Wednesday, October 2, 2013

နံက်ခင်သြဝါဒ

နံနက်ခင်းသြ၀ါဒ Written by မောင်ကြည် စိတ်ဓာတ်ကျလာသည့် အခါတိုင်း ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်ကာ စိတ်တွေ ရှုပ်ထွေးလာတိုင်း ကျွန်တော် ဖတ်လေ့ရှိသည့် စာအုပ်တစ်အုပ် ရှိပါသည်။ အမရပူရ၊ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာ ဘိဝံသ၏ 'နံနက်ခင်းသြ၀ါဒ' စာအုပ် ဖြစ်ပါသည်။ ဆရာတော်သည် ကျမ်းပေါင်း(၆၀)ကျော် ပြုစုခဲ့သည့်အပြင် အမရပူရ၊ မဟာဂန္ဓာရုံ စာသင်တိုက်ကြီးကိုလည်း တည်ထောင် အုပ်ချုပ်တော်မူခဲ့ပါသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ် သရိုင်ရွာမှာ (၁၉၀၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၇ ရက်) သက်တော် (၇၈)နှစ်တွင် ပျံလွန်တော် မူခဲ့ပါသည်။ ''နံနက်ခင်းသြ၀ါဒများ'' သည် ဆရာတော် သက်ရှိထင်ရှား ရှိစဉ်က တပည့်သံဃာတော်များကို နံနက်အရုဏ် တက်ချိန်၌ နေ့စဉ်ပုံမှန် ပေးခဲ့သည့် သြ၀ါဒများကို စုစည်းကာ ထုတ်ဝေထားသော စာအုပ်ဖြစ်ပါသည်။ တပည့် သံဃာတော်များကို ရည်ရွယ်ကာ ဆုံးမခဲ့သည့် သြ၀ါဒများ ဖြစ်သော်လည်း လူပုဂ္ဂိုလ်များ အတွက်လည်း အသုံးဝင်သည့် ဘ၀လမ်းညွှန် သြ၀ါဒမွန်များ ဖြစ်ပါသည်။ တက်တက်ကြွကြွရှိကာ အားမာန်ပါသည့် စကားလုံးများသည် နားထောင်ရသူ အပေါင်း၏ စိတ်နှလုံးဝယ် ရွှင်လန်းတက်ကြွကာ လုပ်ချင်ကိုင်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာစေ ပါသည်။ ဆရာတော်သည် အလုပ်အလွန်လုပ်သည့် ဆရာတော်ဖြစ်သည်။ နောက်ဆုံး ပျံလွန်တော်မူခါနီးအထိ စာရေးစာချ လုပ်ခဲ့သည်။ ''ဘုန်းကြီးက အသက်ရှင်နေသမျှ အလုပ်လုပ်ချင်တယ်။ အလုပ်မလုပ် နိုင်တော့ဘူး ဆိုရင်တော့ သေတာပဲ ကောင်းတယ်'' ဟု မိန့်တော်မူပါသည်။ သူ့တပည့်များကို သြ၀ါဒ ပေးရာမှာလည်း ''ကိုယ်တော်တို့ ကောင်းကောင်းနေကြပါ၊ ကောင်းကောင်းမနေဘဲ သူများလှူတာတွေ စားနေရင် အန်ဖတ်တွေ စားနေတာနဲ့ အတူတူပါပဲ၊ ဒါကြောင့် သတိနဲ့နေကြ၊ ပေါ့ပေါ့ဆဆ မနေကြနဲ့၊ ပေါ့ပေါ့ဆဆနေရင် ဘ၀သံသရာမှာလည်း ပေါ့ပေါ့ဆဆ အကျိုးပေးတတ်တယ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြ'' ဟု တိုက်တွန်းတော် မူပါသည်။ ဆရာတော်သည် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးကို ချစ်မြတ်နိုးသော ဆရာတော် ဖြစ်သည်။ ''ဘုန်းကြီးက ကိုယ့်နိုင်ငံကို သာသနာစိတ် တစ်ခုတည်းနဲ့ ကြည့်တာမဟုတ်ဘူး၊ နိုင်ငံရေး စိတ်နဲ့လည်း ကြည့်တာပဲ'' ဟု မိန့်တော်မူပါသည်။ မြန်မာလူမျိုးတွေ အသုံးအစွဲကြီးပုံကို သြ၀ါဒပေးရာမှာ ''ဘယ်နေရာ မျိုးမဆို ချွေတာတယ် ဆိုတာ နှမြောလို့ မဟုတ်ဘူး၊ ပစ္စည်းကို သူ့နေရာနဲ့သူ သုံးတတ် စွဲတတ်တာဟာ ချွေတာတာပဲ ဘုန်းကြီးက မီးကို အလကား ဖွင့်ထားရင် နှမြောတယ်၊ ကုန်သင့်လို့ ကုန်တာက အကြောင်းမဟုတ်ဘူး။ မကုန်သင့်ဘဲ အလကား လျှောက်ကုန် နေတာကတော့ အကျိုးမရှိဘူး။ ဘာတဲ့လဲမူး။ နုတ်ပဲနုတ်၊ စု၍လုပ်၊ တရုတ်တိုက်ကြီးတည်၊ တစ်ပြားနှစ်ပြား၊ စုပါများ၊ ကုလားတိုက်ကြီးတည်တဲ့။ တို့မြန်မာတွေ ဆင်းရဲမှာပေါ့။ အကျိုးမများတဲ့ နေရာတွေမှာ အကုန်အကျတွေက များနေတာကိုး'' ဟု မိန့်တော်မူပါသည်။ ဆရာတော်သည် အမြဲတမ်း တက်တက်ကြွကြွနေသော ဆရာတော်ဖြစ်သည်။ ခါးကို မတ်မတ်ထားသည်။ ကျမ်းစာရေးလျှင် မတ်တတ်ရပ် စားပွဲနှင့် ရေးသည်။ ပျင်းနေသည့် သူ့တပည့်များကို သြ၀ါဒပေးရာမှာ ''ကိုယ်တော်တို့ချည်း ပျင်းတာမဟုတ်ဘူး။ ဘုန်းကြီးလည်း ပျင်းတာပဲ။ ဒါပေမဲ့ ခြားနားတယ်။ ကိုယ်တော်တို့ ပျင်းတော့ ဘာမှမလုပ်ဘူး။ ဘုန်းကြီးပျင်းလာလျှင် တစ်ခုခုဖြစ်အောင် လုပ်တာပဲ။ ဒါကို အသင်္ခါရိကကုသိုလ် ခေါ်တယ်။ ပျင်းလို့ မလုပ်တဲ့သူက အသင်္ခါရိက ကုသိုလ်မဖြစ်ဘူး'' ဟု မိန့်တော်မူပါသည်။ ဆရာတော်သည် ဂုဏ်ပကာသနကို မမက်မော။ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားသည်။ စာသင်တိုက်ကြီး ဖြစ်ပါလျက် ကျောင်းစည်းကမ်း (၁၀) ချက်ထဲမှာ စိတ်ကောင်းရှိဖို့ကို ပထမထားပြီး၊ စာတတ်ဖို့ အားမပေး။ ''စာမေးပွဲကျလို့ အပါယ်မကျဘူး၊ သီလမရှိရင်တော့ အပါယ်ကျမှာပဲ'' ဟု ပြောလေ့ရှိသည်။ ကိုယ်ကျင့်သိက္ခာနှင့် ပတ်သက်ပြီး သြ၀ါဒပေးရာမှာ ''လောကမှာ သူတစ်ပါးကို ညာဝါးလို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် ညာဝါးလို့ မရဘူး။ ငါသည် မည်သို့သော ငါဖြစ်ထိုက်သနည်း။ ငါသည် ငါကြည်ညိုသော ငါဖြစ်ထိုက်သည်။ မည်သူမဆို မိမိကိုယ်ကိုယ် ကြည်ညိုတဲ့သူ ဖြစ်အောင် ကြိုးစားရမယ်'' ဟု မိန့်တော်မူပါသည်။ ဆရာတော်၏ 'နံနက်ခင်းသြ၀ါဒများ' သည် စိတ်ဓာတ်ကျသူကို စိတ်အားတက်စေသည်။ ထိုင်းမှိုင်းလေးကန် နေသူကို ရွှင်လန်းလာစေသည်။ အားငယ်စိုးရွံ့ နေသူကို ရဲရင့်တက်ကြွ လာစေသည်။ အားပျက်နေသူများ အတွက် အားဆေးတစ်ခွက်ပါပဲ။ -- Sent from my Android phone with EMAIL 4 MM.

No comments: