Sunday, April 20, 2014

Happy Birthday ပါ ရွှေဝါ .. နင့်ကိုမွေးတဲ့ညက မိုးတွေ အရမ်းရွာနေတာလေ ... မီးနေသည် နင့်အမေ ဘယ်လောက်ပင်ပန်း ဒုက္ခ ရောက်ခဲ့ရသလဲ ဆိုတာတော့ နင် သိနိုင်မှာ မဟုတ်ပါဘူး ...။ ည ၁၂ နာရီ ကျော်မှ နင်တို့ လေးကောင်လုံး ချောချောမောမော လောကထဲကို ရောက်ခဲ့တယ် ... ငါ လုပ်ပေးထားတဲ့ ၀ပ်ကျင်း မီးနေခန်းလေးထဲမှာ နင်တို့ မအေးအောင် အနွေးဓာတ် ငါ ပေးခဲ့ရသေးတယ် ... မွေးကတည်းက နင်က ထူးထူးခြားခြား ရွှေဝါရောင် ... ကျန်တဲ့ အကောင်တွေက အမေတူ အဖြူကြား လေးတွေလေ ... ငါ ပို သတိထားမိတာပေါ့ ...။ ဒါကြောင့် နင့်ကို ငါ စောစောစီးစီး နာမည်ပေးခဲ့တာပေါ့ ... ။ ဒါ့အပြင် လာတောင်းတဲ့ သူတိုင်းကို ရွှေဝါ ကိုတော့ မပေးနိုင်ဘူး ဆိုပြီး ငါ့ အိမ်မှာ နင် ကျန်ခဲ့တာ ...။ တခုတော့ ရှိတယ် ရွှေဝါ ...။ နင်က ဘယ်လို သင်သင် သောက်ကျင့်မကောင်းတဲ့ နင့် အကျင့်ကို မပြင်နိုင်ခဲ့ဘူး ...။ ငယ်ထဲက အမေပြောလို့အိမ်ပြင်မှာ ပြာကလေးပုံ ... နင့် ဖင်နဲ့ တိုက်ပြီး .. “ ဒီမှာယို ဒီမှာပေါက် ” လို့ ငါ လုပ်ခဲ့ပေမယ့် နင် သောက်ကျင့်ယုတ်တယ် ... နေရာတကာ ပါ တယ် ပေါက်တယ် ... နင် ကြီးလာလေ အိမ်အနှံ ကြောင်ချေးနံ့ နံလေ ... အခန်းတွေထဲ အ၀တ်တွေပေါ် ... တောက် နင် အတော် သောက်ကျင့် ယုတ်တာပဲ .. နောက်ထပ် ယုတ်တာတွေ ရှိသေးတယ် .... ခိုးတဲ့ နေရာမှာလည်း နင်က ၀ိတ်ပဲ ... ကြောင်အိမ်တံခါးကိုတောင် ရအောင်ဖွင့်တတ်တယ်။ အုပ်ဆောင်းအောက်က ခိုးစားတယ် ...။ အိမ်မှာ မွေးထားသမျှ ကြက်ကလေးတွေ ဘဲလေးတွေကို ကိုက်သတ် စားတယ် ...။ နင့်ကို အစာခွက်နဲ့ ဘယ်လောက်ထည့်ကျွေးထားထား ... ထမင်းစားချိန် တကျည်ကျည်နဲ့ ခြေထောက်ကို လာခွေ့တယ် ... စိတ်တိုလို့ သွားစမ်းကွာ ဆိုရင် ခြေထောက်ကို ကိုက်ပြေးတယ် ...။ ညအိပ်ရင် စီစဉ်ပေးထားပါလျှက် ဘယ်အချိန် ငါ့ အိပ်ရာပေါ် ရောက်နေမှန်းမသိ .. တညလုံး တဂူးဂူး နဲ့ ငါပါ ချွဲ ကျပ်လာတယ်။ နင် သောက်ကျင့် မကောင်းပုံတွေကိုတော့ ငါ ပြောရရင် ကုန် နိုင်ဖွယ် မရှိဘူး ...။ အထူးသဖြင့်တော့ နင့်ရဲ့ အင်မတန် နံစော်လှတဲ့ ကြောင်ချေးပျော့ပျော့ နံ့ကို ငါ မခံနိုင်တော့ဘူး ...။ ဒါကြောင့် ... ငါ ရင်နာနာနဲ့ပဲ ... နင့်ကို ထန်းတဲက ကိုကြီးညိုတို့ လက်ကို အပ်လိုက်တော့မယ် ရွှေဝါ ...။ Good Bye ရွှေဝါ ။ ဘရန်ဆိုင်း ။ ( ကြောင်သားစားချင်ရင် ကြောင်မျက်နှာ မကြည့်ရဘူး ဆိုလို့ ဟင်းကျက်မှပဲ ခေါ်လိုက်ပါ ကိုကြီးညို )

No comments: