Wednesday, April 2, 2014

အတွေးအခေါ် တစ်စုံလုံးကိုက မှားနေပုံရတယ်။ ရန်ကုန်မြို့မှာ သပိတ်စခန်းတွေ ဖွင့်တဲ့ ကိစ္စကို ပြောဆို ကိုင်တွယ်ပုံတွေကို ပြောပါတယ်။ စည်ပင်သတ်မှတ်ချက်၊ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့လို့ ... စတဲ့ အကြောင်းပြချက်တွေဟာ မှန်တယ်ဆိုရင် ဒါဟာ တာဝန်ရှိသူက တာဝန်ရှိတဲ့အတိုင်း အကြမ်းမဖက်ဘဲ တရားဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေအတိုင်း အရေးယူပေါ့ .... ဒီအပေါ် ပြောစရာ ဘာမှ မရှိဘူး။ အခြား တစ်ဖက်မှာလည်း ဆန္ဒပြတဲ့လူတွေဆိုတာ ဆန္ဒပြတဲ့ မူရင်းရည်ရွယ်ချက်အတိုင်း ရပ်တည်တာ ဖြစ်လို့ မူရင်း လိုလားချက်တွေကို မရမချင်း ... ဆန္ဒပြနေမှာ ဖြစ်လို့ ဆန္ဒပြတာကို ရပ်ဖို့ နှစ်ဖက် ညှိနှိုင်းတဲ့ ယဉ်ကျေးမှု တစ်ခုထွန်းကားလာအောင် ကြိုးစား။ ဒါ နိုင်ငံတိုင်းမှာ ကြုံရတဲ့ ကိစ္စ။ အခု ပြောချင်တာကတော့ ...."နိုင်ငံခြား ခရီးသွားတွေ ရှိနေတာကြောင့် အဲဒီလို ဆန္ဒပြတာမှုတွေဟာ နိုင်ငံကို အရှက်ရစေတာကြောင့်..." ဆိုတာမျိုး ရန်ကုန်တိုင်း အစိုးရက ပြောလာတာကို တွေ့ရပါတယ်။ အဲဒီ အတွေးအခေါ် တစ်ခုလုံးက မှားတာပါ။ ဆန္ဒပြတာဟာ ရှက်စရာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီထက် ရှက်စရာတွေ တပုံကြီးပါ။ အစိုးရဝန်ကြီးတွေ၊ ဝန်ထမ်းတွေ လာဘ်စားတာက စပြီး ... စစ်အာဏာနဲ့ အနှစ် ၂၀ ကျော် အုပ်ချုပ်ခံခဲ့ရတာ .... ဒါတွေဟာ ရှက်စရာပါ။ လမ်းဘေး အများသုံး အိမ်သာတွေ ညစ်ပတ်တာ၊ ညဘက် လျှပ်စစ်မီး ပုံမှန်မရတာ၊ လူ့အခွင့်အရေး ချိုးဖေါက်တာ၊ ကတိမတည်တာ၊ လိမ်လည်တာ .... ဒါတွေဟာ ရှက်စရာပါ။ ဆန္ဒပြတာ လုံးဝ ရှက်စရာ မဟုတ်ပါဘူး။ ဆန္ဒပြရလောက်အောင် လုပ်နေတဲ့ မတရား မြေသိမ်းမှုတွေ ရှိနေတာက ရှက်စရာပါ။ မတရားမှုတွေကို ပြည်သူတွေက လက်မခံဘူး ... ဒါကြောင့် ဆန္ဒပြတယ် ဆိုတာဟာ တကယ်က ဂုဏ်ယူစရာပါ။ လွတ်လပ်စွာ ဆန္ဒပြခွင့်ကို အစိုးရက ခွင့်ပြုတယ် ဆိုတာ ဂုဏ်ယူစရာပါ။ ... အကြမ်းဖက် ဖြေရှင်းရင်တော့ ရှက်စရာပါ။ ညှိနှိုင်း ဖြေရင်းရင် ဂုဏ်ယူစရာပါ။ ဒါတွေကို ခွဲခြား သိဖို့ လိုပါတယ်။ ဒီလို ဂုဏ်ယူစရာ အချက်တွေကို နိုင်ငံခြားသားတွေကို မြင်စေပြီး သူတို့တွေ အတုခိုး အတုယူနိုင်အောင် လုပ်ပြနိုင်ရင်ပိုတောင် ဂုဏ်ယူရမှာပါ။ အခုကတော့ ... တကယ်က ဂုဏ်တောင် ယူရမယ့် ရှက်စရာ မဟုတ်တာကို ရှက်စရာလို့ မြင်ပြီး၊ .... တကယ့် ရှက်စရာတွေကိုတော့ လုပ်နေတာတွေသာ ဆင်ခြင်ပြီး .... နိုင်ငံနဲ့ နိုင်ငံသားတွေ အရှက်မရစေဖို့ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ အတွေးအခေါ် တစ်စုံလုံးမှာ ... ဘယ်ဟာ ရှက်စရာ၊ ဘယ်ဟာ ရှက်စရာမဟုတ်ဘူး၊ ဘယ်ဟာက ဂုဏ်ယူစရာဆိုတာ နားလည်နိုင်ကြစေဖို့ ... (ကိုထိုက်)

No comments: