မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် ဇူလိုင် ၁၉ ရက်က ဝါဆိုသင်္ကန်းကပ်သည့် အလှူမှ ကျွေးသည့် ကြက်သားဒံပေါက်များ စားသုံးမိရာမှ လူ ၁၄၀ ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၁၇ ရက်က ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ မင်းဘာကြီးရပ်ကွက် အတွင်း ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ ထမင်းကြော် စားမိသော လူ ၆၀ ကျော် အစာအဆိပ်သင့်၍ အရေးပေါ် ဆေးရုံတင်ခဲ့ရသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင်လည်း ဇူလိုင် ၁၁ ရက်က မူလတန်းကျောင်းသား၊ ကျောင်းသူခြောက်ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။ အလားတူ ရန်ကုန်တွင်လည်း ဇူလိုင် ၁၃ ရက်က အစာ အဆိပ်သင့်သည့် လက္ခဏာဖြင့် အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရန်ကုန်တိုင်း)က ရောင်းချသည့် စားသောက်ဆိုင်နှင့် လူနာ၏အိမ်ကို စစ်ဆေးနေဆဲ ဖြစ်ပြီး တိကျသည့် အဖြေမထွက်သေးကြောင်း သိရသည်။ လူနာသေဆုံးမှုကို ရင်ခွဲစစ်ဆေး ထားသော်လည်း အဖြေမရသေးသဖြင့် ဖြစ်ပွားသည့် အကြောင်းရင်းကို မှတ်ချက် မပေးနိုင်သေးကြောင်း ရန်ကုန် ကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ဆိုသည်။
‘‘အစာအဆိပ်သင့်ခြင်း ဖြစ်ရတဲ့ အကြောင်းရင်းက နှစ်မျိုးရှိတယ်။ ရောဂါပိုးကြောင့်ဖြစ်တာ ရှိတယ်။ နောက် အစားအသောက်တွေမှာ ဓာတုပစ္စည်းတွေ ပါသွားတာကြောင့် ဖြစ်နိုင်တယ်။ ပိုးကြောင့်ဖြစ်တာက ချက်ချင်းမဖြစ်ဘူး။
ရောဂါပျိုးရက် ရှိတယ်။ ရောဂါပျိုးရက်ပြီးမှ လက္ခဏာ ပြလာတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး အကြွင်းအကျန်ပါတဲ့ အစာကို စားမိလို့ဖြစ်တာက နာရီပိုင်းအတွင်းမှာ လက္ခဏာပြတယ်’’ဟု ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဝင်းလွင်က ပြောသည်။
အစာအဆိပ် ဖြစ်စေနိုင်သည့် အကြောင်းရင်းများမှာ အစားအစာထဲတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ပရိုတိုဇိုးဝါးပိုး တစ်မျိုးမျိုး ပါနေလျှင် ယင်းအစားအသောက်ကို ကိုင်တွယ် ချက်ပြုတ်ရာ၌ အဆင်မသင့် ပါကလည်း
ဖြစ်ပွားနိုင်သည်။ များသောအားဖြင့် ဗက်တီးရီးယား ပိုးများကြောင့် အစာအဆိပ်သင့်မှု ဖြစ်နိုင်ပြီး ယင်းပိုးသည် ပူလောင်ပြီး စိုထိုင်းစ အခြေအနေကို ကြိုက်နှစ်သက်သည်။
‘‘အစားအသောက် တစ်ခုကို စားမယ်ဆိုရင် သူ့ရဲ့ အရောင်အဆင်း၊ အနံ့အရသာ၊ ရုပ်ဂုဏ်သတ္တိပျက်ရင် မစားပါနဲ့။ အိမ်မှာ ဟင်းကျန်ရှိနေရင် နွှေးလိုက်တယ်။ အနံ့လေး ပြောင်းနေတာကို နွှေးလိုက်တာ ကောင်းမယ်ဆိုပြီး ကိုယ်က ရလိုရငြား ပြုပြင်ကြည့် လိုက်တဲ့အခါမှာ အစားအစာထဲ ရောက်နေတဲ့ ပိုးက မသေဘဲ သူလိုချင်တဲ့ အပူချိန်ရသွားပြီး ပိုးက ပိုပေါက်ပွားလာတယ်။ ဒီအစာကို စားမိတဲ့သူက အစာအဆိပ်သင့်မှာပဲ’’ဟုဒေါက်တာဝင်းလွင်
က ပြောသည်။
ထို့ကြောင့် ရက်လွန် အစားအစာနှင့် သိုးနေသည့် ထမင်း၊ ဟင်းများစားသုံးခြင်း၊ မသန့်ရှင်းသော နို့နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်သည်။ အသားစိမ်း၊ ငါးစိမ်းများ၊ မကျက်တကျက် ချက်ပြုတ် ထားသော အသားနှင့် ပင်လယ်စာများ၊ အမှည့်လွန် အသီးများနှင့် မသန့်ရှင်းသော အိုးခွက်ပန်းကန်များ၊ မသန့်ရှင်းသော လက်ဖြင့် အစားအစာ ချက်ပြုတ် ပြင်ဆင်ခြင်းများသည် ရောဂါပိုးဝင်ရောက်၍ အစာအဆိပ်သင့် နိုင်သဖြင့် အထူးရှောင်ကြဉ်ရန် လိုသည်။
အစားအသောက် ချက်ပြုတ်ကိုင်တွယ်သူ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် လက်သန့်ရှင်းရေး သည်လည်း အရေးကြီးလှသည်။ တောရွာများတွင် အလှူမင်္ဂလာပွဲ လုပ်ပါက မိသားစုအားလုံးကို မီးခိုးတိတ် ကျွေးမွေးကြသည်။ သို့သော်အစားအစာ ပြင်ဆင်ချက်ပြုတ်သည့် ပုံစံ၌ လက်အိတ်၊ ခေါင်းဆောင်းမပါဘဲ ချက်ပြုတ်ပြင်ဆင်လေ့ ရှိကြသည်။ အစားအသောက် ချက်ပြုတ်ရာတွင် မသန့်ရှင်းသည့် အကျိုးဆက်ကြောင့် လူရာနှင့်ချီပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားတတ်သည်။
‘‘အစားအသောက် ကိုင်တွယ် ချက်ပြုတ်တဲ့သူရဲ့ သန့်ရှင်းမှုက အရေးကြီးတယ်။ မပြင်ဆင်ခင်မှာ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးရမယ်။ ပြည်တည်နာရှိရင် အစားအသောက် ပြင်ဆင်တာတွေ မလုပ်ရဘူး။ နှာစေး၊
ချောင်းဆိုး ဖြစ်နေရင် မကိုင်တွယ်ဖို့ လိုတယ်။ ရောဂါပိုးပါသွားရင် ပိုးက အစားအစာထဲမှာ ပွားပြီး အဆိပ်ထုတ်တယ်။ အဲဒီအစာကို စားမိတဲ့အခါ အစာအဆိပ်သင့်မှု ဖြစ်မယ်’’ဟု ဒေါက်တာဝင်းလွင်က ရှင်းပြသည်။
ထို့ပြင် လမ်းဘေး အစားအစာများ၏ သန့်ရှင်းမှု အားနည်းခြင်းသည်လည်း အစာအဆိပ်သင့်ခြင်း အန္တရာယ်ကို လက်ယပ်ခေါ်ယူ နေပြန်သည်။ ချက်ပြုတ်ရောင်းချရာတွင် အသုံးပြုသည့် ပစ္စည်းများ၏ အရည်အသွေးနှင့် ဓာတုဆိုးဆေးကင်းစင်မှု၊ ကိုင်တွယ်ချက် ပြုတ်ရောင်းချသူ၏ ရောဂါကင်းရှင်းမှု၊ အသုံးပြုမည့်ရေ၏ သန့်ရှင်းမှု စသည့် အချက်များက ကျန်းမာရေးနှင့် ညီညွတ်မှုကို မေးခွန်းထုတ်နေသည်။
‘‘ဗဟိုအမျိုးသမီး ဆေးရုံနားက ကြံရည်ဆိုင်က ကြံရည်ကို အိုဂျီအစ်မတစ်ယောက်က နေ့တိုင်း သောက်တယ်။ ရောင်းတဲ့သူရဲ့ လက်မှာ ဝဲတွေနဲ့။ ယင်ကောင်တွေ နားနေတဲ့ ကြံချောင်းကြီးကို စက်ထဲထည့်ခါနီးမှာ
ရေနဲ့လောင်းတယ်။ ရေခဲတုံးကြီးကို လမ်းဘေးမှာ ဒီအတိုင်း ချထားတာ။ ရေခဲတုံးကို ခွဲမယ်ဆိုမှ အဲဒီနားမှာ အိပ်နေတဲ့ ခွေးကို မောင်းထုတ် လိုက်တယ်။ ကြံရည်စက်ကို ဖွင့်လိုက်တော့ စက်ပေါ်မှာ နားနေတဲ့ ယင်ကောင်တွေ ပျံသွားတယ်။ ညှစ်ပြီးရလာတဲ့ ကြံရည်ကို ရေစစ်တစ်ခု ခံထားတဲ့ ခွက်ထဲ ထည့်လိုက်တယ်။ ကြံရည်က ခွက်ပြည့်ဖို့ နည်းနည်း လိုနေတော့ ဝဲစွဲနေတဲ့ လက်နဲ့ ကြံရည်ဖတ်ကို ညှစ်ချလိုက်တယ်’’ဟု မသန့်ရှင်းသည့် ကြံရည်
တစ်ခွက် ထွက်လာပုံကို သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောပြသည်။
လမ်းဘေးဈေးသည်နှင့် စားသောက်ဆိုင်များ ကျန်းမာရေးနှင့် ညီညွတ်သည့် ချက်ပြုတ်ပြင်ဆင် ရောင်းချရန် ပညာပေးမှုပိုင်းတွင် အားနည်းနေသေးကြောင်း ဒေါက်တာဝင်းလွင်က ဆိုသည်။ လမ်းဘေး ဈေးသည်များအား ပညာပေးရာတွင် ကျန်းမာရေးဌာန တစ်ခုတည်းမကဘဲ မြို့တော်စည်ပင်နှင့် နှီးနွှယ်သည့် ဌာနဆိုင်ရာများ၊ အရပ်ဘက်စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ စားသုံးသူများ အနေဖြင့် လမ်းဘေး အစားအသောက်များ၏ အန္တရာယ်ကို သိရှိပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာကို ရွေးချယ်စားသုံးရန် လိုအပ်လှသည်။
အကယ်၍ အစာစားသုံးပြီးနောက် မိနစ်ပိုင်းမှ ရက်ပိုင်းအတွင်း အစာအဆိပ်သင့်ခြင်း လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက် ကုသရန် လိုအပ်သည်။ အစာအဆိပ်သင့်ပါက မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း၊ အရည်ဝမ်းသွားခြင်း၊ ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ယားယံခြင်း၊ မျက်စိပြာဝေခြင်း စသည့် လက္ခဏာများ ခံစားရတတ်သည်။ သွေးပေါင်ချိန်ကျခြင်း၊ တက်ခြင်း၊ ချွေးထွက်
များခြင်း၊ သတိလစ်ခြင်း တို့ဖြစ်ပွားပြီး အသက်ဆုံးရှုံး နိုင်သောကြောင့် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ချက်ချင်း ဆေးကုသမှု ခံယူသင့်သည်။
အစာအဆိပ်သင့် ဖြစ်ပွားမှုကို ကာကွယ်ရန်မှာ သန့်ရှင်း လတ်ဆတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အသားများကို ရွေးချယ်စားသုံးသင့်ပြီး ရက်လွန် အစားအစာများ၊ ပုပ်သိုးနေသည့် အစားအစာနှင့် အမှည့်လွန်နေသည့်
သစ်သီးများ၊ သံချေးတက် ပုံပျက်နေသော စည်သွတ်ဘူးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်သည်။ အိမ်သာ အသုံးပြုပြီးချိန်နှင့် အစားမစားမီ၌ လက်ကို ဆပ်ပြာဖြင့် သေချာ ဆေးကြောရန်၊ အသီးအရွက်နှင့် သားငါး များကို ကျက်အောင် ချက်ပြုတ် စားသောက်ရန် လိုအပ်သလို လတ်တလော မစားဖြစ်သေးပါက ရေခဲသေတ္တာထဲတွင် အပူချိန် ၅ ဒီဂရီအောက်၌ သိမ်းဆည်း သိုလှောင် ထားရန်နှင့် ပြန်လည် စားသုံးမည် ဆိုပါက အပူချိန် ၆၀ ဒီဂရီစင်တီဂရိတ် အထက်၌ ပြန်နွှေး၍ စားသုံးရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
‘‘အသားငါး လှီးဖြတ်ရာမှာ အသုံးပြုတဲ့ ဓားနဲ့ စဉ်းတီတုံးတွေကို သတ်သတ်စီ ခွဲခြား အသုံးပြုဖို့ လိုတယ်။ ရေဘုံပိုင်၊ ရေနဲ့ အသားငါးတွေကို ဒီအတိုင်း ဆေးချတာမျိုး မလုပ်ရဘူး။ ရေဇလုံထဲ ထည့်ပြီးမှ ဆေးရမယ်။ မီးဖိုချောင်ကိုလည်း သပ်ရပ် သန့်ရှင်းအောင် ထားရမယ်’’ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။
ကြွက်နှင့် ယင်များ မခိုအောင်းနိုင်စေရန် မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်စွာ ထားသင့်ပြီး စားကြွင်းစားကျန်များ ထည့်ထားသော အမှိုက်ပုံးကို သန့်ရှင်းသပ် ရပ်စွာထားရန် လိုအပ်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ လူနာများ အနေဖြင့် အစားအစာများ ကိုင်တွယ်ချက်ပြုတ်ခြင်း မပြုရန် နှင့် အမျိုးအမည်မသိသော၊ မစားသောက်ဖူးသော မှို၊ သစ်သီးသစ်ဖုနှင့် ပင်လယ်စာများကို သတိထား၍ စားသောက်သင့်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး
ဌာနခွဲ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
No comments:
Post a Comment