Saturday, April 19, 2014

#emg_opinions လယ်ယာကဏ္ဍ စီးပွားရေး (Written by: ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)) လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏ (က) အဓိကအရေးပါသော စီးပွားရေးကဏ္ဍကြီး ဖြစ်သကဲ့သို့ (ခ) စုစုပေါင်းလူဦးရေ ခန့်မှန်းခြေ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်နေ ပြည်သူများ၏ တိုက်ရိုက်သွယ်ဝိုက် အဓိက၀င်ငွေဖန်တီးရာ စီးပွားရေးကဏ္ဍကြီး ဖြစ်သကဲ့သို့၊ (ဂ) စက်မှုနိုင်ငံ ထူထောင်ရာတွင် လယ်ယာကဏ္ဍ၏ ပိုလျှံလုပ်အား (Excess Labors) နှင့် ပိုလျှံအရင်းအနှီး (သို့) ပိုလျှံစုဆောင်းမှု (Savings) သည် လွန်စွာအရေးပါခြင်း အစရှိသည့် လက္ခဏာများရှိသော စီးပွားရေးကဏ္ဍကြီးပင် ဖြစ်သည်။ လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ အဓိကရည်မှန်းချက်မှာ (က) ထိရောက်သော လယ်ယာထုတ်လုပ်မှုစနစ် (Efficient Agri Production System) ဖြစ်စေရန်၊ (ခ) လယ်သမားအိမ်ထောင်စုများ (Farmers Households) ၏ လူနေမှုအဆင့်အတန်း (Standard of Living) (သို့မဟုတ်) သာယာဝပြောမှု အနေအထား (Welfare Status) ပိုမိုတိုးတက် ကောင်းမွန်မြင့်မားလာစေရန် လိုအပ်ပေမည်။ ဆိုလိုသည်မှာ လယ်ယာကဏ္ဍ ထုတ်ကုန်များသည် စက်မှုကဏ္ဍ ထုတ်ကုန်များကဲ့သို့ ထုတ်လုပ်နိုင်ခြင်းမဟုတ်ဘဲ (က) စိုက်ပျိုးချိန် (Planting Period) နှင့် ရိတ်သိမ်းချိန် (Harvest Period) ဟူသော အချိန်ကာလဟူ၍ ရှိခြင်း၊ (ခ) ပိုးဖျက်ခြင်း၊ မိုးဖျက်ခြင်း အစရှိသော ရာသီဥတုပြောင်းလဲမှုဒဏ်ကို တိုက်ရိုက်ခံစားရခြင်း၊ (ဂ) စိုက်ပျိုးရိတ်သိမ်းရာတွင် ကုန်ကျစရိတ်များ အတက်အကျရှိခြင်း (ဃ) ဈေးကွက်သို့ သယ်ယူပို့ဆောင်ရာတွင် ဈေးနှိမ်ခံရလွယ်ခြင်း၊ တစ်နည်းအားဖြင့် ခေါင်းပုံဖြတ်ခံရလွယ်ခြင်း၊ (င) ဈေးကွက်အသီးသီး ၀ယ်လိုအားပမာဏကို ခန့်မှန်းရန်နှင့် ထုတ်လုပ်မှုပမာဏ (သို့မဟုတ် ထုတ်လုပ်တင်ပို့ရောင်းချမှု ပမာဏ) ကို အနီးစပ်ဆုံး ခန့်မှန်းရန် လိုအပ်ခြင်း စသည်တို့ကို တွေ့ရှိရသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်မှုသည် (က) ပြောင်းလဲလာသော ရာသီဥတု (ရာသီဥတုဖောက်ပြန်မှု)၊ (ခ) ကမ္ဘာ့လူဦးရေ တိုးမြင့်လာမှု၊ (ဂ) ကမ္ဘာ့ဒေသ အများအပြားတွင် စစ်ဘေးဒဏ်ကြောင့် လယ်ယာလုပ်ငန်းခွင်များမှ စွန့်ခွာရွှေ့ပြောင်း နေထိုင်လာမှု၊ (ဃ) စိုက်ပျိုးရေးတွင် အဓိကဖြစ်သော ရေသယံဇာတ ရှားပါးလာမှု၊ (င) လယ်ယာလုပ်ငန်း စီးပွားရေးသည် အကြမ်းဖျင်းစီးပွားရေး တွက်ခြေမကိုက်မှု အစရှိသော စိန်ခေါ်မှုများစွာနှင့်လည်း ရင်ဆိုင်လာနေရသည်ဟု တွေ့ရှိရသည်။ ထိုကဲ့သို့သော အကန့်အသတ်များ (Constraints) အောက်တွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို ထိရောက်သော စိုက်ပျိုးထုတ်လုပ်သောစနစ်၊ သယ်ယူပို့ဆောင်သော စနစ်၊ ရောင်းချသောစနစ်များကို မြန်မာနိုင်ငံ၏ ပကတိထုတ်လုပ်နိုင်စွမ်းရည် (Present Productive Capacity) နှင့်တကွ သွင်းအားစုအသီးသီး၏ ခန့်မှန်းကုန်ကျစရိတ်များ (Estimated Costs of Inputs) များ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ (Transportation Costs) နှင့် ပြည်တွင်းပြည်ပတွင် ပေးဆောင်ရမည့် အခွန်အခများ (Taxes) ကိုပေါင်းခြုံစဉ်းစားသော ကုန်ကျစရိတ် ဖွဲ့စည်းတည်ရှိမှု ပုံသဏ္ဌာန် (Cost-Structure) ကို ရှေးဦးစွာ သရုပ်ခွဲလေ့လာ သိရှိရန် လိုအပ်သည်။ တစ်ဖန် ပြည်ပဈေးကွက် အသီးသီး၏ ၀ယ်လိုအားပမာဏနှင့် ယင်းပြည်ပဈေးကွက် အသီးသီး၏ သယ်ယူပို့ဆောင်မူနှုန်းထားနှင့် စရိတ်စက၊ တစ်ယူနစ်ဈေးနှုန်း (ဥပမာ တစ်တန်ဈေးနှုန်း) တို့ကိုပါ ပူးတွဲသရုပ်ခွဲ လေ့လာရန်လည်း လိုအပ်ပေသည်။ အခြားတစ်ဖက်တွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် စက်မှုကဏ္ဍတို့ အခြားအပြန်အလှန် ချိတ်ဆက်မှု ပုံစံတစ်ရပ် ပေါ်ပေါက်လာနိုင်ပြီး ယင်းကဏ္ဍနှစ်ခုလုံးကို တစ်ပြိုင်တည်း တိုးတက်စေနိုင်သော လမ်းစများလည်း ပေါ်ပေါက်လာနိုင်ပေသည်။ သို့သော် လယ်ယာမြေခွဲဝေ အသုံးချမှု ပုံစံနှင့် စိုက်ပျိုးထုတ်လုပ်မှုပုံစံ သယံဇာတ ရှိစေရန်နှင့် မြေယာမဲ့မှုအပေါ် အခြေခံသော အလုပ်လက်မဲ့ ပြဿနာများကို ဖြေရှင်းနိုင်စေရန်လည်း လိုအပ်ပေမည်။ လူဦးရေ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ ကျေးလက်နေ ပြည်သူများဖြစ်ပြီး၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လုပ်သားအင်အား အများစုရှိသော လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ အထွေထွေအင်အား တောင့်တင်းခိုင်မာစေရန် လုပ်ဆောင်ပေးရန် လိုအပ်ပေမည်။

No comments: