Saturday, July 2, 2016

သေနတ်သမားများ သိမ်းပိုက်ထားသည့် ကော်ဖီဆိုင်ကို ဘင်္ဂလားဒေ့ရှ်စစ်တပ် အင်အားသုံးစီးနင်း



ဒါကာမြို့တော်တွင် သေနတ်သမားများက ဓားစာခံများကို ဖမ်းဆီးထိန်းသိမ်းထားရာ ကော်ဖီဆိုင် တစ်ခုကို ဘင်္ဂလားဒေ့ရှ် စစ်တပ်က အင်အားသုံး စီးနင်းခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက် ဖြစ်စဉ်တွင် သေနတ်သမားများသည် ကော်ဖီဆိုင် တစ်ခုကို သိမ်းယူကာ ဓားစာခံ ၂၀ ဝန်းကျင်မျှကို ဖမ်းဆီးထားခဲ့သည်။ ထို့နောက်တွင်မူ စစ်တပ်က Holey Artisan Bakery Café ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းကာ အနည်းဆုံး ဓားစာခံ ၈ ဦးမျှကို ကယ်တယ်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ အခြား ဓားစာခံများ၏ ကံကြမ္မာကိုမူ တိတိကျကျ မသိရသေးချေ။

စစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းများမှာ အမျိုးမျိုး ရှုပ်ထွေးနေဆဲဖြစ်ပြီး စစ်တပ်မှ အနည်းဆုံး ၂ ဦး အကျအဆုံး ရှိခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ စစ်တပ်၏ Amaq သတင်းဌာနက သေဆုံးသူ အရေအတွက် စုစုပေါင်း ၂၄ ဦး ရှိခဲ့ကြောင်း ဖော်ပြသော်လည်း စစ်ဘက် တာဝန်ရှိသူများက အဆိုပါ အရေအတွက်ကို Reutersထံ အတည်ပြုချက်ပေးရန် ငြင်းဆိုခဲ့သည်။

သေဆုံးသူများတွင် အီတလီနှင့် ဂျပန်နိုင်ငံသားများလည်း ပါဝင်သည်ဟု ယုံကြည်ရသည်။ အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က အဆိုပါ အကြမ်းဖက်မှုကို မိမိတို့ ကျူးလွန်ခြင်းဟု ကြေညာခဲ့သည်။ တိုက်ခိုက်မှုတွင် သေနတ်သမား ၈ ဦး၊ သို့မဟုတ် ၉ ဦးမျှ ပါဝင်ခဲ့ပြီး ၎င်းတို့အားလုံးကို စစ်တပ်က သုတ်သင်ခဲ့သည်ဟု ယုံကြည်ရသည်။ မျက်မြင်များက တိုက်ပွဲဖြစ်နေချိန်တွင် သေနတ်သံများအပြင် ပေါက်ကွဲသံများကိုပါ ကြားနေရကြောင်း ပြောကြားခဲ့သည်။

“ညပိုင်းအထိ သေနတ်သံတွေ ဆက်တိုက် ကြားနေရတုန်းပဲ။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သေနတ်သံတွေ တဖြည်းဖြည်း ရပ်သွားတယ်”ဟု မြို့စောင့်တပ်၏ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ယူနစ်မှ မီဇာနာ ရာမန် ဘူဟီယန်က ပြောကြားခဲ့သည်။ ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းသည့် စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ် ကြည်းတပ်နှင့် ရေတပ်မှ ကွန်မန်ဒိုများက ဦးဆောင်ပြီး နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါ ပူးပေါင်းပါဝင်ခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်တွင် ပညာတတ်များ၊ Gayအခွင့်အရေး လှုပ်ရှားသူများ၊ လော်ကီရေးရာဝါဒ ဖြန့်ချိသူများကို အိုင်အက်စ်က ကျောထောက်နောက်ခံ ပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများက လုပ်ကြံသတ်ဖြတ်နေမှုကို အစိုးရက တုံ့ပြန် နှိမ်နင်းခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာ ကော်ဖီဆိုင်သည် လုပ်ငန်းရှင်ကြီးများ၊ သံအရာရှိများ၊ လူလတ်တန်းစား မိသားစုများ သွားလာလေ့ရှိသည့် နာမည်ကြီး နေရာတစ်ခုဖြစ်ပြီး နိုင်ငံခြားသား ဖောက်သည် အများအပြားလည်း ရှိနေကြောင်း သိရသည်။


No comments: