Wednesday, November 23, 2016

Wifi Broadband အင်တာနက်ဝန်ဆောင်မှုပေးနေသည့် Myanmar Net မှ စီအီးအို ဦးဝေလင်းထွန်းနှင့် တွေ့ဆုံခြင်း

‘‘၉၈ ရာခိုင်နှုန်းသော အိမ်တွေက အ၀သုံးအင်တာနက်ရှိမနေပါဘူး’’

ဦးဝေလင်းထွန်း (ဓာတ်ပုံ-မြင့်ကျော်လှိုင်)

Wifi Broadband အင်တာနက်ကို မြို့တွင်း ခြောက်မြို့နယ်၌ ၀န်ဆောင်မှုပေးနေသည့် Myan- mar Net သည် အသုံးပြုသူ တစ် သိန်းကျော် ပိုင်ဆိုင်ထားပြီဟု ကြေညာခဲ့သည်။ ယနေ့ ခေတ်စား လာသည့် Broadband အင်တာ နက်သည် ၂၀၁၇ အတွင်း ပြိုင်ဆိုင် မှုအားကောင်းလာမည့် ဈေးကွက် လည်းဖြစ်သည်။ အင်တာနက်ဝန် ဆောင်မှုပေးအပ်ရန် အစိုးရထံမှ Spectrum ၀ယ်ယူခြင်းမရှိဘဲ Free Band ကို အသုံးပြုပြီး Wifi အင်တာနက်ကွန်ရက်ကို တည် ဆောက်ထားသည့် Myanmar Net စီအီးအို ဦးဝေလင်းထွန်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို 7Day News Journal က ပြန်လည်ဖော်ပြလိုက်သည်။

အခုဆိုရင် Myanmar Net ကွန် ရက်ကို မြို့တွင်း ခြောက် မြို့နယ် မှာ အကောင်အထည်ဖော်ဆောင်ထားတယ်လို့ သိရတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ဆက်လက်အကောင်အထည်ဖော်မယ့် မြို့နယ်တွေကို သိလို့ရနိုင်မလား။

၂၀၁၇ မှာ ရန်ကုန်မြို့ရဲ့ တစ်ဝက်ကို ကာဗာဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဓိက ဆက်သွားမယ့် မြို့နယ်တွေက မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်း၊ စမ်းချောင်း၊ ကြည့်မြင် တိုင်ပေါ့။ ဒီမြို့နယ်တွေအပြင် မြို့ နယ်တစ်ဝက်လောက်ကို ကာဗာ ဖြစ်ဖို့ ကြိုးစားပါ့မယ်။

Wifi Broadband ကွန်ရက် တည်ဆောက်ရတာ တခြားကွန်ရက်တွေထက်စာရင် ကုန်ကျစရိတ် အရမ်းသက်သာတယ်လို့ သိရပါတယ်။ ဒီကွန်ရက်အတွက် Myanmar Net က ဘယ်လောက် ရင်းနှီးမြှုပ်နှံထားပါလဲ။

အတိအကျတော့ မပြောပါဘူး။ ဒေါ်လာသန်းပေါင်းများစွာတော့ ရင်းနှီးမြှုပ်နှံဖို့လိုပါတယ်။ ရန်ကုန်တစ်မြို့စာအတွက်ပေါ့။ အခုလည်း ကျွန်တော်တို့ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ထပ်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံပါ့မယ်။

လက်ရှိအသုံးပြုနေတဲ့ နည်းပညာကကိုယ်ပိုင်တီထွင်ထားတဲ့ ခေတ်မီနည်းပညာဖြစ်တယ်လို့ သိရပါတယ်။ ဒါက ဘာကို ပြောချင်တာပါလဲ။

ကမ္ဘာမှာက Wifi ကို Hotspot လေးတွေနဲ့ လုပ်ကြတယ်။ ကျွန်တော်တို့ သုံးတာက ကြိုးပျောက်ပြီးတော့ တစ်မြို့လုံး ဖြန့်ကြက်လို့ရတဲ့ နည်းပညာပေါ့။ ပြီးတော့ကျွန်တော်တို့က Capacity ကို အဓိကထားပြီးလုပ်တာပေါ့။ အိမ်တွေမှာ Mbps များများ အသုံးပြုနိုင်တဲ့ နည်းပညာကို ဆိုလိုတာပါ။

Broadband အင်တာနက်ပေးဖို့ သူများတွေက Spectrum ကို ဒေါ်လာသန်းရာချီပြီးတော့ ပေးခဲ့ရ တယ်။ Myanmar Net က Broadband အတွက် အစိုးရကို ပိုက်ဆံမပေးခဲ့ဘူး။ ဒီတော့ အစိုးရနဲ့ကြားမှာ ဘယ်လိုမျိုးနားလည်မှုတွေရှိပါလဲ။

ကမ္ဘာမှာ Spectrum က နှစ်မျိုးရှိပါတယ်။ လိုင်စင် Spectrum ဆိုတာရှိတယ်။ လိုင်စင် Spec- trum ရဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ပဲ ဒါကို သုံးခွင့်ရှိတယ်ဆို ပြီးတော့ ဖြစ်ပါတယ်။ တခြားလူသုံးခဲ့ရင် နိုင်ငံတော်က ကာကွယ် ပေးရမယ်။ ပိုက်ဆံပေးထားတဲ့အတွက် တရားစွဲခွင့်ရှိတယ်။ သူတို့က Transmit Power တွေ ကြိုက်သလောက် လွှင့်ခွင့်ရှိတယ်။ တခြားလူနဲ့လည်း ညှိစရာမရှိဘူး။ ဒါက သူတို့အားသာချက်ပေါ့။ နည်း ပညာပိုင်းလုပ်ချင်တာလုပ်လို့ ရသွားတယ်။ အဲဒီအတွက် ပိုက်ဆံပေးရတယ်။ ဒုတိယပိုင်းကတိုင်း ပြည်တိုင်းမှာ Wifi သုံးတဲ့ Band ကို Unlicence လို့ခေါ်တယ်။ ဒါ တော့ တစ်ယောက်တည်း မိုနိုပိုလီလုပ်လို့မရဘူး။ လူတိုင်းသုံးလို့ရတယ်။ ပိုက်ဆံမပေးတော့ နည်းပညာမှာ အားလုံးမျှသုံးလို့ရအောင် လုပ်ရတယ်။ Power ကို Tran- smit လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သူတို့က ဝေးတာကို ကာဗာလုပ်နိုင်တယ်။ ကျွန်တော်တို့က နီးတာကိုပဲ ကာဗာလုပ်နိုင်ပါတယ်။ သူတို့တွေက နောက်ထပ် သန်းရာပေါင်းများစွာကို တကယ်ရင်းနှီး မြှုပ်နှံနိုင်မှ LTE ကွန်ရက်ကြီး အဆင်ပြေမှာဖြစ်ပါတယ်။သူတို့က နည်းနည်းရောင်းတယ်။ ဈေးကြီးတယ်။ အရည်အသွေးကောင်း တယ်။ ဈေးအတွက် အရေးကြီးဆုံးက လိုင်စင်ကြေးမဟုတ်ပါဘူး။ Equipment ကြေးတွေဖြစ်ပါတယ်။

အင်တာနက်ကွန်ရက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီရဲ့ အရင်းအမြစ်က Bandwidth ပါပဲ။ Myanmar Net ရဲ့ Bandwidth က ဘယ်ကနေရ ယူထားတာပါလဲ။ Bandwidth ပမာဏဘယ်လောက် ပိုင်ဆိုင်ထားပါလဲ။

ကျွန်တော်တို့ Bandwidth တွေက ဘယ်ကလာလဲဆိုတော့ နယ်စပ်ကနေသွားတယ်။ တော်တော်များများက ထိုင်း၊ စင်ကာပူဘက်ကနေ ထွက်တာပေါ့။ လွန်ခဲ့တဲ့ နှစ်လအထိ ပြောမယ်ဆိုရင် International Capacity ကို ပြန် ၀ယ်ရတယ်။ အများဆုံးဝင်လာတာကတော့ မြ၀တီဘက်ကပါ။ International Gateway Facility လိုင်စင်ကို နည်းဥပဒေအရ ကျွန် တော်တို့တွေက လျှောက်ခွင့်ရ သွားပြီ။ ကျွန်တော်တို့ မျှော်လင့်ချက်က နှစ်လသုံးလအတွင်းမှာ လိုင်စင်ရပါမယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ အော်ပရေတာဆီက ၀ယ်စရာမလိုဘဲနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ချိတ်ဆက်ပြီးဝယ်လို့ရ မှာပါ။ မှန်းလို့ရလောက်ပါပြီ။ ကျွန်တော်တို့ ဈေးသက်သာလာမယ်။ ကျွန်တော်လည်း ဈေးထပ်ချမယ်။ အခုပိုင်ဆိုင်တဲ့ Bandwidth ပမာဏကိုတော့ မပြောနိုင်သေးပါဘူး။

အော်ပရေတာတွေကလည်း Broadband အင်တာနက်ပေး မယ်။ Spectrum လိုင်စင်ရတဲ့ ကုမ္ပဏီလေးခုကလည်း ပေးကြ မယ်။ Wifi Broadband ကိုလည်း ပေးကြမယ်။ Broadband ဈေး ကွက်ရဲ့ ပြိုင်ဆိုင်မှုက ရှေ့ဆက် ဘာဖြစ်လာမလဲ။

ကျွန်တော်တို့ဈေးကွက်က အကျယ်ကြီးပါ။ ၉၈ ရာခိုင်နှုန်းသော အိမ်တွေက အ၀သုံးအင်တာ နက်ရှိမနေပါဘူး။ ကျွန်တော့်ကို လာပေးရင်လည်း ၁၀၀ ရာခိုင်နှုန်း အဲဒီဈေးကွက်ကို ကျွန်တော်မဖြည့်ပေးနိုင်ပါဘူး။ အခုလေးယောက် တက်လာတာကောင်းပါတယ်။ သူတို့က Coverage ပိုမြန်ပါလိမ့်မယ်။ ကျွန်တော် နေပြည်တော်ကို ရောက်ဖို့ကြာမယ်။ သူတို့က နေပြည်တော်ကို အရင်ရောက်မယ်။ ကမ္ဘာပေါ်မှာ နည်းပညာတစ်ခုတည်းနဲ့ မပြီးပါဘူး။ လိုအပ်တဲ့အချိန်မှာ ကျွန်တော်ရှိနေရမယ်။ ကျွန်တော်မရှိရင် ဒီဈေးကွက်မှာ ရှုံးသွားပြီ။ တချို့နေရာတွေမှာ ကျွန်တော်တို့ နံပါတ်(၁) ဖြစ် ကောင်းဖြစ်မယ်။ တချို့နေရာတွေမှာ ကျွန်တော်တို့ ရှိချင်မှတောင်ရှိမယ်။ စားသုံးသူအတွက်ကတော့ တစ်ယောက်မကောင်း တစ်ယောက်ဆီ ဆက်ပြီးသုံးကြမှာပါ။

ကျေးဇူးတင်ပါတယ်။

No comments: