Wednesday, November 25, 2015

တော်ဝင်နှင်းဆီဦးစိုးညွန့်နှင့်ဗဟန်း NLD အနိုင်ရအမတ်ကိုဒေါက်တာညိုညိုသင်းအမှုဖွင့်

တော်ဝင်နှင်းဆီဦးစိုးညွန့်နှင့်ဗဟန်း NLD အနိုင်ရအမတ်ကိုဒေါက်တာညိုညိုသင်းအမှုဖွင့်

ရန်ကုန်၊နိုဝင်ဘာ၂၄

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် ဆန္ဒမဲပေးခြင်းပျက်ပြားစေရန်ရေးသားဖြန့်ဝေမှု ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ၅၈(ယ)ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ မြို့နယ်အောင်နိုင်ရေးအထူးတာဝန်ခံ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)နှင့် အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမြင့်တို့ကို ယင်းမြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူ ဒေါက်တာညိုညိုသင်းကအမှုဖွင့်တိုင်ကြားထားကြောင်း ယင်းမြို့နယ်စခန်းမှူးဒုရဲမှူးအေးမင်းသိန်းကပြောသည်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွင် ဗဟန်းမြို့နယ်တွင်ဖြန့်ဝေခဲ့သော “ဘာကြောင့်ဦးထွန်းမြင့်ကိုမဲပေးသင့်သလဲ”စာအုပ်တွင်ဒေါက်တာညိုညိုသင်းအား ရွေးကောက်ပွဲဆိုင်ရာအခွင့်အရေးကိုထိခိုက်စေရန်လည်းကောင်း၊ဆန္ဒမဲလျော့နည်းစေရန်အတွက်လည်းကောင်း၊မဲဆန္ဒရှင်ပြည်သူများထင်ယောင်ထင်မှားဖြစ်စေရန်လည်းကောင်း စာအုပ်များ၊လက်ကမ်းစာစောင်များကိုဗဟန်းမြို့နယ်တွင်ဖြန့်ဝေခဲ့သဖြင့် နိုဝင်ဘာလ၂၄ရက်နေ့က ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ၅၈(ယ)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှသိရသည်။

ယင်းစာအုပ်တွင်၂၀၁၀ရွေးကောက်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်သည်ဦးခွန်သာမှတစ်ဆင့်ဒေါ်ညိုညိုသင်းနှင့်ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြင့်ကြည်တို့၏ ဒီမိုကရက်တစ်ပါတီအား ဗဟန်းမြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ငွေကျပ်(၁၀)သိန်းပေးခဲ့ကြောင်းထည့်သွင်းရေးသားခဲ့ကြောင်း ယင်းမြို့နယ်တွင်တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာညိုညိုသင်းကပြောသည်။

“ အဲ့စာအုပ်ထဲမှာရေးသားဖော်ပြခဲ့တာ ကျွန်မကိုထိခိုက်လို့ကျွန်မကဖြစ်စဉ်ကိုပဲရဲစခန်းတိုင်တာပါ၊ ပုဒ်မတပ်တာကတော့ရဲစခန်းကတပ်တာပါ ”ဟုဒေါက်တာညိုညိုသင်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး၂၀၁၅ရွေးကောက်ပွဲ၌ ဗဟန်းမြို့နယ်တွင်အနိုင်ရခဲ့သောပြည်သူ့လွှတ်တော်ဦးထွန်းမြင့်ကစာအုပ်ရေးသားဖြန့်ဝေခြင်းသည် အောင်နိုင်ရေးအဖွဲ့ဝင်များနှင့်သာ သက်ဆိုင်ကြောင်းပြောကြားသည်။

“ကျွန်တော်တို့ရေးတဲ့အထဲမှာသူ့ကိုပေးခဲ့တယ်လို့မပါဘူး၊ဦးသုဝေကိုပေးခဲ့တယ်ဆိုတာပဲပါတယ်၊ ဦးသုဝေကလည်း လက်ခံပါတယ်၊ဒီစာအုပ်ကိုဘာလို့ရေးပြီးဖြန့်ဝေတာလဲဆိုတော့ သူက NLDပါတီဝင်တွေကိုမဲပေးပါ၊ပြည်သူ့လွှတ်တော်နေရာမှာတော့သူ့ကိုမဲပေးပါဆိုပြီး မဲဆွယ်နေတော့မဲဆန္ဒရှင်ပြည်သူတွေထင်ယောင်ထင်မှား ဖြစ်မှာစိုးရိမ်လို့အမှန်အတိုင်းရေးသားခဲ့တာပါ”ဟု ယင်းမြို့နယ်အောင်နိုင်ရေးအထူးတာဝန်ခံ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ)ကရှင်းပြသည်။

ဦးစိုးညွှန့်(တော်ဝင်နှင်းဆီ)ရေးသားဖော်ပြခဲ့သောစာအုပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေချိန်တွင်ဦးခွန်သာမြင့်မှတစ်ဆင့် ဦးစိုးညွှန့်ကို၂၀၁၀ခုနှစ် အထွေထွေရွေး ကောက်ပွဲကာလတွင် ဗဟန်းမြို့နယ်၌ ဒီမိုကရက်တစ်ပါတီအောင်နိုင်ရေးအတွက်လုပ်ဆောင်ပေးရန်၊ ဦးသုဝေကိုလည်းငွေကျပ်၁၀သိန်းထောက်ပံ့ရန်ညွှန်ကြားသဖြင့် အောင်နိုင်ရေးရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက်ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှရန်ကုန်တိုင်းဒေသကြီးတွင်ဝင်ရောက်အရွေးကောက်ခံခဲ့သည့်ဒေါ်ညိုညိုသင်းနှင့်ဦးမြင့်ကြည်တို့သည် ဦးစိုးညွန့်တို့ထောက်ခံမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းပါရှိသည်။

ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးသုဝေက ဦးစိုးညွှန့်သည်ငွေကျပ်၁၀သိန်း အောင်နိုင်ရေးအတွက်လှူဒါန်းခဲ့ခြင်းသည် မှန်ကန်ကြောင်းအတည်ပြုပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်သောရွေးကောက်ပွဲရလဒ်များအရ ဗဟန်းမြို့နယ်ရှိလွှတ်တော်သုံးနေရာစလုံးတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကအနိုင်ရရှိခဲ့သည်။


No comments: