(တောင်ကြီး၊ ဒီဇင်ဘာ ၂၂)
တောင်ကြီးမြို့နယ်၊ ရွှေညောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၂၇/၄၄၇ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသော တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ ရေပူကျေးရွာနေ တောင်သူများအား ယနေ့ ဒီဇင်ဘာလ ၂၂ ရက် ညနေပိုင်းတွင် တောင်ကြီးမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ရာ တောင်သူ ၇၂ ဦးကို ထောင်ဒဏ် တစ်လစီ ကျခံစေရန်နှင့် အသက်မပြည့်သေးသည့် လူငယ်တစ်ဦးကို ဒဏ်ငွေ ၅၀၀ ကျပ်၊ အသက် ၇၀ ကျော်သူ ၅ ဦးကို ဒဏ်ငွေ ၂ သောင်းစီ ပေးအပ်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အမိန့်ချမှတ်သောနေ့တွင် တရားရုံးသို့ လာရောက်အစစ်ဆေး မခံသည့် တောင်သူ ၃ ဦးကိုလည်း တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ တောင်သူများသည် ဘိုးဘွားပိုင် တောင်ယာမြေများကို တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခံရသည်ဟုဆိုကာ မြေယာများ ပြန်လည်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်မှုများကို ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည်။
တောင်သူများအား ၂၀၁၅ ခုနှစ်၊ မေလခန့်က ပိုင်နက်ကျူးကျော်မှု၊ အကျိုးဖျက်စီးမှုတို့ဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်နီဘက်စုံစိုက်ခင်း တာဝန်ခံအရာရှိမှ တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်သူများအား ယနေ့ညနေ ၄ နာရီခန့်တွင် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ တောင်ကြီးအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Kanbawza Tai News Journal


No comments:
Post a Comment