Tuesday, September 24, 2013

လူမျိုးအချင်းချင်းကူညီသည်

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ခြေတဖက်ဆုံးရှုံးကာ ဒုက္ခိတဖြစ်ခဲ့ရပြီး မဲဆောက် နှင့် မယ်ဆိုင် မှားကာ ရောက်ရှိလာသည့် မြန်မာနိုင်ငံသားတစ်ဦးအား တာချီလိတ်မှ စေတနာရှင်များက နေရပ်သို့ ပြန်ပို့ 24.9.2013 မွန်ပြည်နယ်၊ မုတ္တမမြို့နယ်၊ အမှတ်(၂) ဇတ်ဆိပ်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်နိုင်စိုး (ခ) စောလှနိုင်သည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာခြံတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်၌ ထိခိုက်ဒဏ်ရာ ရရှိပြီး ညာဖက်ခြေထောက်၏ ဒူးအောက်ပိုင်း ပြတ်တောက်သွားသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး နေရပ်ဇာတိသို့ ပြန်ရန်အတွက် မဲဆောက်နှင့် မယ်ဆိုင် မှားပြီး တာချီလိတ်မြို့သို့ ရောက်ရှိလာရာ "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ နေရပ်သို့ ပြန်နိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးလိုက်ကြောင်း သိရသည်။ ကိုမောင်နိုင်စိုးသည် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာခြံတွင် အလုပ်လုပ်နေရင်း လုပ်ငန်းခွင်၌ ထိခိုက်မိရာမှ ညာဖက်ခြေထောက်၏ ဒူးအောက်ပိုင်း ပြတ်တောက်သွားရာ အလုပ်ရှင်မှာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ကူညီမဲ့သူမရှိတော့သည့်အတွက် အခက်အခဲဖြစ်နေရာ နေရပ်ဇာတိဖြစ်သော မုတ္တမမြို့သို့ ပြန်ရန်အတွက် ထိုင်းနိုင်ငံ တောင်ပိုင်းမှ ထွက်ခွာလာရာ တာချီလိတ်သို့ စက်တင်ဘာလ ၁၇ရက်နေ့က ရောက်ရှိလာခဲ့ပြီး မဇ္ဈိမလူမှုကူညီရေးအသင်း နှင့် တွေ့ဆုံရာမှ အဆိုပါ အသင်းမှ ကူညီမှုများပေးခဲ့ပြီး "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ"နှင့် တွေ့ဆုံပေးခဲ့ကြောင်း သိရသည်။ တာချီလိတ်မှတဆင့် မုတ္တမမြို့သို့ ပြန်နိုင်ရန်အတွက် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးကော်မတီ" မှ လေယာဉ်လက်မှတ်ခ ၉၅၀၀၀ ကျပ် နှင့် ၅၀၀၀၀ ကျပ်၊ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ၇၀၀၀၀ကျပ်၊ ဒေါ်စိုးဥမ္မာ၊ ဦးစည်သူမောင်+ဒေါ်နန်းကြာဖြူ နှင့် ဦးမောင်လှ တို့မှ စုစုပေါင်း ၂၀၀၀ ဘတ် ပံ့ပိုးကူညီခဲ့ကြသည်။ "ကျွန်တော်က မုတ္တမမြို့ကို ပြန်ဖို့ ထိုင်းနိုင်ငံ တောင်ပိုင်းကနေ ထွက်လာတော့ မဲဆောက်ကို ပို့ပေးပါလို့ ထိုင်းဘာသာစကားနဲ့ ကားသမားကို ပြောတာ၊ ကားသမားက ကျွန်တော်စကားမပီတာကို နားကြားလွဲပြီး မယ်ဆိုင်ကို ပို့ပေးခဲ့တော့ တာချီလိတ်ဘက်ကို ရောက်လာတာပါ၊ တာချီလိတ်ကို ရောက်လာတော့ မမျှော်လင့်ပဲ ကျွန်တော့်ကို ကူညီပေးကြတဲ့သူတွေ အများကြီးရှိတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်လို့ ပြောပါရစေဗျာ"ဟု ကိုမောင်နိုင်စိုးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။ ကိုမောင်နိုင်စိုးအနေဖြင့် ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ထောက်ခံစာ ပြုလုပ်ပေးလိုက်ပြီး ကြက်ခြေနီတပ်ဖွဲ့မှ ဦးစီးမှူး၊ ဒုတိယတန်း ဦးဘမိုးမြင့်က ကိုမောင်နိုင်စိုးအား မုတ္တမတွင် ခြေတုတပ်ဆင်နိုင်ရန်နှင့် အဆိုပါမြို့ရှိ ကြက်ခြေနီတပ်ဖွဲ့မှလည်း ဆက်လက်ကူညီမှုများ ပေးနိုင်ရန်အတွက် ထောက်ခံစာများပြုလုပ်ပေးလိုက်ကြောင်း သိရသည်။ အခက်အခဲဖြစ်နေသော ကိုမောင်နိုင်စိုးအား ကော်မတီဝင်များက စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။ " မဲဆောက်လို့ ပြောတာကို မယ်ဆိုင်လို့ ကားသမားနားကြားလွဲတာ ဒီကောင်လေးအတွက် ကံကောင်းတာပဲ၊ ဒီမှာ သူ့အတွက် အစစအရာရာ ကူညီပေးမဲ့လူတွေရှိတော့ သူ့အတွက် အဆင်ပြေသွားတယ်။ ကျွန်တော်တို့ ကော်မတီက သူ့ကို လေယာဉ်ပေါ်ထိ လိုက်ပါ ပို့ဆောင်ပေးလိုက်ပါတယ်"ဟု ကော်မတီဝင်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။ တာချီလိတ်အွန်လိုင်း ထိုင်းနိုင်ငံ တောင်းပိုင်းမှ ဒုက္ခရောက်လာသူ မြန်မာနိုင်ငံသားတစ်ဦး

No comments: