Thursday, April 10, 2014

ကိုရင်နှင့် ကုလားကောက်ကျွန်း သင်္ကြန် ••••••••••••••••••••••••••••••••••••••• ရာသီဥတုက လေညှင်းတသုန်သုန်နဲ့ အပေါ်ပူ အောက်ပူ တံလျှပ်တလူလူနဲ့ ပင်လယ်ထဲမှာနေရတဲ့ ဒုက္ခ အတော်ဆိုးပါလား။ ဘောင်းဘီတိုလေးဝတ် ကိုယ်ပေါ်မှာ အင်္ကျီမကပ်နိုင်ပဲ ပုဆိုးဟောင်းလေး ရေဆွတ်ပြီး ကျောပေါ်လွှားထားရတယ်။ တပည့်တွေကြည့်လိုက်တော့ ရေယာဉ်ရဲ့အနောက်ဖက် အရိပ်ရှိရာနေရာလေးတွေမှာ စုဖွဲ့ရင်း စခရေဘယ်ကစားတဲ့သူနဲ့ ခြောက်ထိုးတဲ့သူနဲ့ အဆင်ပြေသလို အပူဒဏ်ကိုမေ့နေကြတယ်။ အခန်းထဲကို ဘယ်ဝင်နိုင်လိမ့်မတုန်း။ ပူခြစ်တောက်နေတဲ့ သင်္ဘောသံခွံအတွင်းမှာ ၅ မိနစ်ထက်ပိုမနေနိုင်ဘူး။ တာဝန်တွေပေါ့ပါးနေတာလည်းပါတာပေါ့လေ။ ထူးထူးခြားခြား သတင်းလည်းမရသလို ကြေးနန်းအဝင်တွေကလည်း ထူးခြားမှုမရှိတော့ ပူပင်ပူသော်ငြား စိတ်လက်ပေါ့ပါးတာတော့အမှန်ပါပဲ။ သောက်ရေလက်ကျန်က အတော်လေးနည်းနေပြီ ပင်လယ်ထဲလှည့်ကင်းပတ်နေရတာလည်း ရက်ကကြာနေပြီဆိုတော့ ရေမချိုးရလို့ခေါင်းတွေတောင်ယား လာပြီ ပင်လယ်ထဲမှာရေချိုက တကယ့်အသက်ဆိုတော့ အနီးဆုံးကမ်းမှာ ရေချိုဝင်ဖြည့်ရတော့မယ်။ ရေဒါကိုဖွင့်ပြီး ပတ်ဝန်းကျင်အခြေအနေကိုထောက်လှမ်းကြည့်လိုက်တယ် ရာသီဥတုကလည်းကောင်းတော့ မိုင် ၁၀၀ ပတ်လည်းအတွင်း ဘာပစ်မှတ်မှ မတွေ့ရဘူး ။ အခြေအနေက စိတ်ချရတယ်လို့ဆုံးဖြတ်လိုက်ပြီး အနီးဆုံးကမ်းမှာ ရေဝင်ဖြည့်ဖို့ 1st. Lieut (ဒုစစ်ရေယာဉ်မှူး) ကိုအမိန့်ပေးလိုက်တယ်။ တပည့်တွေက ဟေးးးးကနဲထအော်ကြတယ် ပျော်လွန်းလို့လေ။ ဟ.... ခါတိုင်းလည်းရေဝင်ဖြည့်နေတာပဲ အခုကျမှ ထူးထူးဆန်းဆန်း ဘာထအော်တာလည်းကွ လို့မေးလိုက်တော့ ဟာ..... CO (စစ်ရေယာဉ်မှူး) ကလည်း သင်္ကြန်တွင်းရေပက်ရတော့မယ်လေ လို့တပည့်တွေကပြန်ပြောတယ်။ အို..... ဟုတ်သားပဲ သင်္ကြန်ဆိုတာတောင် မေ့နေပါပေါ့လား ရေတပ်သားဘဝ တာဝန်နဲ့ပင်လယ်ပြင်ကြီးထဲလှည့်ပတ်သွားနေရတာ သင်္ကြန်ဆိုတာကို မိုးလေဝသနဲ့ ရန်သူတွေလောက်စိတ်ဝင်စားမှုမရှိတာ တွေးမိရင်းပြုံးလိုက်မိတယ်။ တပည့်တွေကလည်း ဘယ်ပြောရဲပါ့မလည်း ကမ်းပြန်ကပ်ချင်တယ်ဆိုတာ။ အခုလို အတိအလင်းအမိန့်ပေးလိုက်တော့ သူတို့လည်းပျော်ကြပေမပေါ့။ အနီးဆုံးကမ်းဆိုတာ ပင်လယ်ထဲက ကုလားကောက်ကျွန်းဖြစ်နေတော့ သင်္ဘောကို ကုလားကောက်ကျွန်းဖက် ဦးတည်ခုတ်မောင်းလိုက်တယ်။ အင်ဂျင်လေးလုံး မောင်းနှင်အားက ရေလွှာကိုဖွားကနဲဖွှားက နဲခွဲရင်း အပျိုမလေး(သင်္ဘောကို သူမ/မိန်းကလေး-she အဖြစ်နာမ်စားသုံးပါတယ်) တစ်ယောက်လို ကဆုန်ပေါက်ပြေးပြီပေါ့။ ကုလားကောက်ကျွန်းဆိုတာ ကော့ဒွတ်ရွာလေးက အနောက်ဖက်စူးစူး ရေမိုင် ၅ မိုင်အကွာမှာရှိတဲ့ တောင်မြောက် ၇ မိုင်ရှည် ကျွန်းကြီးဖြစ်ပါတယ်။ မွန်လူမျိုး အများစု နေထိုင်တဲ့ကျွန်းပေါ့။ မော်လမြိုင် ရေး ကားလမ်းပေါ်မှာရှိတဲ့ လမိုင်းမြို့ကနေ အနောက်ဖက်ကိုဆက်သွားရင် ကော့ဒွတ်ရွာလေးရောက်တယ်။ အဲဒီကနေ လှေနဲ့သွားရင် ကုလားကောက်ဆိုတဲ့ကျွန်းကိုရောက်တယ်။ မြောက်ဆိပ် အလယ်ဆိပ် အောက်ဆိပ်ဆိုတဲ့ ရွာကြီး ၃ ရွာရှိတယ်။ ခြံလုပ်ငန်း ရေထွက်လုပ်ငန်းတွေနဲ့ စီးပွားရေးအဆင်ပြေတဲ့ကျွန်းပါ ငါးနှပ်ခြောက်အများဆုံးထွက်တဲ့ကျွန်းပေါ့။ ကျွန်းသူ မွန်မလေးတွေက ချောမောလှပပြီး အများစုက မော်လမြိုင်တက္ကသိုလ်မှာ ပညာသင်နေကြတာများတယ်။ အခုလို နွေရာသီ သင်္ကြန်ကာလဆိုတော့ ရွာပြန်ရောက်တာများတော့ တပည့်တွေကလည်း ပျော်နေကြတာလေ။ နောက်ပိုး ပိုးလို့ရတာကိုးဗျ။ သင်္ဘောပေါ်က တပည့်အများစုကလည်း အဝေးသင်တက္ကသိုလ် စာမေးပွဲဖြေဖို့အနီးကပ်ကာလဆိုရင် မော်လမြိုင် တက္ကသိုလ်မှာပဲ စာမေးပွဲပြန်ဖြေကြတော့ သူငယ်ချင်းတွေဖြစ်နေကြတဲ့သူတွေလည်း ကုလားကောက်မှာ တော်တော်များတယ်။ ကုလားကောက်ကို သင်္ဘောရောက်ပြီဆိုရင်ပဲ အလယ်ဆိပ်မှာ ကျောက်ချ ကျွန်းကလှေငယ်ခေါ် ပလပ်စတစ်တိုင်ကီပုံးအပြာနဲ့ ရေချိုခပ်ဖို့ တစ်ဖွဲ့ကြီးကမ်းပေါ်တက်သွားကြတယ်။ ကိုရင်ကတော့ သင်္ဘောစောင့်ပေါ့။ ညနေစောင်း တပည့်တွေပြန်လာတော့ CO မနက်ဖြန် ကမ်းပေါ်တက်လာပါဦးတဲ့ အဘွတ်တို့အိမ်မှာ အလှူလုပ်မယ် ဆိုတာနဲ့ မနက်ဖြန်အောက်ဆိပ် ဘုန်းကြီးကျောင်းအတွက် ဒီဇယ်တစ်ပုံး(ဂါလံ ၅၀ ) ကိုလှူဖို့ပြောရင်း ကမ်းတက်ဖို့ဆုံးဖြတ်လိုက်တယ်။ မနက် ၈ နာရီ ရေပြည့်တစ်ဝက်လောက်မှာ တပည့် ၁၀ ယောက်လောက်နဲ့ ကမ်းပေါ်တက်ခဲ့တာပေါ့ ကမ်းရောက်ရောက်ခြင်းရေဝိုင်းပက်လိုက်ကြတာ လူကို ကြွက်စုတ်ဖြစ်တော့တာပဲ။ စိုဖတ်စိုဖတ်နဲ့ ရွာထဲကိုဝင်တော့ အပင်ကြီးကြီး အရိပ်ကောင်းကောင်းအောက်မှာ မိန်းမကြီးတော်တော်များများက ပြုံးစိပြုံးစိနဲ့ကိုရင်ကို စောင့်နေကြတယ်ဗျ ကိုရင်လည်းပြုံးပြရင်း အနားကိုရောက်တော့ ဘာမပြောညာမပြော ကိုရင်ကိုဝိုင်းချုပ်ကြပါလေရောဗျာ လူတစ်ကိုယ်လုံးလက်ခေါင်းခြေထောက်တွေကို ချုပ်ပြီး လှုပ်မရတော့မှ ဘာလုပ်တယ်အောင်းမေ့လည်း အဒေါ်ကြီးတွေက အင်္ကျီလှန်ပြီး နို့တိုက်ကြတာဗျ ဟားးးး တကယ့်ကို လူကြမ်းမိန်းမကြီးတွေဗျ ကိုရင်လည်း တဖူးဖူးနဲ့ပါးစပ်ကြီးပိတ်ပြီး ရုန်းတာပေါ့ အဒေါ်ကြီးတွေကလည်း နံစောင်းကို ကလိဝိုင်းထိုး မနေနိုင်လို့ပါးစပ်ဟရင် နို့တိုက်နဲ့ဗျာ အတော်ဆိုးတာပဲ သူတို့တွေအားရမှ မျက်နှာ တစ်ခုလုံးကို သနပ်ခါးဘူးက သနပ်ခါးတွေနဲ့မျက်နှာကို အားရအောင်လိမ်းကြတာ ။ ကျေနပ်ပြီဆိုမှ လွတ်ပေးတယ် ဘေးနားမှာ အပျိုးချောတွေက တစ်ဝါးဝါး တဟားဟား နဲ့လက်ခုတ်ဝိုင်းတီးပြီးအားပေးနေကြတာ လူလည်းမျောက်ဖြူမျက်နှာနဲ့ရှက်လွန်းလို့ထွက်ကိုပြေးရတယ်။ သူ့ဓလေ့နဲ့သူဆိုတော့ စိတ်ဆိုးရအခက် ပြုံးရခက်ကြီးပေါ့ဗျာ ဘာပြောပြော အမှတ်ရစရာ ကုလားကောက်သင်္ကြန်ကိုတော့ ဘယ်တော့မှမမေ့နိုင်စရာပါပဲ။ ရှိသမျှ အလှူအိမ်တွေမှာ လိုက်စားရင်း ညနေသင်္ဘောပြန်ရောက်တော့ တပည့်တွေကို တစ်ခွန်းတော့ပြောလိုက်သေးတယ်။ အဲလိုချုပ်ပြီးနို့တိုက်တာများကွာ အပျိုလေးတစ်ယောက်မှမပါတာ အတော်ဆိုးပါလား ဆိုတော့ တပည့်တွေကဝိုင်းရီကြတယ်။ အော် သင်္ကြန်ဆိုတာ မြန်မာပြည်ဘယ်အရပ်မှာဖြစ်ဖြစ် ချစ်ရာကောင်းတဲ့ဓလေ့လေးတွေနဲ့ချည်းပါလားဆိုတာကို ကုလားကောက်ကျွန်း အမှတ်တရလေးရေးလိုက်ရပါတယ်ခင်ဗျား။ ၁၉၉၉ ခုနှစ် ကမ်းခြေစောင့်တိုက်ရေယာဉ် စစ်ရေယာဉ်မှူး(ယာယီဗိုလ်မှူး) ဘဝက အမှတ်တရဖြစ်စဉ်လေးပါ။ စာအနည်းငယ်ရှည်သွားလို့ ခွင်လွတ်ဖို့တောင်းပန်ပါတယ်ခင်ဗျား။ ကိုရင်လူထွက် ငပိချက်

No comments: