Tuesday, October 1, 2013

အလုပ်ရှင်နဲ့အလုပ်သမားကြားမှာဒါလေးတော့ထားပါ

“ကျမတို့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမားများဖြစ်ကြပါတယ်။ စက်ရုံမှာ အလုပ်သမားအခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့အတွက် လွန်ခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့မှာ သပိတ်မှောက်ခဲ့ကြတယ်။ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးမှာ အပြည့်အစုံ သဘောတူညီမှု မရရှိခဲ့တဲ့အတွက် ခုံသမာဓိရုံးရဲ့ အဆုံးအဖြတ် ခံယူခဲ့ပါတယ်။ အဲဒီနောက် ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း စက်ရုံးလုပ်ငန်းခွင်သို့ ပြန်ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အလုပ်ရှင်က စက်ရုံပိတ်တယ်လို့ အကြောင်းပြပြီး ကျမတို့ကို လျော်ကြေးပေးပြီး အလုပ်ထုတ်ဖို့ကြိုးစားနေပါတယ်။ ကျမတို့က ဒီစက်ရုံမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သူတွေ ဖြစ်ပါတယ်။ ဒီကိစ္စကို လက်မခံနိုင်လို့ အလုပ်သမားဝန်ကြီးဌာနရုံး အဆင့်ဆင့်ကို ဥပဒေနဲ့အညီ စာနဲ့ရေးသားတိုင်ကြားခဲ့ပေမယ့် ဒီနေ့ထိ ဘယ်သူမှ လာရောက်မဖြေရှင်းကြပါဘူး။ ဒါကြောင့်လဲ ကျမတို့ ဒီနေရာကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ကျမတို့ အလုပ်သမားတွေရဲ့ နစ်နာမှုကို အစိုးရကလဲ လျစ်လျူရှုထားပါတယ်။ အများပြည်သူတွေကလည်း မသိရှိခဲ့ကြပါဘူး။ ဒါကြောင့် အများပြည်သူက ကျမတို့ရဲ့ အခြေအနေမှန်တွေကို သိရှိဖို့နဲ့ အစိုးရက ကူညီဖြေရှင်းပေးဖို့ ဒီနေရာကို ရောက်လာခြင်းဖြစ်ပါတယ်။ ကျမတို့ကို လျော်ကြေးပေးတယ်ဆိုပေမယ့် ဒီလျော်ကြေးကို ကျမတို့ မလိုချင်ပါဘူး ကျမတို့လိုချင်တာ အလုပ်ခွင်တည်မြဲဖို့နဲ့ ကျမတို့ရဲ့ အလုပ်သမားသမဂ္ဂ မပြိုကွဲဖို့ပါပဲ အလုပ်ရှင်က ကျမတို့သမဂ္ဂပြိုကွဲဖို့နဲ့ ကျမတို့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်စေဖို့ ဟန်ဆောင်အလုပ်ပိတ်တာဖြစ်ပါတယ်။ ကျမတို့ကို အလုပ်ထုတ်ပြီးတာနဲ့ အလုပ်ရှင်က စက်ရုံကို နောက်နာမည်အသစ်ဖြစ်တဲ့ မဟာလင်းထက် နာမည်နဲ့ အလုပ်ပြန်ဖွင့်ဖို့ စီစဉ်ပြီးသားပါ၊ ဒီလိုကောက်ကျစ်စွာနဲ့ အလုပ်သမားတွေကို အလုပ်လုက်မဲ့ဖြစ်အောင် မြို့နယ်အလုပ်သမားဦးစီးနဲ့ ပူးပေါင်းပြီး စီစဉ်ခဲ့တဲ့အတွက် ဒီနေရာကိုရောက်လာပြီး သပိတ်စခန်းဖွင့်တာဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်ကစပြီး ဟုန်ရှင်းအအေးခန်း အလုပ်သမားတွေရဲ့ သပိတ်စခန်းဖွင့်လှစ်ကြောင်းနဲ့ အစိုးရရဲ့ တရားမျှတတဲ့ ဖြေရှင်းမှု မရမခြင်း ကျမတို့ရဲ့ သပိတ်စခန်းကို ရုတ်သိမ်းပေးမှာ မဟုတ်ကြောင်း အတိအလင်း ကြေညာလိုက်ပါတယ်။” အထက်ပါကြေညာချက်ကတော့ ၂၂ ၊ ၉ ၊ ၂၀၁၃ ရက်နေ့မှာ မြို့တော်ခန်းမရှေ့ သပိတ်စခန်းလာဖွင့်တဲ့ ဟုန်ရှင်းအအေးခန်း စက်ရုံက အလုပ်သမားသမဂ္ဂရဲ့ ကြေညာချက်ဖြစ်ပါတယ်။ သတင်းတွေအရ အလုပ်သမားတွေအနေနဲ့ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်တောင်းဆိုခဲ့ပြီး အလုပ်သမားခေါင်းဆောင် ၂ ဦးကို အလုပ်ထုတ်ပစ်ခဲ့တာကြောင့် ရက်ရှည်ဆန္ဒပြနေခဲ့တာဖြစ်ပြီးတော့၊ အလုပ်ရှင်ဘက်မှ ဟုန်ရှင်းအအေးခန်းစက်ရုံကို ပိတ်လိုက်တဲ့အတွက် ခုလိုမျိုး မြို့တော်ခန်းမရှေ့ သပိတ်စခန်းလာရောက်ဖွင့်ဖို့ ဟုန်ရှင်းအအေးခန်း စက်ရုံးမှ အလုပ်သမားသမဂ္ဂမှ ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ ဒီလိုဆန္ဒပြဖို့ရောက်လာတဲ့ အလုပ်သမားအများစုဟာ ငယ်ရွယ်ကြပြီး သက်ဆိုင်ရာမိသားစုတွေအတွက် တဖက်တလမ်းက ဝင်ငွေရှာဖွေပေးနေကြတဲ့ လူငယ်တွေဖြစ်သလို မြန်မာပြည်မှာ လာရောက်ဖွင့်တဲ့ နိုင်ငံခြားစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေထဲက အစိတ်အပိုင်းတခုလဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်ဗိုလ်ချုပ်တဖြစ်လဲ အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံရေးကို နိုင်ငံတကာအစိုးရတွေ အိမ်နီးနားချင်းနိုင်ငံအစိုးရတွေနဲ့ အစိုးရအဟုတ်သော အဖွဲ့အစည်းတွေအတွက် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြနေခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် ထင်ရှားတဲ့ အကျိုးကျေးဇူးတွေ မရရှိသေးပေမယ့် ကမ္ဘာ့အလယ်မှာ နှစ်ပေါင်းများစွာ တံခါးပိတ်ခံထားရတဲ့ တိုင်းပြည်ရဲ့လိုအပ်ချက်တွေ ဈေးပေါတဲ့အလုပ်သမားတွေ များစွာရှိတဲ့ တိုင်းပြည်ကိုအလုပ်ရှင်တွေဘက်ကလည်း နှစ်ခြိုက်သဘောကျလို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ စက်ရုံတွေ၊ မလာရောက်သော်လည်း လာရောက်ဖို့ တာဆူနေတဲ့ နိုင်ငံတကာက အလုပ်ရှင်တွေလဲ ရှိနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဒီလိုအလုပ်သမားဆန္ဒပြတွေ ခပ်စိပ်စိပ်ပေါ်ထွက်လာနေခဲ့တာလဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာတွေကို အပြစ်ပြောလို့မရနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ အဲဒါတွေထဲက အဓိကကျတဲ့အချက်ကတော့ မြန်မာနိုင်ငံမှာ ဘာကြောင်းနဲ့ဖြစ်ဖြစ် လာရောက်ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေဟာ အလုပ်သမားတွေအပေါ်ကို လိုက်နာရမယ့် စည်းကမ်းတွေကိုပဲ ထုတ်ပြန်ပြဋ္ဌာန်းပေးပြီးတော့ အလုပ်ရှင်တွေဘက်က လိုက်နာရမယ့် ကျင့်ဝတ်တွေကို အမြဲမသိကျိုးကျွံပြုခြင်း ဖြစ်ပါတယ်။ အလုပ်ရှင်တွေရဲ့ နှုတ်ထွက်စကားနဲ့ အလုပ်ရှင်ရဲ့ ထင်မြင်ယူဆချက်ကပဲ အလုပ်သမားတဦးရဲ့နောင်ရေးကို တိုက်ရိုက်အဆုံးအဖြတ်ပေးနေတဲ့ အချက်ကို ပြဿနာဖြစ်နေတဲ့ စက်ရုံတွေ အလုပ်ရုံတွေမှာ ထင်ထင်ရှားရှားတွေ့နေရလို့ ဖြစ်ပါတယ်။ အလုပ်ချိန် အလုပ်ခွင်စည်းကမ်း စတဲ့ တင်းကျပ်လှတဲ့ အမိန့်ပေးပုံစံတွေကြားထဲမှာ အလုပ်သမားတွေဟာ တနေ့လုပ်ခ မြန်မာငွေ ကျပ် ၃၀၀၀ လောက်ရဖို့အတွက် အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို မေ့ထားမှသာ အလုပ်ခွင်မှာတည်မြဲနေနိုင်ပါတယ်။ အလုပ်ရှင်က ငြိုငြင်နိုင်တဲ့ အလုပ်တခုခုကို လုံးဝမလုပ်မိဖို့ဟာ အလုပ်သမားတယောက်အတွက် အလုပ်ခွင်တည်မြဲရေး ဖြစ်ပါတယ်။ ဦးသိန်စိန်အစိုးရသစ်က အလုပ်သမားတွေဟာ အမြဲတမ်းပြဿနာများကို ဆောင်ယူလာသူများအဖြစ် ရှုမြင်ပါတယ်။ ယခင်စစ်အစိုးရလက်ထက်မှာတော့ အလုပ်ရှင်ကိုပဲဆန္ဒပြပြ အစိုးရကိုပဲတောင်းဆိုတောင်းဆို အဲဒါဟာ ရာဇဝတ်မှုတခုသာ ဖြစ်ခဲ့ပြီး ယနေ့လိုကမ္ဘာက မြန်မာအစိုးရသစ်ရဲ့ လုပ်ရပ်တွေကို စနစ်တကျ စောင့်ကြည့်လေ့လာသုံးသပ်နေတာ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ အစိုးရတရပ်ရဲ့ အလုပ်သမားနဲ့ အလုပ်ရှင်ပြဿနာတွေကို စီမံခန့်ခွဲတာတွေကို စောင့်ကြည့်နေပါတယ်။ အလုပ်သမားတွေဘက်ကလည်း အစိုးရကို အလုပ်ရှင်နှင့်၎င်းတို့ကြားမှာ သမာသမတ်ကျစွာ ဝင်ရောက်ဖြေရှင်းပေးစေလိုပါတယ်။ သူတို့ ကြုံနေရတာတွေကို ကြေညာချက်ထဲမှာ ရှင်းလင်းစွာ ပြောဆိုရေးသားထားပြီး ဖြစ်ပါတယ်။ အလုပ်ရှင်က ၎င်းတို့အခွင့်အရေးတွေကို လျစ်လျူရှုနေတာ ၎င်းတို့အပေါ်မတရားဆက်ဆံနေတာတွေကို အစိုးရက ဖြန်ဖြေညှိနှိုင်းပေးရင် အလုပ်ခွင်ထဲကို ပြန်လည်ဝင်ရောက်ချင်ပါတယ်။ အလုပ်သမားလူတန်းစားတွေက အလုပ်ရှင်တွေဆီမှာ ၎င်းတို့ရဲ့ ကာယ ဉာဏတွေပေးပြီး အလုပ်ရှင်တွေဆီက လုပ်ခကိုသာ အလိုရှိသူတွေ ဖြစ်ပါတယ်။ အခမဲ့ ဘာကိုမှမတောင်းဆိုပါဘူး၊ အလုပ်ရှင်တွေဆီက တန်ရာတန်ကြေးနဲ့ အမြဲလျော့ယူနေတာပဲ ရှိပါတယ်။ ၎င်းတို့ရဲ့ လိုအပ်ချက်တွေ သိပ်နစ်နာမှသာ အလုပ်ရှင်ထံကို တောင်းဆိုတတ်သူတွေ ဖြစ်ပါတယ်။ ယခုလည်း ညှိမရလို့ ဒီအချိန်ထိဆိုက်ရောက်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟုန်ရှင်း အလုပ်သမားတွေ အဓိကလိုချင်တဲ့ အလုပ်ပြန်ရရေးလမ်းကနေ သွေဖယ်သွားခဲ့ပြီးလိုပဲ ပြောရပါတော့မယ်။ ပိုစတာတွေမှာ ငွေကိုမလို အလုပ်သလိုသည် ဆိုတဲ့ စာသားတွေနဲ့ ဆန္ဒပြတောင်းဆိုသူတွေဟာ အခုတော့ နှစ်ဖက်သဘောတူ ဖြန်ဖြေရေးအဖွဲ့က ညှိနှိုင်းပေးခဲ့တဲ့ စာချုပ်ကို လက်မှတ်ထိုးလိုက်ခြင်းဖြင့် ၎င်းတို့ရဲ့ အဓိကတောင်းဆိုချက်ကို လက်လွတ်ခံခဲ့ရပါတယ်။ သဘောတူညီချက်ထဲမှာ ပါတဲ့အချက်တွေကတော့ … (က) ဟုန်ရှင်း ငါးအအေးခန်းစက် အမြဲတမ်းပိတ်သိမ်းခြင်းကို တောင်းဆိုသူ ဦးမင်းမင်းပါ (၁၀၃) ဦးတို့မှ သိရှိသဘောတူရန်၊ (ခ) စက်ရုံပိတ်သိမ်းခြင်းအတွက် ဥပဒေအရ အလုပ်ရပ်စဲမှု နစ်နာကြေးနဲ့ လုပ်ခလစာ ကျန်ငွေများကို (၂၄ ၊ ၉ ၊ ၂၀၁၃) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် ပေးချေ/ရယူရန်၊ (ဒဂုံဆိပ်ကမ်းစက်မှုဇုံ အရောင်းခန်းမ) (ဂ) အလုပ်ရပ်စဲမှုနစ်နာကြေးများကို အလုပ်သမားများမှ လက်ခံရရှိပြီးနောက် ဟုန်ရှင်းငါးအအေးခန်းစက်ရုံးနှင့် အခြားရရန် ပေးရန် မရှိတော့ပါကြောင်း၊ (ဃ) တောင်းဆိုမှုနှင့် ပတ်သက်၍ အမှုဖွင့်လစ်ထားသော ဦးမင်းမင်းနှင့် ဦးသီဟတို့အတွက် ဒါရိုက်တာအဖွဲ့သို့တင်ပြ၍ အကောင်းဆုံးပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ရန်၊ (င) စက်ရုံအဆောင်နေသူများ ပြောင်းရွှေ့မှု အခက်အခဲမဖြစ်စေရန် (၂၆ ၊ ၉ ၊ ၂၀၁၃) နေ့ ညနေ (၁၇:၀၀) နာရီ နောက်ဆုံးထား၍ အပြီးအပိုင်ပြောင်းရွှေ့ရန်နှင့် အဆောင်နေသူများ နေထိုင်စဉ်ကာလအတွင် စက်ရုံ စက်ပစ္စည်း အဆောက်အဦနှင့် စက်ရုံနှင့်ပတ်သက်သည်များ ပျောက်ဆုံး ပျက်ဆီး ဆုံးရှုံးမှုမရှိစေရန် တာဝန်ယူရန်၊ စသည့် သဘောတူညီချက်များကို လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် ဟုန်ရှင်းငါးအအေးခန်းစက်ရုံ အလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပြဿနာနောက်ဆက်တွဲအဖြစ် မြို့တော်ခန်းမရှေ့ သပိတ်စခန်းအား (၂၃ ၊ ၉ ၊ ၂၀၁၃) နေ့တွင် သပိတ်စခန်းအား ပိတ်သိမ်းလိုက်ခြင်းဖြင့် ပြဿနာများမတင်မကျအဆုံးသတ်သွားခဲ့ကြောင်း ရေးသားလိုက်ရပါသည်

No comments: