Saturday, July 2, 2016

ပြည်သူတို့၏တိုင်ကြားစာများ သက်သေ အထောက်အထားမပြည့်စုံ၍ ဖြေရှင်းရန်ခက်နေ

လွှတ်တော်ကိုယ်စား လှယ်များနှင့် ပတ်သက်ပြီး ပြည် သူများထံမှ တိုင်ကြားစာ ၃၀ ခန့်ရရှိထားသော်လည်း အချို့သော တိုင်စာများမှာ ခိုင်လုံသော သက်သေအထောက်အထားမပြည့်စုံသဖြင့် ကိုင်တွယ်ဆောင်ရွက်ရာတွင် ခက်ခဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။


လွှတ်တော်ကိုယ်စားလှယ် များ၏ ပြုမှုဆက်ဆံပုံများနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိ၍ တိုင်ကြားထားသော တိုင်စာအချို့တွင် သက်သေအထောက်အထားအားနည်း ခြင်းနှင့် တိုင်ကြားသူကို ပြန်လည် ဆက်သွယ်မေးမြန်းရန် ဆက်သွယ်ရမည့် လိပ်စာ (သို့မဟုတ်) ဖုန်းနံပါတ်တို့ ဖော်ပြထားမှုမရှိကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တိုင်ကြားစာဌာနကို ပြီးခဲ့ သည့် ဖေဖော်ဝါရီက ဖွဲ့စည်းခဲ့ပြီး လက်ရှိအထိ တိုင်ကြားစာ ၅၀ ခန့်ရရှိထားကာ လွှတ်တော်ကိုယ်စားလှယ်အချို့ကို တိုင်ကြားထားမှု အစောင် ၃၀ ခန့်ရှိသည်။

တိုင်တန်းသူများထံ သက် သေအထောက်အထားခိုင်လုံမှုရှိ၊ မရှိ တိုင်ကြားစာလက်ခံဌာနက ဆက်သွယ်ကာ စိစစ်မှုများပြုလုပ် ပြီးနောက် သက်သေအထောက် အထားခိုင်လုံသည့် ဖြစ်ရပ်မှန်ဖြစ် ပါက တိုင်ကြားခံရသူကို အရေး ယူနိုင်ရန် ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့သို့ တင်ပြရသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

တိုင်စာများတွင် အဓိကပါ ၀င်သည့် အကြောင်းအရာများ သည် လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်စဉ်က လုပ်ဆောင် ချက်အချို့ကို ဖော်ထုတ်တိုင်တန်း ခြင်း၊ လူမှုဆက်ဆံရေးအဆင်မ ပြေမှုနှင့် မောက်မာမှုများကို တိုင် တန်းခြင်း၊ လွှတ်တော်ကိုယ်စား လှယ်နှင့် ပါတီ၏ မြို့နယ်အလုပ် အမှုဆောင်အဖွဲ့များအကြား ပူး ပေါင်းဆောင်ရွက်မှုအားနည်း ခြင်းစသည်တို့ဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်ထံမှ သိရသည်။

ပါတီ၏ လွှတ်တော်ကိုယ် စားလှယ်များကို တိုင်ကြားရာတွင် သက်သေအထောက်အထားအ ပြည့်အစုံနှင့် တိုင်ကြားသူများအားပြန်လည်ဆက်သွယ်နိုင်ရန် နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်များကို တိုင်စာ၌ ထည့်သွင်းရန် လိုအပ်ပြီး ရန်ကုန်မြို့၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်ရုံးသို့ လိပ်မူကာ တိုင်ကြားနိုင်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သဖြင့် လွှတ်တော်အသီးသီးတွင် နေရာအများစုရယူထားကာ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်ပြီး ကျေနပ်မှုမရှိပါက ပြည်သူများက တိုင်ကြားနိုင်ရန် တိုင်ကြားစာဌာနကို ဖွင့်လှစ်ခြင်းဖြစ်သည်။


No comments: