Monday, August 3, 2015

မိုးဦးကျနှင့်မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအတွက် နှိုးဆော်ချက် ===========

မိုးဦးကျနှင့်မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအတွက် နှိုးဆော်ချက် ============================================ ၁။ မိုးဦးကျနှင့်မိုးရာသီတွင် အောက်ဖော်ပြပါ ကူးစက်တတ်သော ရောဂါများ ပုံမှန်ဖြစ်ပွားလေ့ရှိပါသည်။ (က) ဝမ်းပျက် ဝမ်းလျှောနှင့် ကာလဝမ်းရောဂါ အပါအဝင် ဝမ်းနှင့် ပတ်သက်သည့် ရောဂါများ၊ အသည်းရောင် အသားဝါရောဂါ နှင့် သံကောင်၊ တုပ်ကောင်ရောဂါများ၊ (ခ) သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ (ဂ) တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးနှင့် အဆုတ်အအေးမိရောဂါ၊ ၂။ ဖြစ်ပွားရသည့် အကြောင်းရင်းများမှာ (က) မိုးဦးကျလာပြီဖြစ်၍ လှိုင်လှိုင်ပေါလာသည့် အချိုဓာတ်ပါသော သရက်သီး၊ ပိန္နဲသီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး စသည့် သစ်သီးဝလံများ၏ အခွံအစေ့စသည်များကို စည်းကမ်းမဲ့ မဆင်မခြင် စွန့်ပစ်ခြင်းကြောင့် ယင်ပေါက်ပွား၍ ယင်ပေါများခြင်း၊ (ခ) ရာသီစာအမှည့်လွန်အသီးများကို စားသုံးခြင်း၊ (ဂ) မိုးရွာပြီး ရေတင်ရေဝပ်သဖြင့် ရေအိုင် ရေဗွက်ဖြစ်၍ ရေမြောင်းပိတ်ခြင်းနှင့် ချုံနွယ်ပိတ်ပေါင်းထူထပ်၍ ခြင်ပေါက် ပွားခြင်း၊ (ဃ) ရာသီဥတုအပြောင်းအလဲဖြစ်၍ အပူရှပ်ခြင်း၊ အအေးပတ်ခြင်း၊ (င) ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပါ ခြင်း၊ (စ) ကျန်းမာရေးနှင့် ညီညွတ်သည့် အသိပညာနှင့် အလေ့အကျင့် အားနည်းခြင်း၊ ၃။ အောက်ဖော်ပြပါတို့ကို လိုက်နာကျင့်သုံးခြင်းဖြင့် ဖော်ပြပါရောဂါများ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်ကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။ (က) အမှည့်လွန်အသီးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊ (ခ) ယင်နားစာများကို မဆင်မခြင်စားသုံးခြင်းမှ ရှောင်ကြဉ်ပါ၊ (ဂ) စားကြွင်းစားကျန်၊ အမှိုက်သရိုက်များနှင့် အညစ်အကြေးကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ပါ၊ (ဃ) မိမိတို့ မိသားစုတွင် ကျန်းမာရေးအသိပညာဖြန့်ဝေပါ၊ (င) တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုလိုက်နာဆောင်ရွက်ပါ၊ (စ) ရေကို ကျိုချက်၍ သောက်ပါ၊ (ဆ) လတ်ဆတ်သန့်ရှင်းသည့် အသီးအနှံနှင့် အစားအစာများကို ပူပူနွေးနွေးချက်ပြုတ်စားသုံးပါ၊ (ဇ) ရာသီဥတုအပူအအေး အပြောင်းအလဲကို သတိရှိပါ၊ (ဈ) ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်၊ ယင်နှိမ်နင်းရေး လုပ်ငန်းများကို အမျိုးသားရေးအမြင်ဖြင့် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ပါ၊ (ည) ရောဂါတစ်မျိုးမျိုးဖြစ်ပွားပျံ့နှံ့လာပါက ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ပါ၊ (ဋ) လိုအပ်ပါက နီးရာဆေးပေးခန်း၊ ဆေးရုံများသို့ အချိန်မီ သွားရောက်ပြသစစ်ဆေးကုသမှုခံယူပါ။ ကျန်းမာရေးဝန်ကြီးဌာန

No comments: