Saturday, April 19, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ ၁၆ ဦး နှင့် ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၄၃ ဦး ရှိခဲ့ကာ ပြီးခဲ့သည့်နှစ်ကထက် ပိုမိုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီး နေ၀င်းက ဧပြီ ၁၈ ရက်တွင် ပြောကြားသည်။ "ဧပြီ ၁၂ ရက်က ဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အမြန်လမ်းတစ်လျှောက် သေဆုံးမှု စံချိန်တင်ခဲ့တယ်လို့ ပြောလို့ရတယ်။ သေဆုံးမှုကလည်း ၁၃ ယောက်ဆိုတော့ အများဆုံးဖြစ်သွားတယ်။ အမှန်ကတော့ ဆလွန်းကားလေးကပျက်လို့ ရှေ့ကကားက ကြိုးနဲ့ဆွဲပြီး သွားနေတာ။ ဒါကိုတောင်ပြာတန်း ခရီးသည်တင်ယာဉ်က ၀င်တိုက်ခဲ့တာ။ ယာဉ်မောင်းတွေကို ဖမ်းမိဖို့ ကြိုးစားနေပါတယ်" ဟု ရဲမှူးကြီး နေ၀င်းက ပြောကြားခဲ့သည်။ ၂၀၁၄ ခုနှစ်ဇန်န၀ါရီလမှ ဧပြီလအထိ အမြန်လမ်း တစ်လျှောက်တွင် ယာဉ်တိုက်မှု ၁၄၇ မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ ၅၇ ဦး၊ ဒဏ်ရာရသူ ၂၆၂ ဦး ရှိခဲ့ကြောင်း သိရသည်။ ဧပြီလအတွင်းတွင် နှစ်ဆန်းတစ်ရက်နေ့အထိ ယာဉ်တိုက်မှု အကြိမ် ၄၀ ဖြစ်ပွားခဲ့ကြောင်း၊ သင်္ကြန်ကာလအတွင်း ၂၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခင်နှစ်များကထက် များပြားခဲ့ကြောင်း၊ ဧပြီ ၁၂ရက် ဖြစ်စဉ်သည် ၁၃ ဦး သေဆုံးသည့်အတွက် စံချိန်တင် သေဆုံးမှုဖြစ်ကြောင်း၊ မန်းရွှေမြို့တော်ယာဉ် တိမ်းမှောက်မှုတွင် ၁၁ ဦးသာ သေဆုံးခဲ့ကြောင်း သိရသည်။ ရဲမှူးကြီးနေ၀င်းက "ကျွန်တော်တို့ အမြန်လမ်းတစ်လျှောက်မှာ အရှိန်ပြင်းမောင်းနှင်မှု မရှိစေဖို့ အရှိန်ထိန်း ကိရိယာနဲ့ ဖမ်းဆီးအရေးယူ နေပါတယ်။ ၄ လပိုင်း မကုန်သေးဘူး။ အရှိန်ထိန်းကိရိယာနဲ့ ဖမ်းတာ ၄၅၀ ကြိမ် ရှိပြီ။ ဧပြီလထဲမှာ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးတာတွေကို နေပြည်တော် တိုးဂိတ်၊ အမှတ် ၃ လမ်းဆုံတွေ၊ မန္တလေးစကားအင်း နေရာတွေမှာ ကားဘီးကောင်းမကောင်း၊ ယာဉ်ကြံ့ခိုင်မှု ရှိမရှိတွေကို စစ်ဆေးနေပါတယ်။ ယာဉ်တိုက်မှုတွေကတော့ များများလာတယ်။ ယာဉ်တိုက်မှုများလာ တာကလည်း ယာဉ်အသွားအလာ များလာတာကြောင့်လည်း ပါပါတယ်။ တစ်နေ့ကို ကားအစီးရေက ၅၀၀၀ ကနေ ၇၀၀၀ ကြားထဲမှာ ရှိနေတယ်။ ထိခိုက်ဒဏ်ရာရမှု နည်းအောင် လုပ်နေပါတယ်။ ဒါပေမဲ့ ဖြစ်စဉ်တွေက ပိုပိုဖြစ်လာတယ်။ လအလိုက်လည်း ယာဉ်တိုက်မှုဖြစ်စဉ်တွေက ပိုများလာတာ တွေ့ရတယ်။ ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ အနေနဲ့လည်း ယာဉ်တိုက်မှုဖြစ်စဉ် လျော့ကျသွားအောင် ဆောင်ရွက်နေပါတယ်" ဟု ပြောကြားသည်။ ၂၀၁၃ ခုနှစ်အတွင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း တစ်လျှောက်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၅၉ မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူဦးရေ ၁၁၃ ဦးနှင့်ဒဏ်ရာ ရသူ ၆၂၇ ဦးရှိခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထုတ်ပြန်ထားကြာင်း သိရသည်။

No comments: