Tuesday, September 17, 2013

ချင်ပြည်နယ်က နီကယ်သတ္တုရိုင်းသိုက်ကြီး

မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး သတ္တုရိုင်းသိုက်ဖြစ်ပြီး သန့်စင်ပြီး နီကယ်သတ္တုရိုင်းတန်ချိန် တစ်သန်းထွက်ရှိနိုင် ချင်းပြည်နယ် မြောက်ပိုင်းဒေသတွင် တည်ရှိသော မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး နီကယ်သတ္တုရိုင်းသိုက် ဖြစ်သည်ဟု ဘူမိဗေဒ မှတ်တမ်းများအရ သိရသည်။ အဆိုပါ သတ္တုရိုင်းများသည် ဆာပင်တင်နိုက် ကျောက်များနှင့် တွဲဖက်ဖြစ်ပေါ်နေပြီး သန့်စင်ပြီး နီကယ်သတ္တုရိုင်း တန်ချိန်တစ်သန်းခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ မှတ်တမ်းများတွင် ခန့်မှန်းထားသည်။ စစ်ကိုင်းတိုင်း တကောင်းမြို့ အနီးမှ ထွက်ရှိသော တကောင်းတောင်ရှိ နီကယ်သတ္တုရိုင်းသိုက်သည် မြွေတောင်ဖားတောင် နီကယ်သတ္တုရိုင်းသိုက်ထက် ပိုမိုသေးငယ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။ "အရင်အစိုးရတွေ လက်ထက်က ချင်းပြည်နယ်ဟာ ဘာမှမထွက်ပါဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ အခုဆိုရင် ချင်းပြည်နယ် ကိုးမြို့နယ်မှာ ရှစ်မြို့နယ်အထိ သယံဇာတတွေ ထွက်နေတယ်လို့ သိရပါတယ်။ ဘယ်လောက်အတိုင်းအတာအထိ ထုတ်လုပ်မလဲ မသိဘူး။ ဘယ်အချိန်အထိ ထုတ်လုပ်မလဲ မသိဘူး။ ဘယ်လိုစာချုပ်မလဲ မသိဘူး။ နီကယ်တစ်ခုတည်း ထွက်တာလား တခြားသတ္တုတွေရော ထွက်တာလား မသိဘူး။ ထွက်ရှိလာတဲ့ ပစ္စည်းကို တိတိကျကျ ကျွန်တော်တို့ သိရမယ်။ ပြောရရင် ပွင့်လင်းမြင်သာမှု မရှိဘူး။ ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်း လုပ်စဉ်ကာလတုန်းက အဲဒီကမြေကြီးတွေ အကုန်ကားနဲ့တိုက်သွားတယ်။ ကျောက်ခဲတစ်လုံးတောင် မချန်ဘူး။ ဘာကြောင့်လဲ အဲဒီမြေမှာ ရွှေရှိတယ်လေ။ အခုတော့ အဲဒီစီမံကိန်းကို ဒီအစိုးရ လက်ထက်မှာ ခေတ္တနားထားတယ်။ မြွေတောင်ဖားတောင်မှာလဲ တခြားသတ္တု ဘာရှိသလဲ။ ရှိရင်လည်း ရှိတဲ့သတ္တုကလည်း တန်ဖိုးဘယ်လောက်ရှိလဲ ကျွန်တော်တို့ မသိဘူး။ ပတ်ဝန်းကျင်ကိုရော ထိခိုက်မှု ရှိမလား။ လုပ်မယ့်ကုမ္ပဏီနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေနဲ့ အကြိမ်ကြိမ် ညှိနှိုင်းပြီးတော့မှ သဘောတူပြီးမှ လုပ်မှကောင်းမယ်" ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦး စတီဗင်သာဘိတ်က ပြောကြားခဲ့သည်။ မြွေတောင်၊ ဖားတောင် စီမံကိန်းကို တူးဖော်မည်ဆိုသော North Mining Investment Company ၏ မှတ်တမ်းများအရ အဆိုပါ မြွေတောင်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်သော နီကယ်နှင့် သံသတ္တုရိုင်း သုံးခုကို ရှာဖွေတွေ့ရှိထားပြီး သတ္တုရိုင်းသိုက် သုံးခုတွင် ပျမ်းမျှနီကယ်ပါဝင်မှု ၁ ဒသမ ၄ ရာခိုင်နှုန်းရှိသော သတ္တုရိုင်း စုစုပေါင်း မက်ထရစ်တန်ချိန် ၄၂,၂၁၀,၀၀၀ ခန့်ရှိနိုင်ပြီး သန့်စင်ပြီး နီကယ်မက်ထရစ်တန်ချိန် ၅၉၅,၀၀၀ သာ ထုတ်ယူရရှိမည်ဟု ခန့်မှန်းထားပါသည်။

No comments: