Tuesday, October 1, 2013

အမျိုးသမီးညီလာခံကျင်းပမည်

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံ ၂၀၁၅ တွင် ကျင်းပမည် Monday, September 23, 2013 မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး အားလုံးကို ကိုယ်စားပြုနိုင်မည့် အမျိုးသမီး ညီလာခံကို ၂၀၁၅ ခုနှစ်တွင် ကျင်းပမည် ဖြစ်ကြောင်း ယနေ့ကျင်းပသော မြန်မာနိုင်ငံ အမျိုးသမီးများ ဖိုရမ်တွင် အမျိုးသမီးများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ပြောကြားသည်။ “မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အမျိုးသမီးထုတွေ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပြီးတော့ အမျိုးသမီးထုတွေ အားလုံးကိုယ်စားပြုနိုင်တဲ့ အသံတွေ ထွက်လာနိုင်ဖို့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံလုံးရှိ အမျိုးသမီး အားလုံးကို ကိုယ်စားပြုပြီး အမျိုးသမီးထု တစ်ရပ်လုံး၏ အကျိုးကို ဆောင်ရွက်ပေးနိုင်သော အရပ်ဘက် အဖွဲ့အစည်းတစ်ခု ပေါ်ထွန်းလာရန် ရည်ရွယ်ကာ အဆိုပါ ညီလာခံကို ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။ “အခုအချိန် ပြည်တွင်းမှာ လုပ်ခွင့်ရနိုင်မယ့် အနေအထားမျိုးမှာ ကိုယ့်တိုင်းပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေး လုပ်ငန်းကို အမျိုးသမီးတွေ ပါဝင်လုပ်ဆောင်နိုင်ဖို့ အဓိက ရည်ရွယ်ချက်နဲ့ ဒီညီလာခံကို ကျင်းပဖို့ စီစဉ်ကြတာပါ” ဟု မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဒေါ်စောစံငြိမ်းသူက ဆိုသည်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများ အခွင့်အရေးနှင့် ပတ်သက်သည့် ပထမဆုံး ဖိုရမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ ၂၂ ရက်နေ့ထိ သုံးရောက်တိုင် ကျင်းပခဲ့သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နိုင်ငံခေါင်းဆောင်မှုတွင် အမျိုးသမီးများ ပါဝင်ခွင့်ရရေးနှင့် စစ်ပြေးအမျိုးသမီး ဒုက္ခသည်များကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု၊ တရားဥပဒေအရ အကာအကွယ် ရရှိရေး၊ ကျား/မ တန်းတူ အခွင့်အရေး ရရှိရေး စသည်တို့ကို ယင်းဖိုရမ်တွင် အဓိက ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ကို ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ကာ ယခုအခါ အမျိုးသမီးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းဝင်ပေါင်း ၁၃ ဦးရှိပြီ ဖြစ်ကာ အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များနှင့် အမျိုးသမီးများအား စွမ်းရည်မြှင့်တင်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များ ကွန်ရက်ကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၃ တွင် အဖွဲ့ဝင်ပေါင်း ၃၀ ရှိပြီဖြစ်ကာ အမျိုးသမီးဆိုင်ရာ ညီလာခံများ၊ ဆွေးနွေးပွဲများ၊ စွမ်းရည်မြှင့်တင်ခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေကာ အရှေ့တောင်အာရှ အမျိုးသမီးများ အဖွဲ့ချုပ် (SWAN) ၏ အသင်းဝင် မြန်မာနိုင်ငံဆိုင်ရာ အသင်းဝင် အဖွဲ့လည်း ဖြစ်သည်။

No comments: