Thursday, April 3, 2014

တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်လိုသလား.. =============================== -မြန်မာ့တပ်မတော်နာမည်ပျက်ရတဲ့ အဓိကအချက်က ထင်သာမြင်သာရှိတဲ့ ဥပမာတခုပြောရရင်တော့ မုဒိမ်းမှုပဲ။ စစ်သားတိုင်းက မုဒိမ်းမကျင့်ပေမယ့် စစ်တပ်တိုင်းလိုလိုမှာ မုဒိမ်းမှု ဖြစ်လေ့ဖြစ်ထရှိတယ်။ ဒီမိုကရေစီ စစ်တပ်ဆိုတဲ့ အမေရိကန်တပ်မှာလည်း မုဒိမ်းမှုတွေ ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် အဲဒီ မုဒိမ်းမှုတွေကြောင့် အမေရိကန် တပ်တွေ နာမည်မပျက်ခဲ့ဘူး။ -၁၉၉၅ ခုနှစ်မှာဆိုရင် အိုကီနာဝါရေတပ်စခန်းက မရိမ်းတပ်သားနှစ်ယောက် ဂျပန်ကျောင်းသူလေးတဦးကို အဓမ္မမုဒိမ်းကျင့်ခဲ့တယ်။ ဒါကို သူတို့ရဲ့ တပ်မှူးက "တော်တော်ညံ့တဲ့ ကောင်တွေ.. တက္ကစီဖိုးလောက် အကုန်ခံလိုက်ရင် ပြီးတဲ့ကိစ္စကို မဟုတ်တာမှ သွားလုပ်တယ်"ဆိုပြီး ပြောလို့ ကြယ်လေးပွင့်ဗိုလ်ချုပ်ကြီးအဆင့်ကနေ ကြယ်နှစ်ပွင့်ဗိုလ်ချုပ်အဆင့် အချခံလိုက်ရတယ်။ ဒါတင်မပြီးဘူး စစ်တပ်ကနေ စောစောစီးစီး အနားယူလိုက်ရသလို ပင်စင်လစာလည်း အလျော့ခံလိုက်ရတယ်။ မုဒိမ်းသမားတွေကို ဂျပန်ရဲက စစ်ပြီး ဂျပန်တရားရုံးကပဲ ပြစ်ဒဏ်ချတယ်။ အမေရိကန် အရပ်ဖက်ဥပဒေအရဆိုရင် ဒီထက် ပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးခံရနိုင်စရာရှိပြီး စစ်ဖက်ဥပဒေအရဆိုရင် ပိုဆိုးမယ်လို့လဲ ပြောကြတယ်။ ဒီလို တာဝန်ယူမှု တာဝန်ခံမှုတွေကြောင့် သူတို့တွေ နာမည်မပျက်တာပေါ့။ -မြန်မာ့တပ်မတော် ဗိုလ်ချုပ်ကြီးတွေကတော့ စစ်တပ်က မုဒိမ်းကျင့်ပါတယ်လို့ စွပ်စွဲလာတိုင်း တုံဏှိဘာဝေ (လီကွမ်းယု စကားနဲ့ပြောရရင်) အသေကောင်ကြီးတွေလို မသိဟန်၊ မကြားဟန်ဆောင်နေတတ်ကြတယ်။ ပြန်ကြားရေးက စုံကန်ငြင်းတယ်။ စစ်ဆေးမှု၊ အရေးယူမှုတွေကလည်း အများပြည်သူရှေ့မှောက် ထင်သာမြင်သာ စစ်ဆေးအရေးယူတာမျိုး မရှိဘူး။ စစ်ဖက်တရားရုံးတွေကနေပဲ ကျိတ်ပုန်းဆုံးဖြတ်လိုက်ကြတယ်။ ဒါတွေကြောင့် မုဒိမ်းသမားတချို့အတွက်နဲ့ ကျန်တပ်မတော်သားတွေပါ နာမည်ပျက်ရတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ချင်ရင် ခေါင်းဆောင်တွေကိုယ်တိုင်က ဦးဆောင်ပြင်မှ ရမှာပဲ။ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေပါပြီလို့ ပြောနေပေမယ့် စစ်တပ်ရဲ့ သေနာပတိဟာ အများကရွေးခြယ်တဲ့ သူ မဟုတ်သေးဘူး။ (အမေရိကန်စစ်တပ်မှာ အများပြည်သူရွေးခြယ်တဲ့ သမ္မတက တနိုင်ငံလုံးရဲ့ သေနာပတိလည်း ဖြစ်တယ်။) နောက်လိုက်ငယ်သားတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် အာဏာရှင် ကာကွယ်ရေးဦးစီးချုပ်မှာသာ တပ်မတော်တခုလုံးအတွက် အပြည့်အဝတာဝန်ရှိတယ်။ ရာထူးယူထားရင် တာဝန်ပါယူရဲတဲ့ သတ္တိ မွေးထားဖို့ လိုလိမ့်မယ်။ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း

No comments: