖြစ်ဖြစ်၊ အသုံးချပြီးတော့ဖြစ်ဖြစ် ကိုယ်ကျိုးရှာချင်တဲ့သူတွေ၊ အရည်အချင်း၊ အစွမ်းအစ မည်မည်ရရ မရှိဘဲ အဲလိုပင့်ပေး၊ မပေး၊ မြှောက်ပေးပြီး နေရာယူတတ်သူတွေ များတယ်။

အထူးသဖြင့် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်နဲ့ အာဏာရှင်ခေတ်မှာ ဒီလိုမြှောက်ပင့်တာတွေ၊ အမြှောက်၊ အပင့် ကြိုက်တာတွေကြောင့် အဲလိုမလုပ်တတ်တဲ့ လူတော်၊ လူချွန်တွေ သိမ်သိမ်ငယ်ငယ် နေကြရပြီး အမြှောက်အပင့်ပဲတတ်သူ၊ အဆန်မရှိသူတွေ နေရာရတဲ့အတွက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးကနေ တစ်တိုင်းတစ်ပြည်လုံးအထိ အကျိုးနည်း၊ နစ်နာခဲ့တဲ့ သာဓကတွေ သမိုင်းမှာ အများကြီးရှိခဲ့တယ်။

ဒီနေ့အချိန်အထိ ကျွန်တော်တို့ ပတ်ဝန်းကျင်၊ နယ်ပယ်၊ အရပ်အဝန်း၊ အဖွဲ့အစည်းတွေတိုင်းမှာ အဲဒီလို လော်လော်မာမာ အခေါ်အဝေါ်တွေနဲ့ ဖျက်လိုဖျက်ဆီး လုပ်သလို၊ တန်ဖိုးချသလို ဖြစ်နေတာတွေ ရှိနေသေးရင် ရှေ့ကိုသွားမယ့် ခြေလှမ်းတွေ နောက်ပြန်ဆွဲသလို ဖြစ်နေနိုင်တဲ့အတွက် တတ်နိုင်သလောက် ဆင်ခြင်သတိနဲ့ ပြုပြင်ကြဖို့လိုမယ်။

အယ်ဒီတာ (၁၉-၉-၂၀၁၅)

---------------------------
Editor's Word, The Voice Daily Vol-3/No-141 (#voiceeditorial)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: