Saturday, April 19, 2014

#emg_opinions လူကုန်ကူးမှုအပေါ် မှီခိုနေရသည့် လုပ်ငန်း (Written by: ဝင်းနိုင်ထွန်း) ထိုင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ပင်လယ်ရေထွက်ကုန်တင်ပို့သည့် နိုင်ငံများအနက် တတိယအများဆုံး တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ပင်လယ်ရေထွက်ပစ္စည်း လုပ်ငန်းများသည် လူကုန်ကူးမှုနှင့် အဓမ္မခိုင်းစေမှုတို့ကို အမှီသဟဲပြု ရပ်တည်နေရသည်။ စီးပွားရေး လုပ်ငန်းတစ်ခု၏ ပုံစံတစ်ခုအဖြစ် တစ်သားတည်းသော လုပ်ငန်းစဉ်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။ ၀ိသမလောဘသား လုပ်ငန်းရှင်များ၊ အဂတိတရား လိုက်စားနေသည့် အစိုးရဌာနဆိုင်ရာ ၀န်ထမ်းအချို့နှင့် လူကုန်ကူးသူများ၏ ကွန်ရက်တို့သည် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘ၀ရပ်တည်ရန် ခက်ခဲမှုနှင့် ခေါင်းဖြတ်အမြတ်ထုတ်မှုအပေါ် အမြတ်အစွန်းများစွာ ရလျက်ရှိနေသည်။ ရွှေ့ပြောင်းအလုပ်သမားများ ၀င်ရောက်လာမှု ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ထိုင်းနိုင်ငံသည် ချမ်းသာကြွယ်ဝလာကာ အောက်ခြေအလုပ်လုပ်သူ လိုအပ်ချက်၊ အလုပ်ကြမ်းလုပ်သူ အလုပ်လက်မဲ့နှုန်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ထိုသို့သော အခြေအနေမျိုးက လုပ်သားများကို အားကိုးအားထား ပြုလုပ်နေရသည့် လုပ်ငန်း (ဆောက်လုပ်ရေးလုပ်ငန်း၊ ပင်လယ်ထွက်အစားအစာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်း) တို့တွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား အလုပ်သမားများကို ထိုကဲ့သို့သော အလုပ်များကို စွန့်လွတ်ကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ဖန်တီးပေးသကဲ့သို့ ဖြစ်လာတော့သည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ အိမ်နီးချင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ဈေးပေါသော ရွှေ့ပြောင်းအလုပ်သမားများက ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ကာ အစားထိုးဝင်ရောက် အလုပ်လုပ်ကိုင်လာကြသည်။ ထိုအကျိုးဆက်များကြောင့် ထိုင်းနိုင်ငံ၏ ထိုလုပ်ငန်းများသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် လုံးဝမှီခိုနေရသည့် အခြေအနေသို့ ရောက်ရတော့သည်။ ထိုင်းနိုင်ငံ၏ လုပ်အားအင်အားစု ၁၀ ရာခိုင်နှုန်းသည် ထိုအိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံမှ အလုပ်သမားများ ဖြစ်ကြသည်။ ပင်လယ်အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရာခိုင်နှုန်း ၉၀ သည် ရွှေ့ပြောင်းအလုပ်သမား ဖြစ်ကြသည်။ လူမှောင်ခိုလုပ်ငန်း ရှင်သန်နေမှု ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းတို့ ဆက်စပ်နေသည့် ဥပဒေနှစ်ခုမှာ ကန့်သတ်ချုပ်ချယ်မှုများ ရှိနေသည့် အလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ကြိုးနီစနစ်ဆန်သည့် ရုံးလုပ်ငန်းများ၊ ရှုပ်ထွေးပြီး ကုန်ကျစရိတ် ကြီးမားသည့် လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တို့ ဖြစ်ကြသည်။ ထိုဆက်စပ်နေမှုများကြောင့် လူမှောင်ခိုမှုကွန်ရက်များ ရှင်သန်နေလျက် ရှိကြသည်။ တရားမ၀င် ရွှေ့ပြောင်းသွားလာနိုင်သည့် လမ်းကြောင်းများသည် နယ်စပ်နေရာ အနှံ့အပြားတွင် အလွယ်တကူ ၀င်ထွက်နိုင်သော လမ်းကြောင်းများ ဖြစ်ကြသည်။ ထိုလမ်းကြောင်းများနှင့် ဆက်စပ်နေသည့် အချက်များသည် အဂတိလိုက်စားနေသော ဌာနဆိုင်ရာ ၀န်ထမ်းအချို့နှင့် လူကုန်ကူးခံရသူများကို လုံလောက်စွာ စိစစ်မှုများ မရှိကြသဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်နေကြသော ရွှေ့ပြောင်းအလုပ်သမားတို့အတွက် လူကုန်ကူးမှုအန္တရာယ် မြင့်တက်နေမှုများနှင့် အလွဲသုံးစား ပြုကျင့်ခံရမှုများ ပိုမိုဆိုးရွားလာစေခြင်း ဖြစ်သည်။ လူကုန်ကူးမှုဖြစ်ရခြင်း၏ အရင်းခံ ငါးဖမ်းလုပ်ငန်း၏ စီမံခန့်ခွဲမှုတွင် ပရမ်းပတာဖြစ်ခြင်းနှင့် အားနည်းခြင်းတို့ ရှိသည့်အပြင် ငါးအလွန်အကျွံ ဖမ်းကြရခြင်းကြောင့် ကုန်ကျစရိတ်များပြီး ပင်လယ်ပြင်တွင် အချိန်ကြာမြင့်စွာ ငါးဖမ်းရသည့်အတွက် ထိုင်းငါးဖမ်းလုပ်ငန်းတွင် ငါးဖမ်းလုပ်သားများအပေါ် အလွဲသုံးစားပြုမှုများ ပိုမိုဆိုးရွားစွာ ရှိနေသည်။ ထို့ကြောင့် ထိုင်းငါးဖမ်းလုပ်ငန်းသည် လူကုန်ကူးမှုနှင့် အဓမ္မခိုင်းစေမှုများအပေါ် မှီခိုနေဆဲ ရှိနေသည်။ ငါးဖမ်းစက်လှေ စက်သုံးဆီဈေး မြင့်တက်လာမှု၊ ကုန်ကျစရိတ်များ ကြီးထွားလာမှုများကို ကာမိစေရန် ငါးဖမ်းလှေဦးစီးများသည် ငါးဖမ်းလုပ်သားများ၏ ကုန်ကျစရိတ်များ ဖြတ်တောက်ခြင်း၊ အလုပ်ချိန်ပို ခိုင်းစေခြင်း၊ လစာများ ဖြတ်တောက်ခြင်း စသည်တို့ ပြုလုပ်လာကြသည့်အတွက် ငါးဖမ်းအလုပ်သမားများသည် ထိုငါးဖမ်းလုပ်ငန်းမှ ထွက်ပြေးကြကာ အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။ ထိုအခါ ငါးဖမ်းလုပ်ငန်းအတွက် ငါးဖမ်းလုပ်သား ပြတ်တောက်မှုများနှင့် မကြုံရအောင် ငါးဖမ်းလုပ်ငန်း ပိုင်ရှင်များသည် လူကုန်ကူးမှုပြုလုပ်သည့် ကွန်ရက်များနှင့် ချိတ်ဆက်ကာ ၎င်းတို့လုပ်ငန်းအတွက် အလုပ်သမား မပြတ်တောက်ရေး၊ အလုပ်သမား ပြည့်မီရေးတို့ လုပ်ဆောင်ကြတော့သည်။ ရေလုပ်သား ၅၀,၀၀၀ ထက်မက လုပ်သားပြတ်တောက်မှု ရှိနေသည်။ ထိုလိုအပ်ချက်များ ပြည့်မီရန် အလုပ်သား စုဆောင်းမှုတွင် ရိုင်းစိုင်းကြမ်းတမ်းသော နည်းလမ်းများကို အသုံးပြုကာ အလုပ်သမားအသစ် စုဆောင်းရသည့် အလေ့အထ ဖြစ်လာခဲ့သည်။ သို့ကြောင့်လည်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများနှင့် အခြားအဖွဲ့အစည်းများတို့က ထိုင်းငါးဖမ်းလုပ်ငန်းများတွင် လုပ်အားခေါင်းပုံဖြတ်ခြင်းနှင့် အဓမ္မ အလုပ်ခိုင်းစေခြင်း ဖြစ်ပေါ်နေခြင်းအပေါ် စိစစ်မှုများ လုပ်ဆောင်လာနေကြသည်။ အစီရင်ခံစာ နှစ်စောင် ၂၀၁၂ ခုနှစ်ကတည်းက the Environ- mental Justice Foundation (EJF) မှ ထိုင်းနိုင်ငံ၏ ပင်လယ်ရေထွက် အစားအစာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများအပေါ် စနစ်တကျ အလွှဲသုံးစားပြုမူ နေမှုနှင့် ထိတ်လန့်စွာ စိုးရိမ်မှုရှိသည့် လုပ်ငန်းအဖြစ် အစီရင်ခံစာဖြင့် ထုတ်ဖော်ခဲ့သည်။ နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အစိုးရများနှင့် အဖွဲ့အစည်းများတို့ကလည်း ထိုလုပ်ငန်းအပေါ် လုပ်အားခေါင်းပုံဖြတ်မှုနှင့် အဓမ္မခိုင်းစေမှုတို့အတွက် အလွန်အမင်း စိုးရိမ်မှုများကို စိစစ်ထောက်ပြခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် EJF မှ အစီရင်ခံစာနှစ်စောင် ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းနှင့် ဆက်နွှယ်သော ပင်လယ်တွင်း ရွှေ့ပြောင်းအလုပ်သမားများအား ရောင်းစားပြီး လုပ်အားခေါင်းပုံဖြတ်မှု (Sold to the Sea - May 2013) နှင့် ပတ်သက်သည့် အစီရင်ခံစာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူကုန်ကူးမှုနှင့် လူသတ်မှု ကျူးလွန်မှုများတို့ကို အထောက်အထားများဖြင့် ဖော်ပြထားသည်။ ဒုတိယ အစီရင်ခံစာ (Hidden Cost) တွင် ထိုင်းနိုင်ငံ ပုစွန်စက်ရုံ လုပ်ငန်းများတွင် လူကုန်ကူးမှုများ၊ ယင်းနှင့်ဆက်နွှယ်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အလုပ်သမားများအား အဓမ္မ ပိတ်လှောင်ထားမှုများ၊ ခရီးသွား အထောက်အထားများအား သိမ်းဆည်းထားမှုများ၊ လစာများမပေးဘဲ ချုပ်ကိုင်ထားမှုများ၊ ကြွေးမြီနှောင်ဖွဲ့ ခိုင်းစေခြင်းများတို့ကို ဖော်ထုတ်ထားသည်။ ထိုအစီရင်ခံစာ နှစ်ခုစလုံးက ထိုင်းနိုင်ငံရှိ ပင်လယ်ရေထုတ်ကုန် လုပ်ငန်းများတွင် နှစ်ရှည်လများ ဖြစ်ပျက်နေသည် ပြဿနာ များကို ထုတ်ဖော်ထားခြင်းဖြစ်သည်။ EJF( Environmental Justice Foundation) ၏ စုံစမ်းရရှိချက် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးမှုနှင့် လူမှုဖူလုံရေး ၀န်ကြီးဋ္ဌာနမှ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၂၀၁၃ ခုနှစ် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ထိုလုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အားနည်းနေသည်ကို ဗြိတိန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် EJF( Environmental Justice Foundation) ၏ လေ့လာတွေ့ရှိချက်များက ဝေဖန်မှုပြုထားသည်။ ထိုင်းနိုင်ငံ ပင်လယ်ပြင်၏ အပြင်ဘက်တွင် ငါးဖမ်းနေသော ထိုင်းငါးဖမ်းလှေများပေါ်တွင် ရွှေ့ပြောင်းအလုပ်သမားများကို ခေါင်းပုံဖြတ်မှုများနှင့် လူကုန်ကူးသူများသည် ထိုင်းရဲတပ်ဖွဲ့ဝင် တချို့တို့နှင့် ပူးပေါင်းကာ လိမ်လည်နေကြသည်တို့ကို အထောက်အထားများဖြင့် EJF( Environmental Justice Foundation) က စုံစမ်းဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထိုင်းဒေသ အာဏာပိုင်များသည် လူကုန်ကူးမှုနှင့် ရွှေ့ပြောင်းအလုပ်သမားအပေါ် အလွှဲသုံးစားမှုတို့နှင့် ချိတ်ဆက်နေသည့် ၀ိသမလောဘသားများ၊ လူပွဲစားများကို အကာအကွယ်ပေးခြင်းနှင့် အကူအညီပေးခြင်းများတို့ကိုလည်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လအတွင်း EJF (Environmental Justice Foundation) ၏ ပထမအကြိမ်ထုတ်ပြန်သည့် စုံစမ်းရေး အစီရင်ခံစာတွင် Kantang ဆိပ်ကမ်းမှ လူကုန်ကူးမှုကို ဖော်ပြရာတွင် လူကုန်ကူးခံရသူ ၁၄ ဦးကို ကယ်တင်ခဲ့ပုံကို ထုတ်ဖော်ပြခဲ့သည်။ လူကုန်ကူးခံရသူများကို အကာကွယ်ပေးမှုများတွင် ထိရောက်မှု မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပြီး၊ တစ်နှစ်ခန့်အကြာတွင် ၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ ပြောကြားချက်များအရ ယခင်က ၎င်းတို့အပေါ် ကဖျက်ယဖျက် လုပ်ခံရသော်လည်း ယခုအခါ တရားစွဲရင်ဆိုင်ရမှုထက် မိခင်နိုင်ငံသို့ ပြန်ပို့ရန်ကို အဓိကထား လုပ်ဆောင်လာကြသည်ဟု ဆိုသည်။ နိုင်ငံတကာမှ ဖိအားပေးမှုများ ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု ဖြစ်ပွားနေမှုများကို နိုင်ငံတကာမှ ဖိအားပေးမှုများထဲမှ တစ်ခုမှာ အမေရိကန်နိုင်ငံ၏ နှစ်စဉ်လူကုန်ကူးမှု အစီရင်ခံစာ ဖော်ပြပါရှိမှုလည်း ပါဝင်သည်။ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ နှစ်စဉ်ထုတ်ပြန်သည့် လူကုန်ကူးမှု အစီရင်ခံစာတွင် ထိုင်းနိုင်ငံအား စောင့်ကြည့်အဆင့် ၂ သတ်မှတ်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထိုင်းငါးဖမ်းလုပ်ငန်း၏ အဓိကစိုးရိမ်မှုများကို မဖြေရှင်းနိုင်ပါက ယခုနှစ်တွင် အဆင့် ၃ သို့ သတ်မှတ်နိုင်သည့် အလားအလာ ရှိနေသည်။ သို့ကြောင့်လည်း ၂၀၁၄ ခုနှစ် မတ် ၂၇ ရက်တွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Surapong Tovichakchaikul သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ လာမည့်အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာ၏ အဆင့်သတ်မှတ်ချက်ကို မြှင့်တင်ပေးရန် စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ထိုစာထဲတွင် ထိုင်းနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်မှု အားထုတ်ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် အဆင့်မြှင့်ပေးရန် ဖော်ပြထားသည်။ အလုပ်အကိုင် ရှာဖွေပေးနေသည့် အေဂျင်စီ ၁၅ ခုနှင့် အေဂျင်စီနှစ်ခုကို လိုင်စင်ပိတ်သိမ်း အရေးယူ ဆောင်ရွက်ခဲ့သည်။ လူပွဲစား ၁၅၅ ဦးကို တရားစွဲဆိုခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရသည် လူကုန်ကူးခံရသူ ၆၀၀ ဦးကို ထိုင်းဘတ်ငွေ ၆ သန်းဖြင့် အကူအညီပေးခဲ့ပြီး လူကုန်ကူးမှု ကြိုတင်ကာကွယ်မှု အပိုင်းတွင် ထိုင်းဘတ်ငွေ ၁၉၀ သန်းဘိုး သုံးစွဲခဲ့သည့်အတွက် ယခုလာမည့် ဇွန်လတွင် ထုတ်ပြန်မည့် အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် သတ်မှတ်ထားသည့် စောင့်ကြည့်အဆင့် ၂ မှ အဆင့်တိုးမြင့်လာမည်ဟု သုံးသပ်ထားကြသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီနှင့် ဖေဖော်ဝါရီတို့တွင် EJF (Environmental Justice Foundation) က ထိုင်းနိုင်ငံ ရေလုပ်ငန်းအတွင်း လူကုန်ကူးမှု ပျံ့နှံ့ဖြစ်ပွားနေမှုတို့ကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် ထိုင်းအစိုးရ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီအစဉ် မအောင်မြင်ကိုပါ ထောက်ပြခဲ့ကြသည်။ လူကုန်ကူးခံရသူများ၏ ထုတ်ဖော်ပြောကြားချက်အရ ထိုင်းနိုင်ငံအတွင်း အမှုရင်ဆိုင်ရာတွင် နှေးကွေးလွန်းလှသည့် ထိုင်းနိုင်ငံ၏ တရားစီရင်ရေးတွင် ကဖျက်ယဖျက် ခံနေရမှုများ ရှိနေသည်ကိုပါ ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုတရားစီရင်မှုများတွင် ငါးဖမ်းလှေပိုင်ရှင် သူဌေးများ ပါဝင်မှု မရှိခြင်းကလည်း လူကုန်ကူး ခံရသူများအတွက် ရှုပ်ထွေးစရာ ဖြစ်နေပေသည်။ တရားစီရင်မှုတွင် စကားပြန်များဖြင့် အထောက်အပံ့ပေးမှု မရှိခြင်းတို့ကြောင့် လူကုန်ကူးသူများအားလုံးသည် နေရပ်သို့သာ ပြန်လိုကြသည့် ဆန္ဒများကိုပါ ဖော်ပြထားသည်။ လူကုန်ကူးမှုအမှုများ ထိုင်းနိုင်ငံအတွင်း အောင်မြင်စွာ တရားစွဲဆိုနိုင်ရန်အတွက် အခက်ခဲများ များစွာရှိနေသေးသည်။ သူတို့ စကားသံနှင့် တရားစွဲဆိုရေးလုပ်ငန်း အောင်မြင်ရေး ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု ရင်ဆိုင်နေကြရသည့် လူကုန်ကူးခံခဲ့ရသူများ၏ သိလိုသည့်အချက်များမှာ တရားစွဲဆိုရေး လုပ်ငန်းစဉ်ကို သူတို့မသိ၊ နားမလည်ကြကြောင်း၊ တရားစွဲဆိုသည့်လုပ်ငန်းစဉ် မည်မျှအချိန်ကြာမည်၊ မည်သို့ပါဝင် လုပ်ဆောင်ကြရမည်တို့ကို မသိရှိကြကြောင်း၊ ၎င်းတို့၏ဖြစ်စဉ်များကို စုံလင်စွာ ပြောပြလိုကြကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင်များနှင့် ရှေ့နေများ၏ မေးခွန်းများကိုသာ ဖြေနေကြရသည်ကို မလိုလားကြကြောင်း၊ ထိုင်းဘာသာ အခက်ခဲများကြောင့် တရားခွင်တွင် သူတို့ဘက်မှ တိုက်ရိုက်ကျွမ်းကျင်ပိုင်နိုင်စွာ ဘာသာပြန်ပေးသူ လိုအပ်ပါကြောင်း၊ မည်သည့်ဘာသာပြန်က ကျွမ်းကျင်မှုရှိသည်ကို သူတို့မသိနိုင်ပါကြောင်း၊ တရားစီရင်မှုတွင် ပါဝင်ရန် ထိုင်းနိုင်ငံ ဂေဟာများတွင် ဘယ်လောက်ကြာကြာ နေထိုင်ရမည်ကို သိလိုကြောင်း၊ မည်သူက တိတိကျကျ အချိန်ကာလ သတ်မှတ်ပေးနိုင်မှုကို သိလိုကြောင်း၊ မည်သည့်အတွက်ကြောင့် လူကုန်ကူးသူများနှင့် လူပွဲစားများ မည်သို့လွတ်မြောက်နေဆဲ ဖြစ်နေကြောင်း၊ နစ်နာကြေးများ မည်မျှရရှိနိုင်မည်ကို သိလိုကြောင်း၊ ၎င်းတို့ တရားရုံးတွင် ရင်ဆိုင်ခဲ့ရသည့် အမှုများ၏ နောက်ဆုံးတရားသူကြီး၏ တရားစီရင်ချက်များကို သိလိုကြောင်း စသည့်အချက်များ ဖြစ်ကြသည်။ ၎င်းတို့၏ သိလိုချက်များ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်မှသာ တရားစွဲဆိုရေး လုပ်ငန်းတွင် ၎င်းတို့ကိုယ်တိုင် စိတ်ဝင်တစား ပါဝင်လာမည်ဖြစ်သည်။ သူတို့ပါဝင်လာသည့်နှင့်အမျှ လူကုန်ကူးမှုဆိုင်ရာ တရားစီရင်မှုများတွင် အောင်မြင်မှုများ ပိုရှိလာမည်ဖြစ်သည်။ လူကုန်ကူးမှု ဆက်လက်ဖြစ်ပွားနေသည့် လုပ်ငန်း လူကုန်ကူးမှု ကျူးလွန်သူများကို အောင်မြင်စွာ တရားစွဲဆိုနိုင်ရန်၊ လူကုန်ကူးမှုကို စိစစ်ရန်၊ အဂတိတရား လိုက်စားသည့် အစိုးရ၀န်ထမ်းများနှင့် ၀ိသမလောဘသမား လုပ်ငန်းရှင်တို့ကို ထိုင်းအစိုးရထိပ်ပိုင်း တာဝန်ရှိသူများမှ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုမျိုး မရှိသေးပေ။ တစ်ချိန်တည်းမှာပင် ထိုင်းငါးဖမ်းလှေများကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းကျောင်းရန် ထိုင်းနိုင်ငံ တာဝန်ရှိသူများမှ လုပ်ဆောင်ပေးနေသော်လည်း ထိုင်းငါးဖမ်းလုပ်ငန်းအတွက် အလုပ်သမား စုဆောင်းမှုပုံစံ၊ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် ကျွန်ပြုမှုတို့သည် ဆက်လက်တည်ရှိနေဆဲပင် ဖြစ်သည်။ (လူကုန်ကူးမှုဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ် အကြံပြုဆွေးနွေးပွဲ)

No comments: