Wednesday, September 18, 2013

ရေနံမှော်အရေး

စက်တင်ဘာ ၁၆ ရက်၌ နောက်ဆုံးဖယ်ရှားရန် ကြေညာထားသည့် ထန်းကိုင်းရေနံမှော် တရားဝင် လုပ်ကိုင်ခွင့်ရရန် နိုင်ငံတော်သမ္မတထံ တင်ပြထား စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား၍ ရေနံမှော်အတွင်း လုပ်ကိုင်နေသူအားလုံး အပြီးထွက်ခွာရန် ကြေညာခံခဲ့ရသော မကွေးတိုင်း မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်တွင် ယင်းနေ့ကျော်သည်အထိ လုပ်ငန်းများ ပုံမှန်အတိုင်း လုပ်ကိုင်လျက်ရှိပြီး အခြားမှော်များနည်းတူ တရားဝင်လုပ်ကိုင်ခွင့် ရရှိရန် မှော်အတွင်း ရေနံတူးဖော်နေသူ အယောက် ၂၀၀၀ ကျော် စုပေါင်းလက်မှတ်ထိုးကာ စက်တင်ဘာ ၁၃ ရက် ရက်စွဲဖြင့် တင်ပြထားကြောင်း ထန်းကိုင်းမှော် တရားဝင်တူးဖော်ခွင့် ရရှိရေး ကော်မတီဝင်များမှ သိရသည်။ မြန်မာနိုင်ငံ ဒေသအနှံ့မှ လူဦးရေ နှစ်သိန်းကျော်ခန့် လာရောက်လုပ်ကိုင်နေသည့် ယင်းမှော်မှ သတ်မှတ်ရက်အတိုင်း အပြီးထွက်ခွာရန် စက်တင်ဘာ ၉ ရက်က သရက်ခရိုင် ရဲမှူးကြီးမှ မည်သည့်ဌာန၏ ထုတ်ပြန်စာဟု မသိရသည့် ကြေညာစာ ထုတ်ခဲ့သောကြောင့် စက်တင်ဘာ ၁၀ ရက် ရက်စွဲဖြင့် ပြည်ထဲရေးဝန်ကြီး ဦးကိုကိုထံသို့လည်း အဆိုပါ ကော်မတီမှ တင်ပြထားခဲ့ကြောင်း သိရသည်။ "မှော်ထဲမှာ လာလုပ်သူတွေက ရာသီဥတု ဖောက်ပြန်ပြီး ကိုယ့်နယ်မှာကို စိုက်ပျိုးရေး အဆင်မပြေသူတွေများတယ် ရေနံတူးတာ တရားမ၀င်ဘူးဆိုတာ သိလို့လည်း မင်းလှမြို့နယ်ထဲက အခြားမှော် နှစ်ဆယ်ကျော်လောက်လိုပဲ ကုမ္ပဏီနဲ့ဖြစ်ဖြစ် နိုင်ငံတော်က တိုက်ရိုက်ကိုင်တွယ် ပြီးတော့ဖြစ်ဖြစ် တရားဝင် လုပ်ကိုင်ခွင့် ရချင်တာပါ။ အခုလို တရားမ၀င်ဘူး ဆိုပေမယ့် နားလည်မှုနဲ့ တူးနေရတာလည်း ကျွန်တော်တို့အတွက် လုံခြုံမှု မရှိသလို နိုင်ငံတော်က အမှန်တကယ် ရရှိရမယ့် အခွန်တွေ သယံဇာတတွေ ဆုံးရှုံးတာတွေလည်း ရှိတယ်" ဟု ယင်းမှော်အတွင်း ရေနံတူးနေသူ တစ်ဦးက ပြောကြားသည်။ ကြေညာစာ ထွက်ပြီးနောက်ပိုင်း မှော်အတွင်းမှ ဈေးဆိုင်အနည်းငယ်သာ ထွက်ခွာသွားခဲ့ပြီး ရေနံတူးဖော်သူများမှာ ပုံမှန်အတိုင်း လုပ်ကိုင်လျက်ရှိပြီး တရားဝင် တူးဖော်ခွင့်ရှိရန် ဆန္ဒထုတ်ဖော်ခွင့်အတွက် စက်တင်ဘာ ၁၆ ရက်က မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ တင်ပြထားကြောင်း သိရသည်။ (ထန်းကိုင်းရေနံမှော် အတွင်းပိုင်းအား တွေ့ရစဉ်)

No comments: